
တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာ့ရေနံစျေးနှုန်းဟာ ၅ ရာခိုင်နှုန်းအထိ တက်သွားခဲ့ပြီး အစ္စရေးအပေါ် ပထမအကျော့ တိုက်ခိုက်မှုတွေ ပြီးဆုံးသွားပြီလို့ အီရန်စစ်တပ်က ပြောလိုက်တဲ့အချိန်မှာတော့ ရေနံစျေး ပြန်ကျသွားခဲ့ပါတယ်။
၉၊ ဇွန်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တောင်းဆိုချက်ကြောင့် အီရန်နဲ့ အစ္စရေးတို့ဟာ တဘက်နဲ့တဘက် တိုက်ခိုက်နေတာတွေကို ရပ်တန့်လိုက်ပြီလို့ ဇွန်လ ၈ ရက်၊ တနင်္လာနေ့မှာ ပြောပါတယ်။
ဒါပေမဲ့ အစ္စရေးအနေနဲ့ လက်ဘနွန်နိုင်ငံထဲက ဟစ်ဇ်ဘိုလာတွေကို ဆက်တိုက်နေမယ်ဆိုရင်တော့ စစ်ရေးအရ ပြန်တုံ့ပြန်သွားမယ်လို့ အီရန်အစိုးရက သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ လပိုင်းက နှစ်နိုင်ငံကြား အပြန်အလှန် တိုက်ရိုက်ပဋိပက္ခဖြစ်ပွားမှုဟာ သုံးလကျော်ကြာနေပြီဖြစ်တဲ့ စစ်ပွဲကိုအဆုံးသတ်ဖို့ တီဟီရန်နဲ့ သဘောတူညီချက်ရအောင် ကြိုးပမ်းနေတဲ့ ဝါရှင်တန်ရဲ့ အားထုတ်မှုတွေကို ပျက်ပြားစေမယ့် အန္တရာယ်ရှိနေပါတယ်။
တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ကမ္ဘာ့ရေနံစျေးနှုန်းဟာ ၅ ရာခိုင်နှုန်းအထိ တက်သွားခဲ့ပြီး အစ္စရေးအပေါ် ပထမအကျော့ တိုက်ခိုက်မှုတွေ ပြီးဆုံးသွားပြီလို့ အီရန်စစ်တပ်က ပြောလိုက်တဲ့အချိန်မှာတော့ ရေနံစျေး ပြန်ကျသွားခဲ့ပါတယ်။
အမေရိကန်ဒေါ်လာစျေးကလည်း နှစ်လနီးပါးအတွင်း အမြင့်ဆုံးအဆင့်ကနေ ပြန်ကျသွားခဲ့ပါတယ်။ အဆိုပါ ကိစ္စနဲ့ပတ်သက်လို့သိရှိထားတဲ့ သတင်းမြစ်တခုရဲ့ အဆိုအရ အစ္စရေးဘက်ကလည်း အီရန်အပေါ် တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
ဘေရွတ်မြို့ ဆင်ခြေဖုံးရပ်ကွက်တွေမှာရှိတဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့အပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ တနင်္ဂနွေနေ့ ညနှောင်းပိုင်းမှာ အီရန်ဘက်က အစ္စရေးပိုင်နက်ထဲကို ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးဘက်ကလည်း အီရန်ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေ ထုတ်လုပ်ရာမှာ သုံးတယ်လို့ဆိုတဲ့ ရေနံဓာတုစက်ရုံတခုကို တိုက်ခိုက်ခဲ့ပါတယ်။
အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကတော့ ဟိုင်ဖာမြို့မှာရှိတဲ့ အလားတူ အစ္စရေးစက်ရုံတခုကို ပစ်မှတ်ထားပြီး လက်တုံ့ပြန် တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ နှစ်ဘက်စလုံးက အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ လူသေဆုံးမှုသတင်းတွေတော့ မရှိပါဘူး။
အခုနောက်ဆုံး အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့ စတင်ခဲ့တဲ့ စစ်ပွဲကိုအဆုံးသတ်ဖို့ ထရမ့်ရဲ့ ကြိုးပမ်းမှုကို ပိုပြီး ရှုပ်ထွေးသွားစေပါတယ်။
ဧပြီ ၈ ရက်က ကြေညာခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကြောင့် စစ်ပွဲကြီးတခုလုံး ခေတ္တရပ်တန့်သွားခဲ့ပေမဲ့ ပင်လယ်ကွေ့ဒေသတွင်းမှာတော့ ပဋိပက္ခတွေ ဆက်ပြီး ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ အစ္စရေးနဲ့ အီရန် နှစ်နိုင်ငံစလုံးဟာ ချက်ချင်း အပစ်အခတ်ရပ်စဲရေးကို လိုချင်နေကြတယ်လို့ ထရမ့်က ပြောပါတယ်။
“ငြိမ်းချမ်းရေးအတွက် နောက်ဆုံးအဆင့် ဆွေးနွေးပွဲတွေ ဆက်လုပ်နေပါတယ်၊ မသိနားမလည်မှု ဒါမှမဟုတ် မိုက်မဲမှုတွေကပဲလမ်းမှာ လာပြီး အဟန့်အတား မဖြစ်ဖို့ပဲ လိုတယ်”လို့ သူက လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။
ထရမ့်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုတို့ တနင်္လာနေ့မှာ စကားပြောခဲ့ကြတယ်လို့ အမေရိကန်နဲ့ အစ္စရေး အရာရှိတွေက ပြောပါတယ်။
တနင်္လာနေ့က ထုတ်ဝေခဲ့တဲ့ Axios သတင်းဌာနနဲ့ အင်တာဗျူးမှာ ထရမ့်က ပြောရာမှာတော့ အစ္စရေးခေါင်းဆောင်အနေနဲ့ အီရန်နဲ့ စစ်ပွဲကို ပြန်စမယ်ဆိုရင် တယောက်တည်း တိုက်ရမယ့် အခြေအနေမျိုး ကြုံရနိုင်တယ်လို့ နေတန်ညာဟုကို သတိပေးခဲ့ကြောင်းထည့်သွင်းပြောထားပါတယ်။
“ကျွန်တော်က ဘီဘီ (နေတန်ညာဟုရဲ့ နာမည်ပြောင်)၊ မင်း သတိထားရင် ပိုကောင်းမယ်၊ မဟုတ်ရင် မကြာခင် မင်းတယောက်တည်း ဖြစ်သွားလိမ့်မယ်လို့ ပြောခဲ့တယ်”လို့ ထရမ့်က ဆိုပါတယ်။
အမေရိကန်ဆိုင်ရာ အစ္စရေးသံအမတ်ကြီး ယာချီရယ် လိုက်တာကတော့ ထရမ့်က နေတန်ညာဟုကို ဖိအားပေးခဲ့တယ်ဆိုတဲ့သတင်းတွေကို ငြင်းဆိုလိုက်ပြီး ခေါင်းဆောင်နှစ်ဦးကြား ဆွေးနွေးမှုတွေဟာ ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့တယ်လို့ Fox News ရဲ့“Special Report” အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဂျာနယ်လစ်တွေဟာ လွဲမှားတဲ့ ပုံဖော်မှုမျိုးလုပ်ပြီး သတင်းကို ပုံကြီးချဲ့နေကြတယ်လို့လည်း သူက စွပ်စွဲခဲ့ပါတယ်။
“သူတို့မှာ နှစ်ပေါင်း ၄၀ လောက်ရှိပြီဖြစ်တဲ့ နက်ရှိုင်းတဲ့ ချစ်ကြည်ရေး ရှိပါတယ်။ တခါတလေ ချစ်သူတွေတောင် စကားများတတ်ကြတာပဲ၊ အဲဒီလိုပဲ ဆွေးနွေးတဲ့အခန်းထဲမှာရော စကားပြောတဲ့နေရာမှာပါ တင်းမာမှုတွေ ရှိပြီး နည်းနည်း အခြေအတင်ဖြစ်သွားတာမျိုးတော့ ရှိနိုင်ပါတယ်” လို့ လိုက်တာက ပြောပါတယ်။
အစ္စရေးစစ်ဘက်အရာရှိတဦးကတော့ အစ္စရေးအနေနဲ့ စစ်ဆင်ရေးတွေကို လိုအပ်သလောက် အချိန်အထိ ဆက်လုပ်သွားဖို့အသင့်ရှိတယ်လို့ ပြောထားပြီး အီရန်အရာရှိတွေဘက်ကလည်း အလားတူပဲ အလျှော့မပေးတဲ့လေသံမျိုး ပြသခဲ့ပါတယ်။
Tasnim သတင်းအေဂျင်စီက ကိုးကားဖော်ပြတဲ့ စစ်ဘက်သတင်းမြစ်တခုရဲ့ အဆိုအရ တီဟီရန်ဟာ ရေရှည်ပဋိပက္ခအတွက်အသင့်ရှိနေပြီး ဒေသတွင်းက အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို ပြန်ပြီး တိုက်ခိုက်သွားနိုင်တယ်လို့ ဆိုပါတယ်။
Ref – CNA