ကင်ဂျုံအွန်းနဲ့ ရှီကျင့်ဖျင် မြောက်ကိုရီးယားမှာ တွေ့မယ်

ရှီရဲ့ ခရီးစဉ်ဟာ တရုတ်နဲ့ မြောက်ကိုရီးယားအကြား ချစ်ကြည်ရေးနဲ့ အပြန်အလှန် ကူညီစောင့်ရှောက်ရေးစာချုပ် ချုပ်ဆိုခဲ့တဲ့ ၆၅ နှစ်ပြည့် အထိမ်းအမှတ်မတိုင်ခင် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

 

၈၊ ဇွန်။

 

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ သူ့ရဲ့ မဟာမိတ် ဆက်ဆံရေးကို ပြန်လည်ဦးမော့လာစေဖို့ မျှော်လင့်ချက်နဲ့ ဒီကနေ့ တနင်္လာနေ့မှာ မြောက်ကိုရီးယားနိုင်ငံကို နှစ်ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်မှာဖြစ်ပြီး ဒါဟာ သူ့အတွက်ခုနစ်နှစ်နီးပါး ကာလအတွင်း ပထမဆုံးအကြိမ် သွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

 

ရှီဟာ ပြုံယမ်းမြို့မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

မြောက်ကိုရီးယားဟာတရုတ်ရဲ့ တခုတည်းသော တရားဝင် စာချုပ်ချုပ်ဆိုထားတဲ့ မဟာမိတ်နိုင်ငံ ဖြစ်ပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကုန်သွယ်မှုတွေ လုံးဝနီးပါး ရပ်ဆိုင်းသွားတာနဲ့ ပြုံယမ်းဘက်က ရုရှားနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေး ရှိလာတာတွေကြောင့် မကြာသေးခင် နှစ်တွေအတွင်း သူတို့ရဲ့ ဆက်ဆံရေးဟာ တင်းမာမှုတွေ ရှိခဲ့ပါတယ်။

 

ရှီရဲ့ ခရီးစဉ်ဟာ တရုတ်နဲ့ မြောက်ကိုရီးယားအကြား ချစ်ကြည်ရေးနဲ့ အပြန်အလှန် ကူညီစောင့်ရှောက်ရေးစာချုပ် ချုပ်ဆိုခဲ့တဲ့ ၆၅ နှစ်ပြည့် အထိမ်းအမှတ်မတိုင်ခင် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အဆိုပါ စာချုပ်ဟာအခုထက်ထိ တရုတ်နိုင်ငံအနေနဲ့ တခြားနိုင်ငံတခုနဲ့ ချုပ်ဆိုထားတဲ့ တခုတည်းသော ကာကွယ်ရေး သဘောတူညီချက်လည်း ဖြစ်ပါတယ်။

 

၁၉၅၀ ပြည့်လွန်နှစ်တွေရဲ့ အစောပိုင်း ကိုရီးယားစစ်ပွဲတုန်းက တရုတ်နဲ့ မြောက်ကိုရီးယား စစ်သားတွေဟာတောင်ကိုရီးယားကို ဆန့်ကျင်ပြီး တဘက်တည်းကနေ အတူတူ တိုက်ခိုက်ခဲ့ကြပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ   လတ်တလောမှာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ   ပိုရှိနေပါတယ်။

မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားအတွက် တိုက်ခိုက်ပေးဖို့ စစ်သား ၁၀,၀၀၀ ကျော်စေလွှတ်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ မော်စကိုနဲ့ ပြုံယမ်းတို့ဟာ အပြန်အလှန် ကာကွယ်ရေးစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

 

မူဝါဒရေးရာလေ့လာဆန်းသစ်တဲ့အဖွဲ့ Asia Society ရဲ့ အဆင့်မြင့်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဂျွန် ဒီလူရီက “မြောက်ကိုရီးယားရဲ့ ဝါဒဖြန့်မှုတွေထဲမှာ စစ်ပွဲတခုကို အတူတူတိုက်ရင်း ဖြစ်ပေါ်လာတဲ့ ရုရှားနဲ့ ရင်းနှီးမှုကို အရမ်းကိုလွန်လွန်ကဲကဲ ချီးမွမ်းခန်းဖွင့်ထားတာတွေ ရှိပါတယ်။

တရုတ်နဲ့ကျတော့ အတိတ်ကအကြောင်းတွေကိုလွမ်းဆွတ်တမ်းတတဲ့ သဘောမျိုး ဖြစ်နေတယ်” လို့ ပြောပါတယ်။

 

“သူတို့ (တရုတ်) အနေနဲ့ မြောက်ကိုရီးယားရဲ့ ရုရှားနဲ့ ရင်းနှီးမှုဟာ တရုတ်နဲ့ရှိတဲ့ ဆက်ဆံရေးထက် အများကြီးသာလွန်သွားတာမျိုးကို မဖြစ်စေချင်ဘူး” လို့လည်း သူက ဆိုပါတယ်။

 

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ဘေကျင်းမှာ ကျင်းပခဲ့တဲ့ စစ်ရေးပြအခမ်းအနားမှာ ရှီ၊ ကင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ဟာ ဘေးချင်းယှဉ်ပြီး ရပ်နေခဲ့ကြပါတယ်။ အဆိုပါပွဲဟာ အာဏာရှင်တွေဦးဆောင်မယ့် ကမ္ဘာ့အစီအစဉ်သစ်ရဲ့ ခေါင်းဆောင်လောင်းတွေအဖြစ် အင်အားပြသခဲ့တာ ဖြစ်ပါတယ်။

 

ဒါပေမဲ့ ကန့်လန့်ကာနောက်ကွယ်မှာတော့ ဒီလူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေကို ထိန်းသိမ်းဖို့အတွက် နုနယ်တဲ့ အခြေအနေကို ဟန်ချက်ညီအောင် ထိန်းကျောင်းနေရပါတယ်။ ရုရှားနဲ့ မြောက်ကိုရီးယားတို့ထက်စာရင် တရုတ်ဟာ အနည်းဆုံး ကုန်သွယ်မှုပိုင်းမှာတော့ အမေရိကန်နဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို ဆက်ပြီး ထိန်းထားချင်ပါသေးတယ်။

 

ရှီရဲ့ ပြုံယမ်းခရီးစဉ်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဘေကျင်းကို လာရောက်ခဲ့ပြီးနောက် တလတောင်မပြည့်ခင်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဆိုပါ ထိပ်သီးအစည်းအဝေးကို တရုတ်ဘက်က တင်းမာနေတဲ့အမေရိကန်-တရုတ် ဆက်ဆံရေးကို ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်တာလို့ ပုံဖော်ခဲ့ပါတယ်။

ထရမ့်နဲ့ ရှီတို့ရဲ့ ထိပ်သီးအစည်းအဝေးမှာ ထင်သာမြင်သာရှိတဲ့ ရလဒ်တွေ သိပ်မထွက်ခဲ့ပေမဲ့လည်း အမေရိကန်သမ္မတက  ရှီနဲ့ မြောက်ကိုရီးယားအရေး ဆွေးနွေးခဲ့တယ်လို့ နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။

 

ထရမ့်အနေနဲ့ ကင်ဆီကို သတင်းစကား တခုခု ပါးပေးဖို့ ရှီကို တောင်းဆိုခဲ့နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်အချို့လည်း ရှိနေပါတယ်။

 

အခုခရီးစဉ်ဟာ ရှီအတွက် ပြည်ပခရီးစဉ်တခု ဖြစ်တာကြောင့်လည်း သတိပြုစရာ ဖြစ်ပါတယ်။ မကြာသေးခင်လတွေအတွင်းမှာ သူဟာ ကမ္ဘာ့ခေါင်းဆောင် တော်တော်များများကို ဧည့်ခံခဲ့ပြီး အခုနောက်ပိုင်းမှာ ကပ်ရောဂါမတိုင်ခင်ကထက်စာရင် နိုင်ငံတကာကို သွားလာတာ နည်းပါးလာခဲ့ပါတယ်။

သူ မြောက်ကိုရီးယားကိုသွားဖို့ လိုလိုလားလား ရှိနေတာဟာ တရုတ်ရဲ့ မဟာမိတ်နိုင်ငံဟာ ဘေကျင်းကနေ လေယာဉ် ဒါမှမဟုတ်ရထားနဲ့ဆို ခရီးတိုလေးပဲ ရှိတာကို ပြသနေသလို နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ အရေးပါမှုကိုလည်း ထင်ဟပ်နေပါတယ်။

 

နောက်ထပ် မူဝါဒရေးရာ လေ့လာဆန်းစစ်ရေးအဖွဲ့ Crisis Group ရဲ့ အဆင့်မြင့်လေ့လာဆန်းစစ်သူ ဝီလျံယန်းက “အိုင်အေ စနစ်သုံး လမ်းညွှန်ဒုံးကျည်တွေကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်ဆိုတဲ့ ကြေညာချက်အပါအဝင် မကြာသေးခင်က မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှု လှိုင်းလုံးတွေကို ထောက်ပြရရင် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပိုမိုမြင့်တက်မလာအောင် တားဆီးဖို့အတွက် ရှီအနေနဲ့ ပြုံယမ်းကိုကိုယ်တိုင်ကိုယ်ကျ သွားရောက်ဖို့ လိုအပ်တယ်လို့ မြင်ပုံရပါတယ်” လို့ ပြောပါတယ်။

 

Ref – The Guardian