ဖိလစ်ပိုင်တောင်ပိုင်းကမ်းလွန်မှာ ပမာဏ ၇.၈ ရှိတဲ့ အင်အားပြင်းငလျင်တခု လှုပ်ခတ်သွားပြီး ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်

ပစိဖိတ်ဆူနာမီသတိပေးစင်တာက ထုတ်ပြန်ချက်တခုမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ပလောင်း၊ တိုင်ဝမ်နဲ့ ပါပူအာနယူးဂီနီကမ်းရိုးတန်းတလျှောက်မှာ နောက်ထပ် သုံးနာရီအတွင်း ဆူနာမီလှိုင်းတွေ ရိုက်ခတ်နိုင်ခြေရှိတယ်လို့ ပြောထားပါတယ်။

 

၈၊ ဇွန်။

 

ဇွန်လ ၈ ရက်၊ ဒီနေ့မနက်က ဖိလစ်ပိုင်တောင်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား  ၇.၈ မဂ္ဂနီကျုဒ့် ရှိတဲ့ ငလျင်ကြောင့် အနည်းဆုံး လူတဦးသေဆုံးပြီး အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် ဒေသတွင်းမှာ ဆူနာမီသတိပေးချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

 

ကမ်းလွန်ငလျင်ဟာ မင်ဒါနာအိုကျွန်း၊ ဆာရန်ဂါနီပြည်နယ်ရဲ့ အနောက်ဘက် ၂၄ ကီလိုမီတာအကွာ၊ အနက် ၃၅ ကီလိုမီတာကိုဗဟိုပြုပြီး လှုပ်ခတ်သွားတာလို့ အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) က ပြောပါတယ်။

 

Facebook ပေါ်မှာ ပျံ့နှံနေတဲ့ ဗီဒီယိုတွေထဲမှာ အဆိုပါ ပြည်နယ်ရဲ့ ဂျင်နရယ်ဆန်းတို့စ်မြို့က Jollibee စားသောက်ဆိုင်ပါတဲ့ ဈေးဝယ်စင်တာတခု အပျက်အစီးပုံအဖြစ် ပြိုကျပျက်စီးသွားတာကို တွေ့ရပြီး နောက်ဗီဒီယိုတခုမှာတော့ ဒေသတွင်းကျောင်းဝင်းတခုထဲက အဆောက်အအုံတခု ပြိုကျပျက်စီးနေတာကို တွေ့ရပါတယ်။

 

“ဘုရားသခင်ရေ၊ တကယ်ကြီး ပြိုကျသွားပြီ။ တကယ်ကြီး ပြိုကျသွားပြီ။ အဆောက်အအုံကြီး တကယ်ကြီး ပြိုကျသွားပြီ”လို့ လူတဦးက အော်ဟစ်နေသံကိုလည်း ကြားရပါတယ်။

 

ဂျင်နရယ်ဆန်းတို့စ်မြို့ ရဲတပ်ဖွဲ့က တပ်ကြပ်ကြီး ရောဘတ် ဒါဂွန်က နေအိမ်တွေအပါအဝင် “အဆောက်အအုံတော်တော်များများပြိုကျပျက်စီးသွားတယ်” လို့ ပြောပါတယ်။

 

သူက “အဆောက်အအုံတော်တော်များများ ထိခိုက်သွားပေမဲ့ အခုလောလောဆယ် ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေတာမို့ စာရင်းအတိအကျ မပြောနိုင်သေးဘူး” လို့ AFP သတင်းဌာနကို ပြောခဲ့ပြီး အနည်းဆုံး လူတဦး သေဆုံးကာ လေးဦးဒဏ်ရာရထားတယ်ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။

ပစိဖိတ်ဆူနာမီသတိပေးစင်တာက ထုတ်ပြန်ချက်တခုမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ပလောင်း၊ တိုင်ဝမ်နဲ့ ပါပူအာနယူးဂီနီကမ်းရိုးတန်းတလျှောက်မှာ နောက်ထပ် သုံးနာရီအတွင်း ဆူနာမီလှိုင်းတွေ ရိုက်ခတ်နိုင်ခြေရှိတယ်လို့ ပြောထားပါတယ်။

 

ဂျပန်အာဏာပိုင်တွေကလည်း သူတို့ရဲ့ ပစိဖိတ်ကမ်းရိုးတန်း နေရာတော်တော်များများအတွက် ဆူနာမီသတိပေးချက် သီးခြားထုတ်ပြန်ခဲ့ပြီး ဒေသစံတော်ချိန် မနက် ၁၁ နာရီခွဲ (စင်ကာပူစံတော်ချိန် မနက် ၁၀ နာရီခွဲ) ကစလို့ ဒေသအသီးသီးမှာ အမြင့် တမီတာအထိရှိတဲ့ လှိုင်းတွေ ရိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံကတော့ ငလျင်လှုပ်ခတ်ပြီးနောက် မြောက်ပိုင်းဒေသတွေမှာ ဆူနာမီဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

 

မင်ဒါနာအိုကျွန်းရဲ့ ဒါဗာအိုမြို့က ဒေသတွင်းသဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူတဦးကတော့ အာဏာပိုင်တွေအနေနဲ့အခြေအနေကို စောင့်ကြည့်နေပြီး နောက်ဆုံးရအခြေအနေတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးသွားမယ်လို့ပဲ ပြောပါတယ်။

 

ဂျပန်နိုင်ငံကနေ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသတခုလုံးကို ဖြတ်သန်းသွယ်တန်းနေပြီး ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုတွေဖြစ်တတ်တဲ့ ပစိဖိတ်မီးကွင်းဒေသပေါ်မှာ တည်ရှိနေတာကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ ငလျင်လှုပ်တာဟာ နေ့စဉ်လိုလို ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတခု ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း မင်ဒါနာအို အရှေ့ပိုင်းမှာ ပမာဏ ၇.၄ နဲ့ ၆.၇ ရှိတဲ့ ငလျင်နှစ်ခု ဆက်တိုက်လှုပ်ခတ်ခဲ့လို့အနည်းဆုံး လူရှစ်ဦး သေဆုံးခဲ့ပါသေးတယ်။

 

အစိုးရရဲ့ စာရင်းဇယားတွေအရ အဲဒီမတိုင်ခင် ရက်ပိုင်းအလိုကလည်း ဖိလစ်ပိုင်အလယ်ပိုင်း ဆီဗူးပြည်နယ်မှာ ပမာဏ ၆.၉ ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့လို့ လူ ၇၆ ဦး သေဆုံးခဲ့ပြီး နေအိမ်ပေါင်း ၇၂,၀၀၀ ပျက်စီး ဒါမှမဟုတ် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

Ref – AFP