
“အခုရက်ပိုင်း စခန်းတွေ ရတာများတယ်။ ၃၄၄ နားမှာ နှစ်ခု ဒီရက်ပိုင်းကရတာ။ ပြီးရင် သာပေါင်းဘက်မှာလည်း စခန်းရတာ ရှိတယ်။ အဲဒီဘက်က စခန်းအရေအတွက်တွေ သေချာတော့ မသိရသေးဘူး”
၆၊ ဇွန်။
ဧရာ၀တီတိုင်း ရေကြည်မြို့နယ်နဲ့ သာပေါင်းအစပ် ရိုးမတောင်ပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး တပတ်ကျော်ကြာတိုက်ပွဲအတွင်း စစ်တပ်ဘက်က တရာဝန်းကျင် သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
“ရခိုင်ဘက်ကို စစ်ကြောင်းထိုးဖို့ လုပ်တဲ့ကောင်တွေနဲ့ ကိုယ့်လူတွေ ဖြစ်ကြတာ။ တိုက်ပွဲထဲမှာရော၊ မိုင်းထိတာ ရော မရှိဘူးဆိုရင်တောင် တရာလောက်ရှိပြီ ခွေးတွေဘက်က သေတာ။ အလောင်းရတာလည်း ရှိတယ်။ မရတာ လည်း ရှိတယ်။ အရာရှိလည်း ပါတယ်” လို့ စစ်ရေးနဲ့ နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။
မြောက်စမ်း အမတ ၃၄၄ တိုက်ပွဲမှာ အထိနာနေတဲ့ စစ်တပ်ဟာ သာပေါင်းနဲ့ ရေကြည်အစပ်ရှိ သရက်ကုန်း၊ ဘုရားကြီး၊ သောင်တန်း၊ မရမ်းချို၊ ဝါးတောကွင်းစတဲ့ ကျေးရွာတွေဆီ စစ်ကြောင်းနေတာ ဖြစ်ပြီး အဲဒီစစ်ကြောင်းတွေကို အာရက္ခတပ်တော်နဲ့ ဒေသခံ တော်လှန်ရေး ပူးပေါင်းအဖွဲ့က ဖြတ်တောက်၊ တိုက်ခိုက်နေတာပါ။
အင်အားသုံးရာကျော်ပါတဲ့ အဲဒီစစ်ကြောင်းဟာ အထိနာနေတာကြောင့် ကျုံပျော်တပ်ရင်းကနေ စစ်ကူထပ်ပို့နေရ တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
ဒါ့အပြင် မြောက်စမ်း အမတ ၃၄၄ အနီးတိုက်ပွဲအတွင်းမှာလည်းတပ်စခန်းနှစ်ခုကို တော်လှန်ရေး တပ်ဖွဲ့တွေဘက်က ဒီရက်ပိုင်းအတွင်း သိမ်းပိုက်လိုက်တယ်လို့ AA နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“အခုရက်ပိုင်း စခန်းတွေ ရတာများတယ်။ ၃၄၄ နားမှာ နှစ်ခု ဒီရက်ပိုင်းကရတာ။ ပြီးရင် သာပေါင်းဘက်မှာလည်း စခန်းရတာ ရှိတယ်။ အဲဒီဘက်က စခန်းအရေအတွက်တွေ သေချာတော့ မသိရသေးဘူး” လို့ သူကပြောပါတယ်။
စစ်တပ်ဟာ သာပေါင်းလမ်းကနေတဆင့် ရခိုင်ပြည်နယ်တောင်ပိုင်းဘက်ဆီ စစ်ကြောင်းထိုးဖို့ ကြိုးစား နေသလို အင်္ဂပူမြို့နယ် ကွင်းကောက်ဘက် ရိုးမပေါ် သစ်ထုတ်လမ်းကနေလည်း စစ်ကြောင်းထိုးနေကာ တိုက်ပွဲ တွေဖြစ်နေကြပါတယ်။
ဧရာ၀တီတိုင်းအတွင်းက လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည်၊ သာပေါင်းမြို့နယ်တို့မှာ စစ်တပ်ဘက်က လက်လွှတ်ထားရတဲ့ နေရာတွေကို ပြန်လည်သိမ်းပိုက်ဖို့ အင်အားအလုံးအရင်းနဲ့ ကြိုးစားနေပေမယ့် ရှေ့မတိုးနိုင်ပဲ တပ်ပြန်ဆုတ်နေကြရတာ ဖြစ်ပါတယ်။
“AA ကတော့ တိုက်ပွဲတွေ နေရာတိုင်းမှာ လုပ်နေတယ်။ ရှေ့ဆက်တိုက်ပွဲပြင်းလာဖို့ပဲ ရှိတယ်။ နောက်ဆုတ်ဖို့ မရှိဘူး။ နားဖို့လည်း မရှိဘူး” လို့ ဒေသတွင်း တိုက်ပွဲတွေနဲ့ ပက်သက်လို့ AA နဲ့ နီးစပ်တဲ့ နောက်ထပ် သတင်းရင်းမြစ်တဦးက ပြောပါတယ်။
ဧရာ၀တီတိုင်းအတွင်း တိုက်ပွဲတွေ ရှိနေသလို စစ်တပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးရတာ၊ သူတို့ရဲ့ တောင်ယာ၊ စိုက်ခင်းတွေ မလုပ်နိုင်တာ၊ စားနပ်ရိက္ခာ၊ ဆေးဝါး လိုအပ်တာ စတဲ့အခက်အခဲတွေလည်း ကြုံနေကြရတယ်လို့ သိရပါတယ်။