
အစိုးရအနေနဲ့ သူတို့ရဲ့ အလုပ်သမားရေးရာ တောင်းဆိုချက်တွေကို မလိုက်လျောဘူးဆိုရင်ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပနေစဉ်အတွင်းမှာပါ ဆက်လက်ဆန္ဒပြသွားမယ်လို့ ခြိမ်းခြောက်ခဲ့ကြပါတယ်။
၄၊ ဇွန်။
ကမ္ဘာ့ဖလားဖွင့်ပွဲ ပွဲစဉ်စတင်ဖို့ ရက်ပိုင်းအလိုဖြစ်တဲ့ ဇွန်လ ၃ ရက်၊ ဗုဒ္ဓဟူးနေ့ မှာ မက္ကဆီကိုနိုင်ငံက ဆန္ဒပြသူတွေဟာအစိုးရအဆောက်အအုံတခုကို စီးနင်းဝင်ရောက်ခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ သမ္မတ ကလော်ဒီယာ ရှိန်းဘမ်းက ဆန္ဒပြမှုတွေနဲ့ ပတ်သတ်လို့ “ထောင်ချောက်ထဲကို အကျမခံဘူး” လို့ အခိုင်အမာ ပြောကြားထားပါတယ်။
မက္ကဆီကိုစီးတီးရဲ့ အက်ဇ်တီကာ အားကစားကွင်းမှာ ဇွန် ၁၁ ရက်နေ့ကျရင် စတင်တော့မယ့် ကမ္ဘာ့အကြီးမားဆုံး ဘောလုံးပွဲတော်ကြီး မတိုင်ခင်မှာ အမျိုးသားပညာရေးဝန်ထမ်းများ ညှိနှိုင်းရေးအဖွဲ့ (CNTE) ကနေ ခွဲထွက်လာတဲ့ အဖွဲ့ဟာ ဆန္ဒပြမှုတွေ အကြီးအကျယ် ပြုလုပ်ခဲ့ကြပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ဆန္ဒပြသူတွေဟာ မြို့တော်မှာရှိတဲ့ ပညာရေးဝန်ကြီးဌာန ရုံးချုပ်ထဲကို အတင်းအဓမ္မ ဝင်ရောက်ဖို့အတွက် လမ်းမီးတိုင်တွေကို အသုံးပြုခဲ့ကြပါတယ်။
တိုက်ခိုက်ခံရတဲ့ ဝန်ကြီးဌာနက သတင်းအရင်းအမြစ်တွေရဲ့ ပြောကြားချက်အရ ဆန္ဒပြသူတွေဟာ လုံခြုံရေးဂိတ်တဲကို ဖျက်ဆီးခဲ့ကြပြီး ပြတင်းပေါက်မှန်တွေကို ရိုက်ခွဲခဲ့ကြတယ်လို့ သိရပါတယ်။
မက္ကဆီကို ရုပ်သံလိုင်းတွေမှာ ပြသခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေမှာတော့ အဆိုပါနေရာမှာ မီးလောင်မှုအနည်းငယ် ဖြစ်ပွားနေတာကို တွေ့ရပါတယ်။
အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အဆိုပါပြိုင်ပွဲကြီး မစတင်ခင် ရက်ပိုင်းအလိုမှာ ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းတဲ့ “ထောင်ချောက်ထဲကို အကျမခံဘူး” လို့ သမ္မတ ရှိန်းဘမ်းက ဗုဒ္ဓဟူးနေ့အစောပိုင်းမှာပြောကြားခဲ့ပါတယ်။
“သူတို့က ကမ္ဘာ့ဖလားပြိုင်ပွဲ နီးကပ်လာတဲ့အချိန်မှာ ကျွန်မတို့ကို အကြမ်းဖက်နှိမ်နင်းမှုတွေ လုပ်စေချင်နေကြတာပါ”လို့ သူမရဲ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပြီး အခုလိုမျိုး လုံးဝလုပ်မှာမဟုတ်ဘူးလို့ ကတိပြုခဲ့ပါတယ်။
အင်္ဂါနေ့မှာတော့ ဆန္ဒပြနေတဲ့ ဆရာ၊ ဆရာမတွေဟာ မြို့တော်ရဲ့ အဓိကလူသွားလမ်းပေါ်မှာရှိတဲ့ မြင့်မားတဲ့ ဘောလုံးသမားရုပ်တုတွေကို ဖြိုချခဲ့ကြပါတယ်။
ဒါ့အပြင် အစိုးရအနေနဲ့ သူတို့ရဲ့ အလုပ်သမားရေးရာ တောင်းဆိုချက်တွေကို မလိုက်လျောဘူးဆိုရင်ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပနေစဉ်အတွင်းမှာပါ ဆက်လက်ဆန္ဒပြသွားမယ်လို့ ခြိမ်းခြောက်ခဲ့ကြပါတယ်။
တနင်္လာနေ့တုန်းကတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပရိသတ်ဖျော်ဖြေရေးဇုန် တည်ဆောက်နေတဲ့ ဗဟိုဆိုကာလိုရင်ပြင်ဆီကို ဆန္ဒပြ ဆရာ၊ ဆရာမတွေ မရောက်ရှိနိုင်အောင် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ သုံးပြီး တားဆီးခဲ့ပါတယ်။
ဒါပေမဲ့ အင်္ဂါနေ့မှာ ဆန္ဒပြသူတွေက ငါးမီတာမြင့်တဲ့ ရုပ်တုတွေကို ဖြိုချတဲ့အချိန်မှာတော့ အာဏာပိုင်တွေဘက်က ဝင်ရောက်စွက်ဖက် တားဆီးတာမျိုး မလုပ်ခဲ့ပါဘူး။ သမ္မတ ရှိန်းဘမ်းကတော့ လစာတိုးမြှင့်ပေးဖို့နဲ့ ပင်စင်ဥပဒေကို ပယ်ဖျက်ပေးဖို့တောင်းဆိုနေတဲ့ ဆန္ဒပြသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းထားပါတယ်။
သူ့ရဲ့ အစိုးရအဖွဲ့ဟာ CNTE အဖွဲ့နဲ့ လစာ ကိုးရာခိုင်နှုန်း တိုးမြှင့်ပေးဖို့ သဘောတူထားပါတယ်။
ဒါပေမဲ့ အဆိုပါ ပမာဏဟာ ပညာရေးဝန်ထမ်းတွေ တောင်းဆိုနေတဲ့ လစာ ၁၀၀ ရာခိုင်နှုန်း တိုးမြှင့်ပေးရေးဆိုတဲ့ အချက်နဲ့အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။
မက္ကဆီကို အစိုးရစာသင်ကျောင်းက ဆရာ၊ ဆရာမ တဦးရဲ့ အခြေခံအကြမ်းဖျင်း တလစာဟာ အမေရိကန်ဒေါ်လာ ၉၆၇ ဒေါ်လာနဲ့ ညီမျှပါတယ်။
Ref – AFP