
“နေဗီက ပစ်တယ် တခါတလေ။ အမြဲတမ်း ပစ်တာတော့ မဟုတ်ဘူး။ ရေကြည်ဘက်ကို ပစ်တာများတယ်။ ဒီဘက်ရွာတွေမှာ စစ်စခန်းတွေ ချလာမှာကိုလည်း ကြောက်နေကြတယ် လူတွေက။ သူတို့ရောက်လာရင် ဟိုတောင်း၊ ဒီတောင်းတွေ ရှိလာတော့မှာလေ”
၄၊ ဇွန်။
သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်မြို့နယ်တို့အတွင်း ငဝန်မြစ်တလျှောက် စစ်တပ်ရဲ့ တိုက်ခိုက်ရေး သင်္ဘောတွေ၊ ဇက်ရေယာဉ်တွေနဲ့ ကင်းလှည့်သွားလာနေပြီး မြစ်အတွင်း ဖြတ်သန်းသွားလာနေတဲ့ အရပ်သား လှေ၊မော်တော်တွေ ဆီကနေ ငွေတောင်း၊ ခြိမ်းခြောက်တာတွေ လုပ်နေပါတယ်။
အဲဒီလို မြစ်ကြောင်းတလျှောက်မှာ စစ်တပ်သုံး ရေယာဉ် ဆယ်စီးဝန်းကျင်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကုန်တင်တဲ့လှေတွေဆီက ဆက်ကြေးကောက်တယ်။ တစီးကို ငါးသောင်း၊ အငယ်ဆိုရင် တသောင်း အဲဒီလို ကောက်နေတယ်။ အဓိကတော့ ဆန်တင်တဲ့လှေတွေ၊ မီးသွေးတင်တဲ့လှေတွေဆီကပေ့ါ တောင်းနေတာ။ ခရီးသွား တဲ့သူတွေကို ရပ်ခိုင်းပြီး ခြိမ်းခြောက်တာတွေ ရှိတယ်” လို့ သာပေါင်းမြို့မှ ဒေသခံတဦးက ပြောပါတယ်။
ခရီးသွားစက်လှေတွေ၊ ကုန်တင်စက်လှေတွေကို ငွေတောင်းတဲ့အပြင် ဒေသခံတော်လှန်ရေးတပ်တွေကို မထောက် ပံ့ဖို့၊ ထောက်ပံ့ခဲ့ရင် ဖမ်းဆီးမယ် စတဲ့ခြိမ်းခြောက်မှုတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ငဝန်မြစ်အတွင်း သွားလာနေတဲ့ စစ်သင်္ဘောတွေကနေ တခါတရံမှာ လက်နက်ကြီး ပစ်ခတ်တာတွေလည်း ရှိတာကြောင့် အနီးဝန်းကျင်မှ ဒေသခံတွေဟာ ထိတ်လန့်နေကြရပါတယ်။
လေးမျက်နှာမြို့နယ် အိုင်သပြု ဒေသခံတဦးက “နေဗီက ပစ်တယ် တခါတလေ။ အမြဲတမ်း ပစ်တာတော့ မဟုတ်ဘူး။ ရေကြည်ဘက်ကို ပစ်တာများတယ်။ ဒီဘက်ရွာတွေမှာ စစ်စခန်းတွေ ချလာမှာကိုလည်း ကြောက်နေကြတယ် လူတွေက။ သူတို့ရောက်လာရင် ဟိုတောင်း၊ ဒီတောင်းတွေ ရှိလာတော့မှာလေ” လို့ ပြောပါတယ်။
လက်ရှိမှာ ဧရာ၀တီတိုင်း ငသိုင်းချောင်းအနီး မြောက်စမ်းအမြောက်တပ် အမတ ၃၄၄ အနီးဝန်းကျင်၊ သာပေါင်း – ရွှေယောင်ယံ လမ်းတလျှောက် ရိုးမပေါ်နေရာတွေ၊ ပုသိမ် – မုံရွာလမ်းတလျှောက် ၊ လေးမျက်နှာ၊ အင်္ဂပူမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
အဲဒီလို ရိုးမတောင်ခြေတလျှောက် ငဝန်မြစ်အနောက်ဘက်ခြမ်း သာပေါင်း၊ ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူမြို့ နယ်တွေမှာ အာရက္ခတပ်တော်နဲ့ ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကို ရင်ဆိုင်နေရတဲ့ စစ်တပ်ဟာ တော်လှန်ရေး အဖွဲ့တွေ ငဝန်မြစ်အရှေ့ဘက်ခြမ်းဆီ မရောက်လာဖို့ အတွက် အခုလို စစ်သင်္ဘောတွေသုံးပြီး ကာကွယ် ထားတာဖြစ်နိုင်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
“တိုက်ပွဲက လေးမျက်နှာ၊ ရေကြည်မှာ ဖြစ်နေတာဆိုတော့ ငဝန်မြစ်ကျော်ရင် ဒီဘက် ပုသိမ် နတခဘက် ပေါက်ပြီ လေ။ အဲဒီလို စစ်ရေးထိုးဖောက် မလာနိုင်အောင် နေဗီတွေ ချထားတာ ထင်တယ်။ တလကျော်လောက်ရှိပြီ ငဝန်မြစ် ထဲမှာ နေဗီတွေ ရောက်နေတာ” လို့ လေးမျက်နှာဒေသခံ စစ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဧရာ၀တီတိုင်း ရှေ့တန်းစစ်မျက်နှာတွေမှာ အထိနာနေတဲ့ စစ်တပ်ဟာ အင်အား အများအပြား ဖြည့်တင်း နေသလို တပ်သားအပြောင်းအလဲ လုပ်တာတွေလည်း ရှိလာပြီး လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေပါ ပိုလုပ် နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဧရာ၀တီတိုင်းအတွင်း တိုက်ပွဲတွေ ရှိနေသလို စစ်တပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသ ခံတွေ တိမ်းရှောင်ထွက်ပြေးရတာ၊ သူတို့ရဲ့ တောင်ယာ၊ စိုက်ခင်းတွေ မလုပ်နိုင်တာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးလိုအပ် တာ စတဲ့အခက်အခဲတွေလည်း ကြုံနေကြရတယ်လို့ သိရပါတယ်။