အစ္စရေးနဲ့လက်ဘနွန် အပစ်အခတ်ရပ်စဲရေး သဘောတူညီ

သူတို့နှစ်ဘက်စလုံးဟာ ပြီးခဲ့တဲ့လက အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီခဲ့ကြပေမဲ့ တိုက်ခိုက်မှုတွေကတော့ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
၄၊ ဇွန်။
အစ္စရေးနဲ့ လက်ဘနွန်တို့ဟာ တိုက်ခိုက်မှုတွေကို အဆုံးသတ်ဖို့အတွက် အပစ်အခတ်ရပ်စဲရေးကိုအကောင်အထည်ဖော်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ထရမ့်အစိုးရအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောကြားပါတယ်။

အဆိုပါ သဘောတူညီချက်ဟာ အမေရိကန်-အစ္စရေးနဲ့ အီရန်တို့အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ပိုမိုကျယ်ပြန့်တဲ့ သဘောတူညီချက်တရပ် ရရှိရေး မျှော်လင့်ချက်တွေကို အားကောင်းစေခဲ့ပါတယ်။

အမေရိကန်နဲ့ ဘယ်လိုသဘောတူညီချက်မျိုးကိုမဆို ရယူဖို့အတွက် အစ္စရေးနဲ့ လက်ဘနွန်အကြား တိုက်ပွဲတွေရပ်တန့်ရေးကို အခြေခံစည်းကမ်းချက်တခုအဖြစ် တစိတ်တပိုင်း သတ်မှတ်ထားတဲ့ အီရန်ဟာ အစောပိုင်းက ကူဝိတ်နိုင်ငံကို တိုက်ခိုက်ခဲ့တာကြောင့် လေဆိပ် ပျက်စီးပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်စစ်တပ်က ဟော်မုဇ်ရေလက်ကြား အနီးမှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အစ္စရေး-လေဘနွန် အပစ်အခတ်ရပ်စဲရေးဟာ အီရန်လိုလားတဲ့ ဟစ်ဇ်ဘိုလာပြောက်ကျားအဖွဲ့ရဲ့ လုံးဝပစ်ခတ်မှုရပ်စဲရေးနဲ့ လီတာနီတောင်ပိုင်းဒေသကနေ သူတို့ရဲ့ တပ်ဖွဲ့ဝင်အားလုံး ဆုတ်ခွာရေးတို့အပေါ်မှာမူတည်နေတယ်လို့ ဝါရှင်တန်ဒီစီမှာ ဆွေးနွေးပွဲတွေ ပြုလုပ်ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်အရ သိရပါတယ်။

သူတို့နှစ်ဘက်စလုံးဟာ ပြီးခဲ့တဲ့လက အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီခဲ့ကြပေမဲ့ တိုက်ခိုက်မှုတွေကတော့ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

အီရန်ကို ထောက်ခံတဲ့အနေနဲ့ နယ်စပ်ကို ဖြတ်ကျော်ပစ်ခတ်ခဲ့တဲ့ဟစ်ဇ်ဘိုလာကို နှိမ်နင်းဖို့အတွက် အစ္စရေးက ပြီးခဲ့တဲ့ မတ်လမှာ လက်ဘနွန်နိုင်ငံတွင်းကို ကျူးကျော်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ကူဝိတ်နိုင်ငံနဲ့ ရေလက်ကြားအတွင်း တိုက်ခိုက်မှုတွေဟာ အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့အကြား မရေရာတဲ့အပစ်အခတ်ရပ်စဲရေးကို စမ်းသပ်တဲ့ နောက်ဆုံးဖြစ်ရပ်တွေဖြစ်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးနောက် သုံးလကျော်ကြာတဲ့အထိ အဆိုပါရေလက်ကြားရဲ့ အစိတ်အပိုင်းအများစု ပိတ်ဆို့ထားဆဲဖြစ်တာကြောင့် ရေနံစျေးနှုန်းတွေဟာလည်း ၂ရာခိုင်နှုန်းနီးပါး မြင့်တက်သွားခဲ့ပါတယ်။

အီရန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့် လေဆိပ်အဆောက်အအုံတွေနဲ့ သံတမန်ရေးရာရုံးတွေ ပျက်စီးခဲ့ပြီး လူတဦး သေဆုံးကာ အခြားလူ ၆၀ ကျော် ဒဏ်ရာရရှိခဲ့ပြီးနောက် ကူဝိတ်နိုင်ငံတကာလေဆိပ်ကလေကြောင်းခရီးစဉ်တွေကို ဆိုင်းငံ့ထားခဲ့ရတယ်လို့ ကူဝိတ်အာဏာပိုင်တွေနဲ့ နိုင်ငံပိုင်မီဒီယာတွေက ပြောကြားထားပါတယ်။

ကူဝိတ်လေကြောင်းလိုင်းနဲ့ ဂျာဇီရာလေကြောင်းလိုင်းတို့ဟာ ဘေးကင်းလုံခြုံရေး အစီအမံတွေ ပြုလုပ်ပြီးနောက် လေကြောင်းခရီးစဉ်တွေကို ပြန်လည်စတင်ခဲ့တယ်လို့ အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က ဆိုပါတယ်။

အီရန်ရဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဖြစ်တဲ့ တော်လှန်ရေးအစောင့်တပ်ဖွဲ့ကတော့ သူတို့အနေနဲ့ ကူဝိတ်လေဆိပ်ကို ပစ်ခတ်ခဲ့တာမရှိကြောင်းနဲ့ အမေရိကန်ရဲ့ ကြားဖြတ်ဒုံးကျည်တွေ ပစ်မှတ်ကို လွဲချော်ခဲ့တာကြောင့် အခုလိုပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပွါးခဲ့ရတာလို့ အီရန်နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြထားပါတယ်။

အမေရိကန်စစ်တပ်က အဆိုပါ ပြောကြားချက်ဟာ မမှန်ကန်ကြောင်းနဲ့ အီရန်ဒရုန်းတွေဟာ လေဆိပ်ကိုရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးကတည်းက တီဟီရန်ဟာ အမေရိကန်စစ်အခြေစိုက်စခန်းတွေ ရှိရာ ပင်လယ်ကွေ့ဒေသတွင်းရှိ ပစ်မှတ်တွေကို ထပ်ဖန်တလဲလဲ တိုက်ခိုက်ခဲ့ပါတယ်။

စစ်ပွဲမတိုင်မီက ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် တင်ပို့မှု ငါးပုံတပုံခန့်ကို ဖြတ်သန်းသယ်ယူပို့ဆောင်ခဲ့တဲ့ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ဖို့ အမေရိကန်က တွန်းအားပေးနေစဉ်အတွင်း ဧပြီလအစောပိုင်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သော်လည်း မကြာသေးမီသီတင်းပတ်တွေအတွင်း တိုက်ခိုက်မှုတွေ ပြန်လည်ပြင်းထန်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာ အီရန်နဲ့ အမေရိကန်တို့ဟာ စစ်ပွဲကို ရပ်တန့်ဖို့နဲ့ ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ဖို့အတွက် ကနဦး ယာယီသဘောတူညီချက်တရပ်ဆီ တိုးတက်မှုရှိလာကြောင်း အရိပ်အယောင်ပြခဲ့ကြပေမဲ့အဆိုပါသဘောတူညီချက်ကို လက်မှတ်မထိုးရသေးပါဘူး။

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီက ဗုဒ္ဓဟူးနေ့မှာ လေဘနွန်ရုပ်သံလိုင်း Al Mayadeen သို့ ပြောကြားရာမှာ ဆွေးနွေးပွဲတွေ အဆက်မပြတ်ပေမဲ့ တိုးတက်မှုမရှိသေးဘူးလို့ ပြောခဲ့ပါတယ်။