
စစ်အစိုးရလွှတ်တော်ထဲမှာ ပြည်သူ့အသံတွေကို ထင်ဟပ်စေဖို့ ခက်ခဲနိုင်တယ်လို့ ဒေသခံ ၊ နိုင်ငံရေးပါတီတွေနဲ့ လေ့လာသူတွေက ဝေဖန်ထားကြပါတယ်။
၂၊ ဇွန်။
စစ်အစိုးရရဲ့ ဧရာ၀တီတိုင်းလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးကို ဒီနေ့ ဇွန်လ ၂ ရက်နေ့မှာ စတင်ကျင်းပခဲ့ပြီး ဇွန်လ တလလုံး အတွက် ဖွံ့ဖြိုးရေးဆိုင်ရာမေးခွန်းတွေပဲ များနိုင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။
“ဒီနေ့အစည်းအဝေးမှာ အဆိုတခုတင်ပြီး အတည်ပြုတယ်။ အစည်းအဝေးကတော့ ဒီတလုံး ခေါ်မယ်ထင်တယ်။ အဓိကက လွှတ်တော်မှာ ဖွံ့ဖြိုးရေးနဲ့သက်ဆိုင်တဲ့ မေးခွန်းတွေ၊ အဆိုတွေပဲ များလိမ့်မယ်ထင်တယ်။ သာမန် မေးခွန်းလေးတွေ၊ အဆိုလေးတွေပေ့ါ” လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။
ဒီနေ့ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ အင်္ဂပူမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ်က သယံဇာတတွေ ထုတ်ယူသုံးစွဲရာမှာ စနစ်တကျရှိစေဖို့ ကြီးကြပ်မှုကော်မတီတွေ အဆင့်ဆင့် ဖွဲ့စည်းထိန်းကျောင်းဖို့ အဆိုတင်ခဲ့တယ်လို့ သိရပါတယ်။
စစ်အစိုးရဟာ တိုင်းလွှတ်တော်အစည်းအဝေးတွေကို ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့မှာ စတင်ကျင်းပခဲ့ပြီး သင်္ကြန်မတိုင်ခင် ကတည်းက ရပ်နားခဲ့ကာ အခုအခါ အစည်းအဝေးကို ပြန်ခေါ်တာဖြစ်ပါတယ်။ ကိုယ်စားလှယ်တွေအနေနဲ့ မေးခွန်းတွေ တင်ပြထားပြီး အဲဒီမေးခွန်းတွေ လွှတ်တော်ထဲမှာ မေးခွင့်ရ၊ မရကတော့ မသေချာဘူးလို့ လွှတ်တော်ကိုယ်စား လှယ်တွေက ပြောပါတယ်။
“လယ်သမားကိစ္စတွေရော တခြားဖွံ့ဖြိုးရေးကိစ္စတွေရော မေးထားတယ်။ မေးခွင့်ရ၊ မရကတော့ မသိဘူး” လို့ နောက်ထပ် ဧရာ၀တီတိုင်းလွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။
ထိုင်ခုံ ၇၂ နေရာရှိတဲ့ ဧရာ၀တီတိုင်းလွှတ်တော်ထဲမှာ စစ်သားကိုယ်စားလှယ် ၁၈ ဦး၊ ကြံ့ခိုင်ရေးပါတီမှ ၃၇ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၇ ဦး၊ ပြည်သူ့ပါတီမှ ၃ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ၃ ဦး၊ ကရင်ပြည်သူ့ပါတီမှ ၃ ဦး(ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတဦးပါဝင်)နဲ့ မြန်မာနိုင်ငံရေးတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦးတို့ အသီးသီး ပါဝင်နေပါတယ်။
ဒ့ါကြောင့် ဧရာ၀တီတိုင်းလွှတ်တော်ထဲက ထိုင်ခုံတွေကို ရေတွက်ကြည့်ရင် စစ်တပ်က ၂၅ ရာခိုင်နှုန်း၊ စစ်တပ် ကျောထောက်နောက်ခံ ပါတီတွေဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ တစညပါတီ (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) တို့က ၆၁ ဒသမ ၃ ရာခိုင်နှုန်း၊ဖြစ်တဲ့အတွက် စုစုပေါင်း ၈၆ ဒသမ ၃ ရာခိုင်နှုန်းကို အသာစီးယူထားပြီး ကျန်ပါတီတွေက ၁၃ ဒသမ ၇ ရာခိုင်နှုန်းစီ ထိုင်ခုံရနေကြတာပါ။
အဲဒါကြောင့် စစ်အစိုးရလွှတ်တော်ထဲမှာ ပြည်သူ့အသံတွေကို ထင်ဟပ်စေဖို့ ခက်ခဲနိုင်တယ်လို့ ဒေသခံ ၊ နိုင်ငံရေးပါတီတွေနဲ့ လေ့လာသူတွေက ဝေဖန်ထားကြပါတယ်။