မုန်တိုင်းမရှိနိုင်ပေမယ့် မိုးများလာနိုင်

“ မိုးများလာရင် ရေဝပ်လိမ့်မယ်။ ဒီတော့ ရေထုတ်ဖို့ ရေထွက်ပေါက်တွေ ကြိုတင်စီစဉ်ထားဖို့လိုတယ်”

၀၂၊ ဇွန်လ။

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ  အထက်လေပွေလှိုင်း ဖြစ်ပေါ်နေပါတယ်။ ကမ်းလွန်ပင်လယ်ပြင်မှာ မိုးသက်မုန်တိုင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းတွေရှိနိုင်ပေမယ့် လေပွေလှိုင်းဟာ မုန်တိုင်းအဆင့်ကို ပြောင်းလဲလာနိုင်ချေ မရှိဘူးလို့ မိုးဇလ ပညာရှင်တွေက ခန့်မှန်းကြပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ အထက်လေပွေလှိုင်းနဲ့ မုတ်သုန်လေ အားကောင်းလာတဲ့ အတွက် ဧရာဝတီတိုင်း အပါအဝင် ရခိုင်ကမ်းရိုးတန်းနဲ့ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာ မိုးရွာသွန်းမှု အားကောင်းနေပါတယ်။ ဒါပေမယ့် မိုးလေဝသ ခန့်မှန်းတွက်ချက်တဲ့ မော်ဒယ်တွေမှာ ပြသထားတဲ့ ဒေတာတွေအရ မုန်တိုင်းဖြစ်လာနိုင်ချေတော့ မရှိသေးဘူးလို့ မိုးဇလ ပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။

“လက်ရှိအချိန် ခန့်မှန်းချက်များအရ မုန်တိုင်းအန္တရာယ်အတွက် စိုးရိမ်ရန်မလိုပါ။ အထက်လေပွေလှိုင်းကြောင့် ဒေသအလိုက် မိုးကြီးခြင်းနှင့် ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များကိုမူ ဆက်လက်သတိပြုရန် လိုအပ်ပါသည် ” လို့ သတိပေးထားပါတယ်။

စိုက်ပျိုးရေး ပညာရှင်တွေကတော့ မိုးများတာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စိုက်ပျိုးရေးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေကို သတိထားကြဖို့ တိုက်တွန်းထားကြပါတယ်။

ပြည်တွင်းနေ စိုက်ပျိုးရေး ပညာရှင်တဦးက “ မိုးများလာရင် ရေဝပ်လိမ့်မယ်။ ဒီတော့ ရေထုတ်ဖို့ ရေထွက်ပေါက်တွေ ကြိုတင်စီစဉ်ထားဖို့လိုတယ်။ ဧရာဝတီတိုင်းဘက်မှာက ဒီနှစ် စပါးအခြောက်ကြဲတာတွေ များတော့ ခုချိန်က စပါးပင်ပေါက်လေးတွေ ထွက်ပြီ။ ရေဝပ်တာက ခဏတဖြုတ်ဆို ပြဿနာ မကြီးနိုင်ပေမယ့် ကြာလာတာမျိုး၊ ရေလျှံတာမျိုးဖြစ်ရင်ကျ လယ်တွေအတွက် မကောင်းဘူး။ တခြား မိုးသီးနှံတွေ အတွက်ဆိုရင်လည်း ရေကလိုသလောက်ထက် ပိုရင် အမြစ်ပုတ်တာ၊ အပင်မတက်နိုင်တာမျိုးတွေ ဖြစ်တတ်တယ် ” လို့ ရှင်းပြပါတယ်။

ဒါအပြင် ရေဝပ်တဲ့အခါ စပါးဖျက် ရွှေခရုတွေရဲ့ အန္တရာယ်လည်း ရှိလာနိုင်တာကြောင့် ကြိုတင်ကာကွယ်တာတွေ၊ ရွှေခရုတွေကို တွေ့ရင်ဖျက်ဆီးပစ်တာတွေ ပြုလုပ်ဖို့လိုတယ်လို့ အကြံပြုထားပါတယ်။

ဇလွန်မြို့နယ်မှာနေထိုင်တဲ့ လယ်သမားဖြစ်သူ ဦးတိုးကြီးကတော့ “ ခုကတော့ အဆင်ပြေနေပါသေးတယ်။ မိုးများဖို့ ရှီနေတယ်ဆိုတော့ ရေလမ်းကြောင်း ဖောက်တာမျိုး ကြိုပြင်လို့ရတာတွေကိုတော့ ကြိုလုပ်ထားပါတယ် ” လို့ ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော် အတွင်းက မိုးလေဝသ ဖြစ်စဉ်တွေကြောင့် ဧရာဝတီတိုင်းအတွင်းကို မိုးတိမ်တောင်တွေ ဝင်ရောက်လာနိုင်ပြီး မိုးတိမ်တောင်တွေ ရွေ့လျားရာတလျှောက် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ဖြစ်စဉ်တွေကိုလည်း ဂရုစိုက်ဖို့လိုတယ်လို့ မြန်မာနိုင်ငံ မိုးဇလဌာနက သတိပေးထားပါတယ်။