အသက် ၁၆ နှစ်အောက် ကလေးတွေကို လူမှုကွန်ရက်သုံးစွဲခွင့် မလေးရှား ပိတ်ပင်

စည်းမျဉ်းကို လိုက်နာဖို့ ပျက်ကွက်တဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေကို ရင်းဂစ်၁၀ သန်း (အမေရိကန်ဒေါ်လာ ၂.၅ သန်း) အထိ ဒဏ်ရိုက်ခံရနိုင်ပါတယ်။

 

၂၊ ဇွန်။

 

မလေးရှားနိုင်ငံဟာ အွန်လိုင်းပေါ်က အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေနဲ့ ကလေးသူငယ်တွေ မထိတွေ့မိအောင် ကာကွယ်ဖို့ ကြိုးပမ်းမှုတွေကို မြှင့်တင်နေပါတယ်။

 

ဒါကြောင့် အသက် ၁၆ နှစ်အောက် ကလေးတွေကို လူမှုကွန်ရက် ပလတ်ဖောင်းတွေပေါ်မှာအကောင့်ဖွင့်ခွင့် စတင်ပိတ်ပင်လိုက်ပြီလို့ ဆက်သွယ်ရေး စီမံခန့်ခွဲမှုအဖွဲ့က တနင်္လာနေ့မှာပြောပါတယ်။

 

မလေးရှားမှာ ကလေးသူငယ်တွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုအပေါ် လူမှုကွန်ရက်တွေရဲ့ သက်ရောက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ တိုးပွားလာနေတာပါ။

 

အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ မလေးရှားဟာ အွန်လိုင်းပလတ်ဖောင်းတွေကို အသုံးပြုခွင့်ကန့်သတ်ဖို့ စည်းမျဉ်းတွေ ထုတ်ပြန်လာကြတဲ့ နိုင်ငံတွေထဲမှာ အခုလို ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

 

တနင်္လာနေ့ကစလို့ Meta ရဲ့ Facebook နဲ့ Instagram၊ TikTok နဲ့ Alphabet ရဲ့ YouTube အပါအဝင် လူမှုကွန်ရက် ပလက်ဖောင်းတွေအနေနဲ့ အစိုးရက ထုတ်ပေးထားတဲ့ မှတ်တမ်းတွေနဲ့ တိုက်ဆိုင်ပြီး အသက်အရွယ် မှန်၊ မမှန် စစ်ဆေးမှုတွေ ပြုလုပ်ရမယ်လို့ မလေးရှားဆက်သွယ်ရေးနဲ့ မာလ်တီမီဒီယာကော်မရှင်က ပြောပါတယ်။

 

အဆိုပါ စည်းမျဉ်းကို လိုက်နာဖို့ ပျက်ကွက်တဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေကို ရင်းဂစ်၁၀ သန်း (အမေရိကန်ဒေါ်လာ ၂.၅ သန်း) အထိ ဒဏ်ရိုက်ခံရနိုင်ပါတယ်။

 

“အခုလို အရေးယူ ဆောင်ရွက်တာဟာ ကလေးအသုံးပြုသူတွေကို အင်တာနက် သုံးခွင့်ပိတ်ပင်တာ ဒါမှမဟုတ် နည်းပညာ အသုံးပြုခွင့်ကို ငြင်းပယ်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး”လို့ ကော်မရှင်က ပြောပါတယ်။

 

ဒါဟာ အွန်လိုင်းပေါ်မှာ ကလေးတွေကို ကာကွယ်ဖို့အတွက် လူမှုကွန်ရက် ပလက်ဖောင်းတွေ၊ မိဘတွေနဲ့ အုပ်ထိန်းသူတွေကြားမှာ တာဝန်ယူမှုကို မြှင့်တင်ဖို့သာ ရည်ရွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

လက်ရှိ သုံးစွဲနေတဲ့သူတွေရဲ့ အသက်အရွယ် မှန်၊ မမှန် စစ်ဆေးမှုကိုတော့ လူမှုကွန်ရက်ပလက်ဖောင်းတွေက ခြောက်လတာ ကာလအတွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မကြာသေးခင် နှစ်တွေအတွင်းမှာ အွန်လိုင်းပေါ်က အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေသိသိသာသာ တိုးလာတာကို တွေ့ရှိခဲ့ရပြီးနောက် မလေးရှားဟာ လူမှုကွန်ရက် ကုမ္ပဏီတွေအပေါ် စောင့်ကြည့်စစ်ဆေးမှုတွေကို တိုးမြှင့်ခဲ့ပါတယ်။

 

လက်ရှိမှာလည်း လူမျိုးရေး ဒါမှမဟုတ် ဘာသာရေး တင်းမာမှုတွေ ဖြစ်အောင်ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်တဲ့အရာတွေအပြင် တော်ဝင်မိသားစုကို ဝေဖန်ပုတ်ခတ်တဲ့အကြောင်းအရာတွေကိုလည်း နှိမ်နင်းနေပါတယ်။

 

Ref – Reuters