
တိုက်ခိုက်သူတွေဟာ အီဘိုလာရောဂါနဲ့သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို သင်္ဂြိုဟ်ဖို့အတွက် ပြန်ထုတ်ပေးစေချင်ကြတာလို့ လိုကိုဒူးက ဆိုပါတယ်။
၂၆၊ မေ။
ကွန်ဂိုနိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေပြီး အခြေခံဆေးဝါးပစ္စည်း ပြတ်လပ်မှုတွေနဲ့ ရုန်းကန်နေရတဲ့ ရှေ့တန်းက ဆရာဝန်တွေဟာ အခုဆိုရင် ဆေးရုံဆေးခန်းတွေ တိုက်ခိုက်ခံရတာ၊ လူနာတွေ ထွက်ပြေးတာတွေနဲ့ပါ ထပ်ပြီး ရင်ဆိုင်နေရပါတယ်။
ပထမဆုံး အီဘိုလာလူနာတွေကို တွေ့ရှိခဲ့တဲ့ အရှေ့မြောက်ပိုင်း အီတူရီ ပြည်နယ်မှာ အဆိုပါ ဖြစ်စဉ်မျိုး အနည်းဆုံး သုံးကြိမ်ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဆေးရုံတရုံတည်းကို နှစ်ကြိမ်တိုင်တိုင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရပြီး လူနာ ၂၄ ဦးထက်မနည်း ထွက်ပြေး လွတ်မြောက်သွားပါတယ်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းမှာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ဖြစ်ပွားခဲ့တဲ့ အီဘိုလာကပ်ဘေးကာလကလည်း
ကျန်းမာရေးဌာနတွေ အကြမ်းဖက်တိုက်ခိုက်ခံရတာကြောင့်
ကျန်းမာရေးဝန်ထမ်း ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
တချို့တိုက်ခိုက်မှုတွေဟာ မိသားစုဝင်တွေကို ကိုယ်တိုင် သင်္ဂြိုဟ်ခွင့်မရလို့ စိတ်ဆိုးဒေါသထွက်နေတဲ့ အရပ်သားတွေ ဒါမှမဟုတ် အဆိုပါ ရောဂါကူးစက်မှုဟာ လိမ်ညာလှည့်ဖြားမှုကြီးလို့ ယုံကြည်နေသူတွေက လုပ်ဆောင်ခဲ့တာပါ။
ပြီးခဲ့တဲ့ စနေနေ့ကတကြိမ်၊ တနင်္ဂနွေနေ့ကတကြိမ် တိုက်ခိုက်ခံခဲ့ရတဲ့ မောင်ဗွာလူ အထွေထွေပြည်သူ့ဆေးရုံကြီးရဲ့ ဆေးဘက်ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ရစ်ချက် လိုကိုဒူးက အခုလည်း အဲဒီလို အခြေအနေမျိုး ဖြစ်ပျက်နေပုံရတယ်လို့ ပြောပါတယ်။
“ပြည်သူတွေကြားထဲမှာ ဒီရောဂါ ရှိတယ်ဆိုတာကို ငြင်းဆန်နေကြပြီး တချို့ဆိုရင် ရောဂါသံသယရှိသူ ဒါမှမဟုတ် ရောဂါပိုးတွေ့ရှိထားတဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို လာရောက်တောင်းယူချင်နေကြတယ်”လို့ သူက ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ သမိုင်းတလျှောက် တတိယအကြီးမားဆုံး ကူးစက်မှုအဖြစ် စံချိန်တင်ထားတဲ့ ဒီရှားပါး ဘန်ဒီဗူးဂယို အီဘိုလာ မျိုးဗီဇကွဲ ကူးစက်ပြန့်ပွားမှုကို နိုင်ငံတကာက စိုးရိမ်ရတဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားပါတယ်။
WHO အကြီးအကဲ တက်ဒရိုစ်က အခုအချိန်အထိ ရောဂါဖြစ်ပွားမှုမှာ သံသယရှိသူ ၉၀၀ ကျော် ရှိနေပြီး အဲဒီအထဲမှာ ရောဂါပိုးအတည်ပြုပြီးသူ ၁၀၁ ဦး ပါဝင်တယ်လို့ တနင်္ဂနွေနေ့က ပြောပါတယ်။
တနင်္လာနေ့မှာတော့ လက်ရှိ အီဘိုလာကူးစက်မှုအတွင်း သံသယဖြစ်ဖွယ် သေဆုံးသူ ၂၂၀ ရှိပြီလို့ တက်ဒရိုစ်က ပြောခဲ့ပြီးရောဂါပိုးကို စောစောစီးစီး ရှာမတွေ့ခဲ့တဲ့အတွက် ကယ်ဆယ်ရေး အဖွဲ့တွေအနေနဲ့ အခုအချိန်မှာ အခြေအနေကို အမီလိုက်နိုင်ဖို့အသည်းအသန် လိုက်လံလုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။
ကူးစက်မှုအများအပြား တွေ့ရှိထားတဲ့ မောင်ဗွာလူမြို့မှာရှိတဲ့ မောင်ဗွာလူ အထွေထွေပြည်သူ့ဆေးရုံကြီးမှာ ဘယ်သူဘယ်ဝါမှန်းမသိသူတွေက နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) က ဆောက်လုပ်ထားတဲ့ လူနာတွေကို သီးသန့်ခွဲထားတဲ့ တဲတွေကို မီးရှို့ခဲ့ပြီးတဲ့နောက် စနေနေ့က အီဘိုလာလူနာ ၁၈ ဦး ထွက်ပြေးသွားခဲ့တယ်လို့ လိုကိုဒူးက ပြောပါတယ်။
အဆိုပါ ထွက်ပြေးသွားတဲ့ လူနာတွေထဲက လေးဦးရဲ့ ဓာတ်ခွဲခန်းအဖြေ ထွက်လာရာမှာ သုံးဦးက ပိုးမတွေ့ရှိဘဲ တဦးကတော့ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။
တနင်္ဂနွေနေ့မှာတော့ အီဘိုလာရောဂါနဲ့ သေဆုံးသွားတဲ့ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တဦးရဲ့ ဆွေးမျိုးတွေက စည်းရုံးလှုံ့ဆော်လိုက်တဲ့ လူငယ်တွေရဲ့ တိုက်ခိုက်မှုကို ဆေးရုံက လေးကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့ရတယ်လို့ သူက ဆိုပါတယ်။
အခြားလူနာ ရောဂါသည် ခုနစ်ဦးလည်း ထွက်ပြေးသွားခဲ့ပြီး အခြေအနေကို ပြန်လည်ထိန်းချုပ်ဖို့ ကွန်ဂိုရဲတပ်ဖွဲ့နဲ့ စစ်သားတွေကိုပါ ခေါ်ယူခဲ့ရတယ်လို့ သူက ပြောပါတယ်။
ဒုတိယအကြိမ် တိုက်ခိုက်ခံရချိန်မှာ သွေးအန်ပြီး စိုးရိမ်ရတဲ့အခြေအနေ ရှိနေတဲ့ အီဘိုလာသံသယလူနာတဦးဟာ ခုတင်ပေါ်ကနေ ထွက်ပြေးဖို့ ကြိုးစားရင်း သေဆုံးသွားခဲ့တယ်လို့ လိုကိုဒူးက ဖြည့်စွက်ပြောပါတယ်။
တိုက်ခိုက်သူတွေဟာ အီဘိုလာရောဂါနဲ့သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို သင်္ဂြိုဟ်ဖို့အတွက် ပြန်ထုတ်ပေးစေချင်ကြတာလို့ လိုကိုဒူးက ဆိုပါတယ်။
အီဘိုလာဝေဒနာရှင်တွေရဲ့ ရုပ်အလောင်းတွေဟာ သေဆုံးပြီးနောက်မှာ ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ အလွန်မြင့်မားပြီး မိသားစုဝင်တွေက သင့်တော်တဲ့ ကာကွယ်ရေးပစ္စည်းတွေ မပါဘဲ အလောင်းကို ကိုင်တွယ်တဲ့ ဘေးကင်းမှုမရှိတဲ့ သင်္ဂြိုဟ်ခြင်းတွေဟာရောဂါကူးစက်ပြန့်ပွားမှုကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။
သမိုင်းတလျှောက် အကြီးမားဆုံးဖြစ်ခဲ့တဲ့ ၂၀၁၃-၂၀၁၆ အနောက်အာဖရိက အီဘိုလာကူးစက်မှုတုန်းကလည်း ကျန်းမာရေးဝန်ထမ်းတွေကို ဗိုင်းရပ်စ်ပိုး ဖြန့်ဝေနေတယ်လို့ စွပ်စွဲပြီး ဒေါသထွက်နေတဲ့ လူအုပ်စုတွေရဲ့ တိုက်ခိုက်မှုကို ဝန်ထမ်းတွေအနည်းငယ် ကြုံတွေ့ခဲ့ရဖူးပါတယ်။
တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ ဒေသခံလူထုရဲ့ ဒေါသအပြင် နိုင်ငံရေးနဲ့ ငွေကြေးအကျိုးအမြတ်အတွက် အဆိုပါ ကပ်ရောဂါကို အသုံးချဖို့ ကြံစည်နေတဲ့ လက်နက်ကိုင်ပြောက်ကျားအဖွဲ့တွေရဲ့ လက်ချက်လည်း ပါဝင်တယ်လို့ သူတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
အခုတကြိမ် ကူးစက်မှုကတော့ ရဝမ်ဒါကျောထောက်နောက်ခံပြု M23 သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေအပါအဝင်မြောက်ပိုင်းနဲ့ တောင်ပိုင်း ကီဗူးပြည်နယ်တွေဆီ မပြန့်ပွားခင် အီတူရီပြည်နယ်ကနေ စတင်ခဲ့တာလို့ ယူဆရပြီး အိမ်နီးချင်း ယူဂန်ဒါနိုင်ငံ နယ်စပ်အထိပါ ကူးစက်သွားခဲ့ပါတယ်။
တနင်္လာနေ့မှာ ယူဂန်ဒါနိုင်ငံက အီဘိုလာအတည်ပြုလူနာ နောက်ထပ် နှစ်ဦး ထပ်မံတွေ့ရှိကြောင်း သတင်းထုတ်ပြန်ခဲ့လို့ အဆိုပါ နိုင်ငံမှာ စုစုပေါင်း လူနာအရေအတွက် ခုနစ်ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။
Ref – Reuters