ရွှေ့ပြောင်းမြန်မာကျောင်းသားတွေ ပညာရေးအိပ်မက် ဆက်မက်ခွင့် ရမှာလား

၂၆၊မေလ။

“အကုန်လုံးကို ထိုင်းလို သင်မယ်ဆိုရင်တော့ ကျွန်မတို့ ကလေးတွေအတွက် ခက်ခဲနိုင်ပါတယ် ။ ဘာလို့ဆို အခုမှ အခြေခံကို စသင်ကြရတာလေ ”

(ဒီဆောင်းပါးမှာ ပါဝင်သူတွေဟာ လုံခြုံရေးအရ ထိရှလွယ်တဲ့ ဧရိယာဖြစ်တဲ့ ထိုင်းမြန်မာနယ်စပ် အနီးမှာ နေထိုင်ကြသူတွေဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ ဥပဒေမဲ့ ဖမ်းဆီးထောင်ချမှု၊နေအိမ်ချိတ်ပိတ် သိမ်းဆည်းမှုတွေကို စိုးရွံ့နေကြသူတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ အမည်အရင်းတွေကို မဖေါ်ပြဖို့ တောင်းဆို ထားကြပါတယ်။ကျွန်တော်တို့ သတင်းဌာန အနေနဲ့ သတင်းရင်းမြစ်တွေရဲ့ နာမည်အရင်းတွေအစား အမည်လွှဲ၊အမည်မဖေါ်လိုသူ စတဲ့နာမ်းစားတွေကိုသာ သုံးစွဲသွားမှာဖြစ်တဲ့အတွက် စာဖတ်သူများ ဒီအခြေအနေကို နားလည်ပေးဖို့ မေတ္တာရပ်ခံ အပ်ပါတယ်။)

ဒီဆောင်းပါးကို HaRDstories နဲ့ Delta News Agency တို့ ပူးပေါင်းရေးသားပြီး Canada Fund for Local Initiatives ရဲ့ ပံ့ပိုးမှုနဲ့ တင်ဆက်ပါတယ်။

 

At a learning center for Myanmar migrant children near the border in Tak Province, primary and secondary students sit for their final exams together in the one classroom in 2024. Photo: Jittrapon Kaicome/HaRDstories

(မဲဆောက်)

မနက် ၇ နာရီထိုးရင် ကျောင်းသွားရမယ့် သမီးနှစ်ယောက်အတွက် ဒေါ်သစ္စာ ထမင်းချိုင့် ပြင်ဆင်ပေးနေပါတယ်။ သမီး နှစ်ယောက်ဟာ အသက် ၁၁ နှစ်နဲ့ ၁၃ နှစ်အရွယ် တွေဖြစ်ကြပြီး အမျိုးသားဖြစ်သူကတော့ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့လို့ မြန်မာနိုင်ငံအတွင်းမှာ ထောင်ကျနေပါတယ်။

မနက် ၇ နာရီမထိုးခင်မှာ အီးဘိုက်လေးနဲ့ သမီးနှစ်ယောက်ကိုတင်ပြီး ကျောင်းကားစောင့်ရမယ့် နေရာကို သွားရပါတယ်။  လမ်းချိုးတခုမှာတော့ မယ်ကုနွဲ့ကျောင်းဆိုတဲ့ ထိုင်းအစိုးရကျောင်းရှေ့က ဖြတ်သွားကြရပါတယ်။

အင်္ကျီအဖြူ၊ စကပ်အပြာ ဝတ်ရတဲ့ ဝတ်စုံဆင်တူ၊ အသက်တူ၊ အရွယ်တူ ကျောင်းသားတွေ ထိုင်းအစိုးရကျောင်းထဲ ဝင်သွားချိန်မှာ ဒေါ်သစ္စာရဲ့ သမီးနှစ်ယောက်ကတော့ အိမ်နဲ့ မိနစ် ၃၀ နီးပါး ကားစီးသွားရတဲ့ မြန်မာရွေ့ပြောင်းကျောင်းတခုကို သွားနေရတဲ့ အချိန်ဖြစ်ပါတယ်။

“ထိုင်းကျောင်းထားဖို့လုပ်ခဲ့သေးတယ်”လို့ ဒေါ်သစ္စာက ခပ်ဖြည်းဖြည်း တွေးရင်း ပြောပါတယ်။ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုအပြီး နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြရတဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်သူ တွေထဲမှာပါဝင်ခဲ့တဲ့ သူတို့မိသားစုရဲ့ အခြေအနေက တကယ့်ကို ခက်ခဲကြမ်းတမ်းခဲ့ကြတာပါ။

ဖခင်ဖြစ်သူကို စစ်တပ်က ဖမ်းဆီးထောင်ချ လိုက်ချိန်မှာ မိခင်ဖြစ်သူနဲ့ သမီးနှစ်ယောက်ဟာ နယ်စပ်ကို ဖြတ်ကျော်လာခဲ့ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဘဝကို အခြေကျဖို့ ကြိုးစားရုန်းကန် နေကြရပါတယ်။ စစ်တပ်ကို ကြောက်လို့ အိမ်နီးချင်း ထိုင်းနိုင်ငံကို အားကိုးတကြီး ထွက်လာခဲ့ပေမယ့် ထိုင်းဘာသာစကား မတတ်တဲ့အတွက် ဒေါ်သစ္စာရဲ့ သမီးနှစ်ယောက်ဟာ ထိုင်းကျောင်းတွေမှာ ဆက်တက်ဖို့ အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ကြရတာပါ။

“ဆူဝမ်နမစ်နဲ့ချိတ်ပြီး ရမလားပေါ့။ မရခဲ့ပါဘူး ကလေးကို သူငယ်တန်းက ပြန်တက်ရမယ်။ မဟုတ်ရင်လည်း ထိုင်းစာ ထိုင်းစကားရရမယ်ဆိုတော့ မြန်မာကျောင်းပဲ အပ်လိုက်ရတော့တာ ” လို့ ဒေါ်သစ္စာက ဆိုပါတယ်။

၂၀၁၀ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့တဲ့ Suwannimit Foundation ဟာ ထိုင်း–မြန်မာ နယ်စပ်တစ်လျှောက်မှာရှိတဲ့ ကလေးတွေအပါအဝင် ထိခိုက်အားနည်းလွယ်သူတွေကို ကူညီပံ့ပိုးပေးနေတဲ့ ထိုင်းအကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

ကလေးတွေကို ကျောင်းကားစောင့်တဲ့နေရာကို ပို့ပေးပြီးချိန်မှာတော့ မဲဆောက်ထဲမှာရှိတဲ့ စားသောက်ဆိုင်တခုမှာ မီးဖိုချောင်အကူအဖြစ် လုပ်ကိုင်ဖို့ ဒေါ်သစ္စာတယောက် ဆက်ထွက်လာခဲ့ရပါတယ်။

“အထောက်အထား ရှိတာပေါ့။ ရှိလို့ အလုပ်လုပ်လို့ ရနေတာပေါ့။ ကလေးတွေကို မြန်မာကျောင်းထားရတာက အဓိကက ဘာသာစကားနဲ့ အသက်အရွယ်ကြောင့်ပဲ ” လို့ ရှင်းပြပါတယ်။

🔹 Learning centres လို့သာ ခေါ်တွင်ပါ

ဒေါ်သစ္စာတို့ဟာ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့နယ်ထဲက မယ်ကုနွဲ့ကျေးရွာမှာ နေထိုင်ကြတာပါ။ ဒါပေမယ့် ကလေးတွေသွားတက်ရတဲ့ ကျောင်းကတော့ ကဘီဘမ်းကျေးရွာမှာ ရှိနေတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေဟာ ဒေါ်သစ္စာတို့ မိသားစုမှာပဲ ရင်ဆိုင်နေရတာ မဟုတ်ဘဲ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်ပိုင်း နိုင်ငံရေးခံယူချက်ကြောင့် ပြည်တွင်းမှာ ဆက်လက်နေထိုင်ဖို့ မလုံခြုံတော့တဲ့အတွက် ထိုင်းနိုင်ငံ မဲဆောက်ကို တိမ်းရှောင်လာကြသူတွေတိုင်း အခုလိုအခက်အခဲကို ရင်ဆိုင်ကြုံတွေ့နေကြတာပါ။

ဒီထဲကမှ ထိုင်းဘာသာစကားကို နားမလည်တဲ့ ဆယ်ကျော်သက်အရွယ် ကလေးတွေရှိတဲ့ မိသားစုတွေဟာ အခြေအနေအရ မြန်မာရွေ့ပြောင်းကျောင်းတွေကိုပဲ ရွေးချယ်နေကြရတာပါ။

တာ့ခ်ခရိုင်ထဲမှာ မဲဆောက်အပါအဝင် Learning Center အဖြစ် ထိုင်းအစိုးရက အသိမှတ်ပြုထားတဲ့ မြန်မာရွေ့ပြောင်း ကျောင်းပေါင်း ၆၂ ကျောင်းရှိပါတယ်။ ဒီကျောင်းတွေမှာ အများအားဖြင့် မြန်မာသင်ရိုးကို အဓိကထားသင်ကြားကြပြီး ထိုင်းစာ၊ ထိုင်းစကားကို ထပ်တိုးဘာသာရပ်တခုအနေနဲ့ သင်ကြားကြပါတယ်။

တချို့ကျောင်းတွေမှာတော့ သက်ဆိုင်ရာ တိုင်းရင်းသား သင်ရိုးညွှန်းတမ်းတွေနဲ့ သင်ကြားတာမျိုးလည်း ရှိပါတယ်။

“မိုင်းဂရန့်ကျောင်းတွေဟာ တဖြည်းဖြည်းနဲ့ ပိုကြပ်တည်းလာနေပြီ။ အခုဆို မြန်မာကျောင်းတွေမှာပါ မြန်မာစာနဲ့ အင်္ဂလိပ်စာကလွဲလို့ ကျန်တာတွေကို ထိုင်းလိုတွေသင်ဖို့ဆိုတာမျိုး ပြောလာနေပြီ ” လို့ ဆာမူတော်ရဲ့ ကျောင်းအုပ်ကြီး ဒေါ်တင်အေး(အမည်လွှဲ)က ပြောပါတယ်။

ဆာမူတော်ကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲမှာရှိတဲ့ မြန်မာရွေ့ပြောင်းကျောင်းလို့ အလွယ်တကူခေါ်ကြပြီး မြန်မာရွေ့ပြောင်း ကျောင်းသား၊ ကျောင်းသူတွေ အတွက် ဖွင့်လှစ်ထားတဲ့ ကျောင်းတခု ဖြစ်ပါတယ်။ ထိုင်းအစိုးရရဲ့ အသိမှတ်ပြုမှုမှာတော့ Learning Center ဆိုတဲ့ နာမည်ကိုသာ အသုံးပြုခွင့်ရှိနေ ပြန်တာပါ။

“အကုန်လုံးကို ထိုင်းလို သင်မယ်ဆိုရင်တော့ ကျွန်မတို့ ကလေးတွေအတွက် ခက်ခဲနိုင်ပါတယ် ။ ဘာလို့ဆို အခုမှ အခြေခံကို စသင်ကြရတာလေ ” လို့ ဒေါ်သစ္စာက ဆိုပါတယ်။

🔹 “ကိုယ့်ကျောင်းမှာပဲ တက်ချင်တယ်”

ဒေါ်သစ္စာရဲ့ ၁၃နှစ်အရွယ် သမီးဖြစ်သူက ရွေ့ပြောင်းကျောင်း Grade 5 မှာ တက်နေတဲ့ ကျောင်းသား ၂၇ယောက်ထဲက တယောက်ဖြစ်ပါတယ်။

“ကျောင်းကကျဉ်းတယ်။ ပန်ကာတော့ရှိပေမယ့် လူများတော့ ပူတယ်။ စာသင်ရတာကတော့ မြန်မာလိုပဲသင်တာမို့ နားလည်တယ် လိုက်နိုင်တယ်။ထိုင်းစာက အသစ်ဆိုတော့ ခက်တယ်။ စာရေးရတာက ခုတော့ မခက်သေးဘူး ကော်ကိုင် ခေါခိုင်ပဲ သင်သေးတယ် နောက်ကျရင်တော့ မသိဘူး ဒါပေမယ့် အသံထွက်ရတာခက်တယ်။ စရတွေသင်ရင် ပိုခက်မယ်လို့ပြောတယ်။ မြန်မာလိုပဲ ပြောကြ သင်ကြတာဆိုတော့ထိုင်းလိုတော့ မပြောဖြစ်ဘူး။ (ထိုင်းလို) ဆဲတဲ့ စကားလုံးတွေနဲ့ ဈေးဝယ်တဲ့အခါ ဘယ်လောက်လဲဆိုတာမျိုးလောက်တော့ သိတယ်။ ” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျောင်းတက်ရတဲ့ အခြေအနေကို သူမှတ်မိနေပါသေးတယ်။ “မြန်မာမှာတက်ခဲ့ရတဲ့ ကျောင်းနဲ့တော့ မတူဘူးပေါ့။ ဟိုမှာက အိမ်ပြန်လည်း သူငယ်ချင်းတွေရှိတယ်လေ (ကျောင်းက ရပ်ကွက်ထဲမှာပဲရှိတာကြောင့်)။ ထိုင်းကျောင်းတွေကတော့ ကောင်းတာပေါ့။ ကျယ်တယ်လေ ဆော့ဖို့နေရာတွေ အများကြီးရှိတယ် ဒါပေမယ့် ထိုင်းလိုသင်ရမယ်ဆိုရင် မရဘူး။ မေမေက သူငယ်တန်းက ပြန်နေရမယ်ဆို နေမလားလို့ မေးဖူးသေးတယ် မနေချင်ပါဘူး ကလေးသေးသေးလေးတွေနဲ့ တက်ရမှာ။”

နောက်တော့ သူခနရပ်လိုက်ပြီး ဆက်ပြောပါတယ်။ “စိတ်ကတော့ ကိုယ့်ကျောင်း(မြန်မာနိုင်ငံက တက်ခဲ့ဖူးတဲ့ ကျောင်း)မှာပဲတက်ချင်တယ်။”

🔹 စာသင်ကျောင်းတွေရဲ့ အကြပ်အတည်း

မြန်မာရွေ့ပြောင်းကျောင်းတွေ ထိုင်းနိုင်ငံအတွင်းမှာ ရှိနေတာဟာ ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး နောက်ပိုင်းကတည်းက ဖြစ်ပါတယ်။ ၁၉၉၀ ဝန်းကျင်လောက်က စပြီး ထိုင်း – မြန်မာနယ်စပ်တွေမှာ မြန်မာရွေ့ပြောင်းကျောင်းတွေ ရှိလာခဲ့တာပါ။

နာဂစ်မုန်တိုင်း တိုက်ခိုက်တဲ့ ၂၀၀၈ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ဖွဲစည်းအုပ်ချုပ်ပုံဥပဒေကို ကိုင်ဆွဲနိုင်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ နိုင်ငံတကာ ဖိအားတွေကနေ ထွက်ပေါက်အဖြစ် အရပ်သားတပိုင်း အစိုးရပုံစံ ပုံဖေါ်နိုင်ခဲ့ပါတယ်။ဒီအပြောင်းအလဲက ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကတဆင့် လူထုရဲ့ ယုံကြည်ထောက်ခံမှုကို အပြည့်အဝ ရရှိထားတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီချုပ်ပါတီဟာ မြန်မာနိုင်ငံရေး လောကအတွင်း ပြန်လည် ဝင်ရောက်လာနိုင်ခဲ့ပါတယ်။

၂၀၁၅ မှာ ဒီချုပ်ပါတီက ရွေးကောက်ပွဲ အနိုင်ရပြီး အရပ်သားအစိုးရ ဖြစ်လာချိန်မှာတော့ ရွေ့ပြောင်း မြန်မာအများစုဟာ ပြည်တော်ပြန် နိုင်ခဲ့ကြအပြီး မြန်မာရွေ့ပြောင်း ကျောင်းတွေမှာ ကျောင်းသားတွေ အတော်လေး နည်းပါး သွားခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၁ စစ်တပ်ရဲ့အာဏာသိမ်းမှုဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး သမိုင်းမှာ နိုင်ငံရေးလေပွေ တခုအခြေအနေကနေ ပိုပြင်းထန်တဲ့ တော်လှန်ရေးမုန်တိုင်း အသွင်းပြောင်းလဲသွားအပြီး သိန်းချီတဲ့ ပြည်သူတွေဟာ စစ်တပ်ရဲ့ ဖမ်းဆီးထောင်ချမှု နဲ့ အရပ်သားပစ်မှတ်တွေကိုပါ ဦးတည်တိုက်ခိုက်မှု့တွေကြောင့် အိမ်နီးချင်းနိုင်ငံတွေဆီ ကစင့်ကယား ထွက်ပြေးလာခဲ့ကြရတာပါ။

ဒီလိုအခြေအနေတွေကြောင့်ပဲ ထိုင်းအစိုးရက အသိအမှတ်ပြုထားတဲ့  Learning Center တွေလောက်နဲ့ မလောက်ငှနိုင်တော့တဲ့အထိ မြန်မာရွှေ့ပြောင်းကျောင်းသား အရေအတွက် ပူပေါင်းဟာ ပေါက်ကွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုမျိုး ကျောင်းသားနဲ့ ကျောင်း အင်အားမမျှတဲ့ အချိန်မှာပဲ ထိုင်းအစိုးရက မြန်မာရွေ့ပြောင်း ကျောင်းတချို့ကို ဝင်ရောက်စီးနင်း ဖမ်းဆီးပြီး ဆရာ၊ ဆရာမတွေကို တရားစွဲဆိုတာတွေ ပြုလုပ်တယ်ဆိုတဲ့ အခြေအနေတွေဟာလည်း ၂၀၂၄ – ၂၀၂၅ ခုနှစ်ထဲမှာ ဖြစ်ပေါ်ခဲ့ပါတယ်။

“ဒီလိုအခြေအနေက ဆရာမကြီးတို့ကို တုန်လှုပ်စေပါတယ်။ နောက်ပြီး ကြီးကြီးမားမား မဟုတ်ပေမယ့်လည်း အရင်ကထက် စည်းကမ်းတင်းကြပ်တာတွေ များလာတယ်။ သရေကွင်းလို စည်းကမ်းချက်တွေထဲမှာပဲ ကျောင်းမပိတ်ရဖို့အရေး ရုန်းကန်ရပါတယ် ” လို့ ဒေါ်တင်အေးက ဆိုပါတယ်။

Burmese migrant students took English lessons at Min Tu Won School near Mae Sot, Tak province, in a makeshift classroom in 2024. These students hope to enter higher education after graduating from the learning center. Photo: Jittrapon Kaicome/HaRDstories

🔹 မူဝါဒအပြောင်းအလဲတွေ

၂၀၂၄ ခုနှစ်ကတည်းက ထိုင်းပညာရေးဌာနက မြန်မာရွေ့ပြောင်းကျောင်းတွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို အကြိမ်ကြိမ် ပြင်ဆင်ပြောင်းလဲခဲ့သလို၊ ကျောင်းတွေမှာ မဖြစ်မနေ ထိုင်းနိုင်ငံသား ဆရာ(သို့) ဆရာမ တဦးခန့်အပ်ရမယ်ဆိုတဲ့ အချက်အပါအဝင် အလှူရှင်တွေနဲ့ ရပ်တည်နေရတဲ့ ရွေ့ပြောင်းကျောင်းတွေ လိုက်နာဖို့ ခက်ခဲတဲ့ စည်းကမ်းချက်တွေကို ထုတ်လာခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

တချိန်တည်းမှာပဲ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေကို ထိုင်းအစိုးရကျောင်းတွေမှာ ပညာသင်ကြားခွင့်ပြုတယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေ၊ ကြေညာချက်တွေ ကိုလည်း ထိုင်းပညာရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

“မြန်မာရွေ့ပြောင်းတွေ ထိုင်းကျောင်းတက်လို့ရတယ်ဆိုတာ ဝမ်းသာစရာ။ ကျေးဇူးတင်စရာ ကောင်းတယ်။ အစိုးရကျောင်းဆိုတော့ အစစ ဆရာမကြီးတို့ ကျောင်းတွေထက် ပြည့်စုံတယ်လေ။ ဒါပေမယ့် အဲ့လိုခွင့်ပြုရုံနဲ့ မိုင်းဂရန့်ကျောင်းတွေကို လျစ်လျူရှုလို့ ပိတ်လိုက်လို့မရဘူး ” လို့ ဒေါ်တင်အေးက မှတ်ချက်ပေးပါတယ်။

ထိုင်းပညာရေးဌာနကတော့ တရားဝင်စာထုတ်ပြန်ထားတာမျိုး မရှိပေမယ့် Learning Center တွေကို စစ်ဆေးရေးဝင်တာ၊ အစည်းဝေးခေါ်တာတွေ ပြုလုပ်တဲ့အခါတိုင်း မြန်မာရွေ့ပြောင်းကျောင်းတွေဟာ အရမ်းကို များပြားနေပြီဖြစ်လို့ စည်းကမ်း မလိုက်နာနိုင်တဲ့ ကျောင်းတွေကို ပိတ်ပစ်မယ်ဆိုတဲ့ ကောလာဟလ တွေကို မြန်မာရွှေ့ပြောင်းကျောင်း အသိုင်းအဝိုင်းမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။

တဖက်မှာလည်း ဒီလိုမျိုး မြန်မာရွေ့ပြောင်းကျောင်းတွေကို လျှော့ချနိုင်ဖို့နဲ့ ကလေးတွေရဲ့ ပညာရေး မနှောင့်နှေး စေဖို့အတွက် ထိုင်းကျောင်းတွေမှာ လက်ခံဖို့ ကြိုးစားပေမယ့်လည်း လက်တွေ့မှာတော့ အဆင်ပြေမှု ရှိမနေပါဘူး။

🔹 ဘာသာစကား အခက်အခဲ

ပညာရေး တဝက်တပျက်နဲ့ ထွက်ပြေးလာရတဲ့ ကလေးတွေအတွက် ထိုင်းနိုင်ငံမှာ ပညာဆက် သင်ကြားနိုင်ဖို့ အရေးတကြီးလိုအပ်တာက ထိုင်းဘာသာစကားကို နားလည်ဖို့လို့ သူကပြောပါတယ်။

“ကလေးငယ်တွေ အတွက်က ပြဿနာ မရှိပေမယ့် ဆယ်ကျော်သက် ကလေးတွေ အတွက်ကျ ပြဿနာရှိလာတယ်။ အဲ့ဒါကို ဆရာမကြီးတို့လို့ မိုင်းဂရန့်ကျောင်းတွေကပဲ ဖြေရှင်းပေးနိုင်တာ ” လို့ ဆက်ပြောပါတယ်။

“ကျောင်းအများစုက လူပြည့်နေကြတာမျိုး ဖြစ်တာ။ သူတို့ လက်ခံနိုင်တဲ့ အနေအထားထက် ကျော်နေတာပေါ့။ အဲ့လို မဟုတ်ဘူးဆိုရင် အသက် ၁၀ နှစ်အောက် တွေကို အနုဘန်ကနေ ပြန်တက်ခိုင်းတဲ့ ကျောင်းတွေပေါ့။ အဲ့တော့ ၁၀ နှစ် အထက်တွေဆိုရင် ကျောင်းအပ် လက်မခံတာ၊ လက်ခံရင်လည်း အနုဘန်ကနေပဲ တက်ခိုင်းတာတွေ ဖြစ်တော့ ကလေးတွေက အဆင်မပြေပြန်ဘူး ” လို့ မဲဆောက်မှာ နှစ်ပေါင်း ၂၀ ကျော်နေထိုင်ခဲ့ပြီး မြန်မာရွေ့ပြောင်းကလေးတွေကို ထိုင်းကျောင်းအပ်နှံနိုင်ဖို့ ကူညီပေးနေတဲ့ ကိုခွန်နောင်က ရှင်းပြပါတယ်။

ဒီအခြေအနေတွေဟာ ထိုင်းအစိုးရကျောင်းတွေက ခွဲခြားဆက်ဆံတာမျိုး မဟုတ်ပဲ အခြေအနေနဲ့ အနေအထားအရကိုက ဆယ်ကျော်သက် ကလေးတွေကို ကျောင်းအပ်လက်ခံနိုင်ဖို့ဟာ အခက်အခဲ ဖြစ်နေရတာလို့ ဆိုပါတယ်။

“အရေးကြီးဆုံးက ဘာသာစကားပဲ။ နားမလည်ရင် သင်လို့မရဘူး။ အဲ့တော့ မြန်မာကျောင်း(မြန်မာရွေ့ပြောင်းကျောင်း)တွေကိုပဲ ပြန်သွားရတယ် ” လို့ ပြောပါတယ်။

🔹 အမျိုးသားရေးဝါဒီတွေရဲ့ ကန့်ကွက်မှု

မြန်မာရွေ့ပြောင်းတွေရဲ့ ဘာသာစကား နားမလည်မှုတွေအပြင် သက်ဆိုင်ရာ ထိုင်းအစိုးရကျောင်းတွေရဲ့ မူဝါဒတွေကြောင့် ကျောင်းအပ်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး ထိုင်းအမျိုးသားရေး အဖွဲ့တွေရဲ့ ကန့်ကွက်မှုတွေလည်း ရင်ဆိုင်နေကြရတာပါ။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်က တက်ကြွလှုပ်ရှားသူ Tae Archiwaဦးဆောင်တဲ့ Thai Intolerance Team အဖွဲ့ဟာ ပညာရေးဝန်ကြီးဌာနမှာ စုရုံးပြီး တရားဝင် အထောက်အထားမရှိတဲ့ ကျောင်းသားတွေကို ကျောင်းအပ်နှံခွင့်ပြုတဲ့ ၂၀၂၅ ခုနှစ် ၊ စည်းမျဉ်းကို ဆိုင်းငံ့ပေးဖို့ ကန့်ကွက်လွှာ တင်သွင်းခဲ့ပါသေးတယ်။

Tae Archiwa တို့က တရားဝင် အထောက်အထားမရှိတဲ့ ကျောင်းသားတွေနဲ့ ပတ်သက်တာကိုသာ ကန့်ကွက်ခဲ့တယ် ဆိုပေမယ့် မဲဆောက်မှာ ရှိနေတဲ့ ထိုင်းကျောင်းတွေမှာတော့ အထောက်အထား ရှိသူတွေပါ ထိုင်းကျောင်းကို အပ်နှံဖို့ ခက်ခဲ ခဲ့ကြပါတယ်။

🔹 အဖြေရှာပြီး ရှေ့ဆက်ဖို့ ကြိုးစားနေဆဲ

လက်ရှိမှာတော့ ထိုင်းအစိုးရဟာ Education for All ဆိုတဲ့ မူဝါဒအရ ကလေးတိုင်း စာသင်ကြားနိုင်ခွင့်ကို အကောင်းဆုံး ပေးဆောင်နိုင်ဖို့ ကြိုးစားနေတာတွေလည်း ရှိနေတယ်လို့ Burmese Migrant Teachers’ Association (BMTA)က ကိုမျိုးမြင့်(အမည်လွှဲ)က ဆိုပါတယ်။

မြန်မာရွေ့ပြောင်း ကျောင်းသားတွေ ရင်ဆိုင်နေရတဲ့ ပညာသင်ကြားခွင့် ဆိုင်ရာ အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့အတွက် အချို့သော စီမံချက် မူဝါဒတွေကို စမ်းသပ်ကျင့်သုံးဖို့ စီစဉ်နေပြီ ဖြစ်သလို ဒီအစီအစဉ်သာ အောင်မြင်ခဲ့ရင် မြန်မာရွေ့ပြောင်းကျောင်းသားတွေဟာ ဘာသာစကား ၃ မျိုးကို သင်ကြားနိုင်မယ့် အခွင့်အရေး ရရှိလာနိုင်တယ်လို့ သူက ခန့်မှန်းထားပါတယ်။

“အသေးစိတ်တွေကို ပြောပြဖို့တော့ ခက်ပါတယ်။ ဒါပေမယ့် အခုဆယ်ကျော်သက် ကလေးတွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ကျွန်တော်တို့ရော ထိုင်းပညာရေးဘက်ကရော ရှာဖွေနေကြပါတယ် ” လို့ ပြောပါတယ်။

#LabourRights #Myanmar #MigrantWorkers
#CanadaFund #CanadafundinThailand
@canadainthailand
#HaRDstories, #hrdstories
@HRDStories
#DeltaNewsAgency #DNA
@deltanewsagency