
” အသက်အပိုင်းခြားနဲ့ ပတ်သက်လို့က အခုခေတ်ကာလမှာတောင် ကွဲလွဲတတ်တာ။ အရင်အချက်အလက်ဆို ပိုပြီးတော့တောင် ယုံကြည်ရခက်တယ်။ ဒီအသက်အရွယ် မဖြစ်နိူင်ဘူး ပြောတာမဟုတ်ဘူး၊ ခိုင်မာတိကျမှုကို မေးခွန်းထုတ်ချင်တာ ”
၂၉၊ဇူလိုင်
ပဲခူးတိုင်း၊တောင်ငူခရိုင်၊ရေတာရှည်မြို့နယ်၊မြို့လှမြို့၊အမှတ် ၅ ရပ်ကွက်မှာ နေထိုင်တဲ့ အဖွားဒေါ်ဖာတမာဟာ အခုဆိုရင် အသက် ၁၁၈ နှစ်ရှိပြီးဆိုပြီး နာမည်ကြီးနေပါတယ်။စစ်အစိုးရရဲ့ ပဲခူးတိုင်းဝန်ကြီးချုပ်ကလည်း အဖွားဒေါ်ဖာတမာကို သွားရောက်တွေ့ဆုံတယ်ဆိုပြီး စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေး မီဒီယာတွေက ဖေါ်ပြနေကြပါတယ်။
ဒေါ်ဖာတမာရဲ့ အသက်နဲ့ပတ်သက်လို့ ယုံကြည်ရတဲ့ အထောက်အထား မတွေ့ရပေမယ့် ဖော်ညွန်းထားတဲ့ အသက်မှာ အသက်၁၁၆နှစ်နဲ့ လက်ရှိကမ္ဘာ့အသက်အကြီးဆုံး ဂင်းနစ်မှတ်တမ်း ယူထားသူ ယူကေနိူင်ငံက Ethel Caterham ထက်၂ နှစ် ပိုကြီးနေတာ တွေ့ရပါတယ်။
မြန်မာနိူင်ငံမှာ ခေတ်အဆက်ဆက် ဘာသာခြား၊လူမျိုးခြားတွေ နိူင်ငံသား စီစစ်ရေးကတ်ရဖို့ ခက်တဲ့အစဥ်အလာကြောင့် အခုထုတ်ပြန်လာတဲ့ အချက်အလက်က ယုံကြည်ဖို့ ခက်တယ်လို့ လဝက အငြိမ်းစား ဝန်ထမ်းတဦးက ဆိုပါတယ်။
” အသက်အပိုင်းခြားနဲ့ ပတ်သက်လို့က အခုခေတ်ကာလမှာတောင် ကွဲလွဲတတ်တာ။ အရင်အချက်အလက်ဆို ပိုပြီးတော့တောင် ယုံကြည်ရခက်တယ်။ ဒီအသက်အရွယ် မဖြစ်နိူင်ဘူး ပြောတာမဟုတ်ဘူး၊ ခိုင်မာတိကျမှုကို မေးခွန်းထုတ်ချင်တာ ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အသက်နဲ့ပတ်သက်ပြီး ကမ္ဘာ့စာရင်းအချက်အလက်နဲ့ ကွဲလွဲတဲ့ အငြင်းပွားစရာ ထုတ်ပြန်တာတွေ အရင်ကလည်း ရှိခဲ့တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
ဂင်းနစ်မှတ်တမ်းမှာ ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် စံချိန်တင်ထားတာ ပြင်သစ်နိုင်ငံက Jeanne Lourse Calmentဆိုသူဖြစ်ပြီး ၁၂၂ နှစ် ၁၆၄ရက်နဲ့ စံချိန်တင်ထားတာဖြစ်ပါတယ်။
ဒါပေမယ့် အာဏာသိမ်းပြီး ၂၀၂၁ အောက်တိုဘာလက တောင်ကြီးမြို့၊ကျောင်းကြီးစုရပ်ကွက်က ဦးကိုကိုကြီးက အသက် ၁၂၇ နှစ်ရှိပြီး မြန်မာနိုင်ငံရဲ့အသက်အကြီးဆုံးလို့ ထုတ်ပြန်ခဲ့တာ ရှိခဲ့ဖူးပါတယ်။
အလားတူ သာယာဝတီခရိုင်၊အုတ်ဖိုမြို့၊သရက်ပင်ကံရွာက ဒေါ်ထွေးကို အသက် ၁၂၈ နှစ်နဲ့ မြန်မာနိုင်ငံမှာ အသက်အကြီးဆုံးဆိုပြီး ၂၀၂၁ နိုဝင်ဘာလမှာ အဲဒီအချိန် စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါသေးတယ်။ ကမ္ဘာ့စံချိန်တွေ အနေနဲ့ တရားဝင် အသိအမှတ်ပြုခံရဖို့က မွေးစာရင်း အထောက်အထားတွေ ခိုင်မှာဖို့ အိုအပ်နေပြီး ၊ လက်တလောမှာတော့ စစ်တပ်က ဝါဒဖြန့်နိုင်လောက်တဲ့ အချက်အလက်တွေ အနေနဲ့သာ ရှိနေတာ ဖြစ်ပါတယ်။