
အီရန်ကတော့ ဘယ်သဘောတူညီချက်မှာမဆို လက်ဘနွန်အပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုတွေ အဆုံးသတ်ရေးကို ထည့်သွင်းဖို့ကြိုးပမ်းနေပါတယ်။
၂၇၊ မေ။
အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဟော်မုဇ်ရေလက်ကြားအနီးက ပစ်မှတ်တွေကို အမေရိကန် တိုက်ခိုက်ခဲ့တာဟာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ရာ ရောက်တယ်လို့ အီရန်က မေလ ၂၆ရက်၊ အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ပိုပြီးတင်းမာသွားစေတဲ့ နောက်ထပ်အချက်ကတော့ အင်္ဂါနေ့မှာ အစ္စရေးက လက်ဘနွန်ကိုလေကြောင်းကနေ အကြိမ် ၁၂၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါဟာ သီတင်းပတ်တွေအတွင်း အပြင်းထန်ဆုံး ဗုံးကြဲမှုတွေထဲက တရက်ဖြစ်တယ်လို့ လက်ဘနွန်လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
အီရန်ကတော့ ဘယ်သဘောတူညီချက်မှာမဆို လက်ဘနွန်အပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုတွေ အဆုံးသတ်ရေးကို ထည့်သွင်းဖို့ကြိုးပမ်းနေပါတယ်။
အီရန်တောင်ပိုင်း ဟော်မုဇ်ဂန်ပြည်နယ်မှာ အင်္ဂါနေ့အစောပိုင်းက ပေါက်ကွဲသံတွေကြားရတယ်လို့ အီရန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အဆိုပါ ဒေသကို အမေရိကန်က တိုက်ခိုက်ခဲ့တာဟာ ခုနစ်ပတ်နီးပါးကြာ ရရှိထားတဲ့ မရေရာတဲ့ အပစ်အခတ်ရပ်စဲရေးကို ဆိုးဆိုးရွားရွား ချိုးဖောက်မှု ဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန်ဘက်ကတော့ တိုက်ခိုက်မှုဟာ ဒုံးကျည်စခန်းတွေနဲ့ မိုင်းထောင်ဖို့ကြိုးစားနေတဲ့ လှေတွေကို ပစ်မှတ်ထားတဲ့ကာကွယ်ရေးသဘောသက်ရောက်တဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ ပြောပါတယ်။
ပဋိပက္ခကို ရပ်တန့်ဖို့ သဘောတူညီချက်တခု ရရှိအောင် ညှိနှိုင်းဖို့ ရက်အနည်းငယ် ကြာနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောပါတယ်။
အစောပိုင်းကတော့ တိုက်ပွဲတွေရပ်တန့်ဖို့နဲ့ ရေလက်ကြားကနေ သင်္ဘောတွေ ပြန်လည်သွားလာနိုင်ဖို့ အကြိုသဘောတူညီချက် တခုအပေါ် တိုးတက်မှုရှိတယ်လို့ နှစ်ဘက်စလုံးက အရိပ်အယောင်ပြခဲ့ဖူးပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေအပြီးမှာတော့ ဟော်မုဇ်ရေလက်ကြားဟာ နည်းလမ်းတခုမဟုတ် တခုနဲ့ ပွင့်နေရမယ်လို့ အိန္ဒိယနိုင်ငံကို သွားနေတဲ့ လေယာဉ်ပေါ်မှာ ရူဘီယိုက သတင်းထောက်တွေကို ပြောကြားပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေနဲ့ စတင်ခဲ့တဲ့ စစ်ပွဲဟာ မကြုံစဖူး ရေနံထောက်ပံ့မှု ပြတ်တောက်မှုကို ဖြစ်စေခဲ့ပြီး စက်သုံးဆီ၊ မြေဩဇာနဲ့ စားသောက်ကုန် စျေးနှုန်းတွေကို မြင့်တက်စေခဲ့ပါတယ်။
ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် ကုန်သွယ်မှုရဲ့ ငါးပုံတပုံခန့် ဖြတ်သန်းသယ်ယူနေကျဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားရဲ့ သွားလာမှုဟာစစ်ပွဲစတင်ကတည်းက ပုံမှန်အဆင့်ရဲ့ အနည်းငယ်မျှသာ ရှိပါတော့တယ်။
ကမ္ဘာ့ရေနံ စံနှုန်းဖြစ်တဲ့ ဘရန့် ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုစျေးနှုန်းဟာ အင်္ဂါနေ့မှာ ၃.၅ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး တစည်ကို ဒေါ်လာ ၁၀၀ ဝန်းကျင်အထိ ရောက်ရှိသွားပါတယ်။
Ref – Reuters