
“လေယာဉ်တွေက နေ့တိုင်းလာတယ်။ ကြည့်ရတာ စခန်းတွေ အသိမ်းခံလိုက်ရပြီထင်တယ်။ အခုတိုက်ပွဲဖြစ်နေတဲ့ ပွိုင့် ၅၀၀ ကုန်းလည်း ရတော့မယ်ကြားတယ်” လို့ ပန်းတောင်းဒေသခံတဦးက ပြောပါတယ်။
၂၆၊ မေ။
ဧရာ၀တီတိုင်း ကြံခင်းမြို့နယ်နဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်အတွင်းရှိ စစ်တပ်ကာကွယ်ရေးပစ္စည်း ထုတ်စက်ရုံ(ကပစ ၁၆)နဲ့ အနီးဆုံးမှာရှိတဲ့ ပွိုင့်(၅၀၀)ဗျူဟာကုန်းရဲ့ ကာကင်းအချို့ကို အာရက္ခတပ်တော် နဲ့ ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
“ပွိုင့် ၅၀၀ ကုန်းထဲကို မရောက်သေးဘူး။ ကာကင်းတွေပဲ ရတာ။ ဒီရက်ပိုင်းမှာပဲ ရလိုက်တာပါ ပတ်ပတ်လည်က ကာကင်း သုံးခုလောက်ရှိမယ်။ အရှင်ဖမ်းမိတာတွေ ရှိတယ်။ လက်နက်တွေလည်း ရထားတယ်” လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။
အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ကပစ ၁၆ နဲ့ အနီးဆုံးမှာရှိတဲ့ ပွိုင့်(၅၀၀) ဗျူဟာကုန်း ကာကင်းစခန်းတွေကို ပြီးခဲ့တဲ့ မတ်လဆန်းကတည်းက စတင်တိုက်ခိုက်ခဲ့နေတာဖြစ်ပြီး မတ်လ ပထမပတ်အတွင်းကလည်း ကာကင်းစခန်းတခုနဲ့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့ပါသေးတယ်။
အခုအခါ နောက်ထပ်ကာကင်းစခန်းအချို့ ထပ်မံသိမ်းပိုက်ရရှိလိုက်တာပါ။ အဲဒီလို စခန်းသိမ်းတိုက်ပွဲတွေအပြင် စစ်တပ်ဘက်က လေကြောင်းကနေ တိုက်လေယာဉ်တွေ၊ Y12 တွေ အများအပြားအသုံးပြုတိုက်ခိုက်နေ တယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
“လေယာဉ်တွေက နေ့တိုင်းလာတယ်။ ကြည့်ရတာ စခန်းတွေ အသိမ်းခံလိုက်ရပြီထင်တယ်။ အခုတိုက်ပွဲဖြစ်နေတဲ့ ပွိုင့် ၅၀၀ ကုန်းလည်း ရတော့မယ်ကြားတယ်” လို့ ပန်းတောင်းဒေသခံတဦးက ပြောပါတယ်။
အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ကပစ ၁၆ အနီးရှိ ပွိုင့် ၆၆၆ စခန်းကုန်းကို အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် ကပစ ၁၆ နဲ့ အနီးဆုံးမှာရှိတဲ့ ကာကင်းစခန်းတွေနဲ့ ကပစ ၁၆ တို့ကို အရှိန်အဟုန်မြင့်ကာ ထိုးစစ်ဆင် တိုက်ခိုက်လာတာ ဖြစ်ပါ တယ်။
အခု ထိုးစစ်ဆင်နေတဲ့ ကပစ ၁၆ ဟာ TNT ယမ်းမှုန့်အပါအဝင်လက်နက်ကြီးတွေအတွက် ယမ်းတွေ အဓိက ထုတ်လုပ်တဲ့စက်ရုံလို့ သိရပြီး အခြားစစ်လက်နက် ပစ္စည်းတွေအတွက် လိုအပ်တဲ့ အရေးကြီး ကုန်ကြမ်းတွေကိုပါ ထုတ်လုတ်တဲ့ စက်ရုံတခုဖြစ်ပါတယ်။
ပန်းတောင်း ကပစ ၁၆ ဟာ ဧရာ၀တီမြစ် အနောက်ဘက်ခြမ်း၊ ပန်းတောင်းမြို့နဲ့ မလှမ်းမကမ်းမှာ တည်ရှိကာ ဧရာ၀တီတိုင်း မြောက်ဘက်အစွန်ဆုံး ကြံခင်းမြို့နယ်နဲ့လည်း မိုင်နှစ်ဆယ်ဝန်းကျင်သာ ကွာဝေးပါတယ်။
အာရက္ခတပ်တော်နဲ့ ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ ဧရာ၀တီမြစ်အနောက်ဘက်ခြမ်း၊ ပုသိမ် – မုံရွာလမ်းမကြီးတ လျှောက်မှာရှိတဲ့ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ)တွေအနီးကို တဖြည်းဖြည်းနဲ့ ချဉ်းကပ်လာနေ ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်နေတာပါ။
ရခိုင်ရိုးမ အရှေ့နောက်ဘက်ခြမ်းရှိ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အားလုံးနီးပါးကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော်ဟာ အမ်း၊ တောင်ကုတ်၊ ဂွ တောင်ကျော်လမ်းတိုင်း ရိုးမအရှေ့ဘက်ခြမ်း ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာ၀တီတိုင်းတို့ထိ ဆင်းကာ ပုသိမ် – မုံရွာတလျှောက် စစ်တပ်စခန်းတွေကို တိုက်ခိုက်ကာ ကပစစက်ရုံတွေကို ချဉ်းကပ် ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။
ဧရာ၀တီမြစ် အနောက်ဘက်ခြမ်း မကွေးတိုင်းနဲ့ ပဲခူးတိုင်းတို့အတွင်းမှာ ကပစစက်ရုံပေါင်း ၁၆ ရုံရှိပြီး အဲဒီထဲက စက်ရုံဆယ်ရုံရဲ့ အနီးဝန်းကျင်တွေမှာ အာရက္ခတပ်တော်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ စစ်ရေးလှုပ် ရှားမှုတွေရှိနေတာဖြစ်ပါ တယ်။
လက်ရှိမှာ အာရက္ခတပ်တော်ဟာ ပဲခူး၊ မကွေး၊ ဧရာ၀တီတိုင်းတို့အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပုသိမ် – မုံရွာ လမ်းမကြီးတလျှောက်နဲ့ အနီးဝန်းကျင်ရှိ ဧရာ၀တီတိုင်း အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ မကွေးတိုင်း ငဖဲ၊ မင်းလှ ပဲခူးတိုင်း ပန်းတောင်းစတဲ့မြို့နယ်တွေမှာ စစ်ကော်မရှင်တပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ နေ့ တိုင်းနီးပါး ရှိနေပါတယ်။
စစ်တပ်ရဲ့ ကပစစက်ရုံတွေကို အာရက္ခတပ်တော်က ဦးတည်တိုက်ခိုက်လာခဲ့ရင် ပဲခူးတိုင်းအတွင်းရှိ ကပစစက်ရုံတွေနဲ့ မိုင်နှစ်ဆယ်ဝန်းကျင်သာ ကွာဝေးတဲ့ ဧရာ၀တီတိုင်း မြန်အောင်၊ ကြံခင်းမြို့နယ်တို့အထိပါ တိုက်ပွဲဧရိယာကျယ် ပြန့်လာနိုင်တယ်လို့ စစ်ရေးနဲ့ နီးစပ်တဲ့ လေးမျက်နှာဒေသခံတဦးက ပြောပါတယ်။