ဧရာ၀တီနဲ့ ပဲခူးစစ်မျက်နှာမှာ စစ်တပ်ဘက်က လက်နက်ချ အလင်းဝင်လာသူ သုံးဆယ်ဝန်းကျင်ရှိ

“ဒီတရက်နှစ်ရက်အတွင်းမှာပဲ အလင်းဝင်လာကြတယ်။ ကိုယ့်ဘက်က ထုတ်ပြန်လာမလား တော့မသိဘူး”

၂၉၊ဇူလိုင်

ဧရာဝတီက သာပေါင်း၊ရေကြည် စစ်မျက်နှာတွေနဲ့ ပဲခူး ၊ ပန်းတောင်းမြို့နယ် စစ်မျက်နှာတွေကနေ ပြည်သူ့စစ်အများစုပါတဲ့ စစ်သားသုံးဆယ်ဝန်းကျင် အလင်းဝင်လာတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

“အလင်းဝင်တာတွေ တောက်လျှောက်ရှိတယ်။ ဧရာ၀တီမှာဆိုရင် ရေကြည်တိုက်ပွဲမှာ အလင်းဝင်တာများတယ်။ အထိနာတော့ ကစဉ့်ကလျားနဲ့ပြေးကြတယ်၊ ပြေးစရာမရှိတော့ အလင်းဝင်ကြတယ်။ နှစ်ဆယ်လောက်ရှိမလားမ သိဘူး” လို့ အာရက္ခတပ်တော်(AA)နဲ့ နီးစပ်တဲ့ ဒေသခံသတင်းရင်းမြစ် ကိုဦးဆန်းက ပြောပါတယ်။

ဒ့ါအပြင် ပဲခူးတိုင်း ကစပ ၁၆ အနီးတိုက်ပွဲမှာလည်း လက်နက်ချအလင်းဝင်သူတွေ တဆယ်ဝန်းကျင်လောက် ရှိ တယ်လို့ ဆိုပါတယ်။

“ဒီတရက်နှစ်ရက်အတွင်းမှာပဲ အလင်းဝင်လာကြတယ်။ ကိုယ့်ဘက်က ထုတ်ပြန်လာမလား တော့မသိဘူး” လို့ ကိုဦးဆန်းက ပြောပါတယ်။

အာရက္ခတပ်တော်(AA)နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဟာ ဧရာ၀တီတိုင်း ရိုးမတောင်ခြေအစပ် ရေကြည်၊ သာ ပေါင်း၊ လေးမျက်နှာမြို့နယ်တို့အတွင်းက စစ်တပ်အထိုင်ချ တပ်စခန်းတွေ၊ ဧရာ၀တီတိုင်းနဲ့ ထိစပ်နေတဲ့ ပန်း တောင်းမြို့နယ်အတွင်းက တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

လက်ရှိမှာ AA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ဟာ ကပစ ၁၆ အနီးရှိ ပွိုင့် ၆၆၆ စခန်းကုန်း၊ ပွိုင့် ၅၀၀ ဗျူဟာကုန်းရဲ့

ကာကင်းစခန်းတွေ အပါအဝင် စခန်းအများအပြားကို သိမ်းယူထားပြီး ပွိုင့် ၅၀၀ ဗျူဟာကုန်းကို ဆက်လက်ထိုးစစ် ဆင်နေကာ တိုက်ပွဲပြင်းထန်နေတာပါ။

အလားတူပဲ ဧရာ၀တီတိုင်းထဲမှာလည်း ရေကြည်မြို့နယ်အတွင်းက တပ်စခန်းဆယ်ကျော်ကို သိမ်းယူထားပြီး ထိုး စစ်တွေ ဆက်လုပ်နေပါတယ်။

အဲဒီလို AA ပူးပေါင်းတပ်ဖွဲ့ရဲ့ စခန်းသိမ်းတိုက်ပွဲတွေ ပြင်းထန်နေချိန်  အာဏာသိမ်းစစ်တပ် ဘက်ကလည်း

လေကြောင်းကနေ တိုက်လေယာဉ်တွေ၊ Y12 တွေ အများအပြား အသုံးပြုတိုက်ခိုက်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

အခုတိုက်ပွဲပြင်းထန်နေတဲ့ ပန်းတောင်းမြို့နယ်ဟာ ဧရာ၀တီတိုင်းမြောက်ဘက်အစွန်ဆုံး ကြံခင်းမြို့နယ်နဲ့ မိုင်နှစ် ဆယ်ဝန်းကျင်သာ ကွာဝေးပါတယ်။

အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဧရာ၀တီတိုင်းအတွင်း ရိုးမတောင်ခြေတလျှောက်က တပ်စခန်း တွေကို တိုက်ခိုက်နေသလို ဧရာ၀တီမြစ်အနောက်ဘက်ခြမ်း၊ ပုသိမ် – မုံရွာလမ်းမကြီးတ လျှောက်မှာရှိတဲ့ စစ် တပ်ရဲ့ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ)တွေအနီးကို တဖြည်းဖြည်းနဲ့ ချဉ်းကပ်လာနေ ပြီး ထိုးစစ်ဆင်တိုက် ခိုက်မှုတွေ လုပ်နေတာပါ။

ရခိုင်ရိုးမ အနောက်ဘက်ခြမ်းရှိ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အားလုံးနီးပါးကို သိမ်းပိုက်ထားတဲ့ AA ဟာ အမ်း၊ တောင်ကုတ်၊ ဂွ တောင်ကျော်လမ်းအတိုင်း ရိုးမအရှေ့ဘက်ခြမ်း ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာ၀တီတိုင်းတို့ထိ ဆင်းကာ ပုသိမ် – မုံရွာတလျှောက် စစ်ကော်မရှင်တပ်စခန်းတွေကို တိုက်ခိုက်ကာ ကပစစက်ရုံတွေကို ချဉ်းကပ် ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။

ဧရာ၀တီမြစ်အနောက်ဘက်ခြမ်း မကွေးတိုင်းနဲ့ ပဲခူးတိုင်းတို့အတွင်းမှာ ကပစစက်ရုံပေါင်း ၁၆ ရုံရှိပြီး အဲဒီထဲက စက်ရုံဆယ်ရုံရဲ့ အနီးဝန်းကျင်တွေမှာ AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ စစ်ရေးလှုပ် ရှားမှုတွေရှိနေတာဖြစ်ပါ တယ်။

လက်ရှိမှာ AA ဟာ ပဲခူး၊ မကွေး၊ ဧရာ၀တီတိုင်းတို့အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပုသိမ် – မုံရွာ လမ်းမကြီးတလျှောက်နဲ့ အနီးဝန်းကျင်ရှိ ဧရာ၀တီတိုင်း လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း၊ မကွေးတိုင်း ငဖဲ၊ မင်းလှ ပဲခူးတိုင်း ပန်းတောင်းစတဲ့မြို့နယ်တွေမှာ စစ်ကော်မရှင်တပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲ တွေ နေ့တိုင်းနီးပါး ရှိနေပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ကပစစက်ရုံတွေကို AA က ဦးတည်တိုက်ခိုက်လာခဲ့ရင် ပဲခူးတိုင်းအတွင်းရှိ ကပစစက်ရုံတွေနဲ့ မိုင်နှစ်ဆယ်ဝန်းကျင်သာ ကွာဝေးတဲ့ ဧရာ၀တီတိုင်း မြန်အောင်၊ ကြံခင်းမြို့နယ်တို့အထိပါ တိုက်ပွဲဧရိယာကျယ် ပြန့်လာနိုင်ပြီး တိုက်ပွဲတွေဟာ ဧရာ၀တီတိုင်း ရွှေသောင်ယံကမ်းခြေ၊ သာပေါင်းမြို့နယ်တို့ကနေ ပုသိမ် – မုံရွာ လမ်းတလျှောက် ကပစစက်ရုံတွေထိ ကျယ်ပြန့်၊ ဆက်စပ်လာနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက ပြောကြပါ တယ်။