
“အမေရိကန်မှာ ယာယီနေထိုင်နေပြီး ဂရင်းကတ် လိုချင်တဲ့ နိုင်ငံခြားသားတယောက်ဟာ လျှောက်ထားဖို့အတွက် မိခင်နိုင်ငံကို ပြန်ရမှာဖြစ်တယ်” လို့ USCIS ကို ကြီးကြပ်ကွပ်ကဲရတဲ့ အမေရိကန် ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
၂၃၊ မေ။
အမေရိကန်နိုင်ငံမှာ ရွှေ့ပြောင်းအခြေချသူတွေကို ထုတ်ပေးတဲ့ ဂရင်းကတ် လျှောက်ထားချင်တဲ့ နိုင်ငံခြားသားတွေဟာ နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် အမေရိကန်နိုင်ငံ ပြင်ပကနေပဲလျှောက်ထားရတော့မယ်လို့ အမေရိကန်နိုင်ငံသားဖြစ်မှုနဲ့ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများအဖွဲ့ (USCIS) က မေလ ၂၂ ရက်၊ သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
အဆိုပါ လုပ်ရပ်ကိုတော့ ကူညီစောင့်ရှောက်ရေးအဖွဲ့တွေက ဝေဖန်ကန့်ကွက်နေကြပါတယ်။
USCIS ဟာ အခုအပြောင်းအလဲကို မူဝါဒရေးရာ ညွှန်ကြားချက်အကျဉ်းချုပ်စာလွှာအတွင်း ကြေညာခဲ့တာဖြစ်ပြီး ထူးခြားတဲ့သက်ညှာခွင့်ပြုချက်မျိုး ပေးဖို့ လို၊ မလို ဆုံးဖြတ်တဲ့အခါ သက်ဆိုင်ရာအချက်အလက်တွေနဲ့ အကြောင်းအရာတွေကို တမှုချင်းစီအလိုက် သေချာစိစစ်ဖို့ အရာရှိတွေကို ညွှန်ကြားထားပါတယ်။
“အမေရိကန်မှာ ယာယီနေထိုင်နေပြီး ဂရင်းကတ် လိုချင်တဲ့ နိုင်ငံခြားသားတယောက်ဟာ လျှောက်ထားဖို့အတွက် မိခင်နိုင်ငံကို ပြန်ရမှာဖြစ်တယ်” လို့ USCIS ကို ကြီးကြပ်ကွပ်ကဲရတဲ့ အမေရိကန် ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
“ဒီမူဝါဒဟာ ဥပဒေဟာကွက်တွေကို အသုံးချဖို့ တွန်းအားပေးသလိုမျိုး မဖြစ်စေဘဲ ကျွန်တော်တို့ရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်ကိုဥပဒေက ရည်ရွယ်ထားတဲ့အတိုင်း လည်ပတ်နိုင်စေမှာ ဖြစ်တယ်” လို့လည်း ဆိုပါတယ်။
ဒုက္ခသည်တွေအပါအဝင် ရွှေ့ပြောင်းအခြေချသူတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ HIAS အဖွဲ့ကတော့ USCIS ဟာ လူကုန်ကူးခံရသူတွေ၊ အလွဲသုံးစားလုပ်ခံရပြီး စွန့်ပစ်ခံရတဲ့ ကလေးတွေကို အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့်ပေးမယ့် ဂရင်းကတ်လျှောက်ထားနိုင်ဖို့အတွက် သူတို့ ထွက်ပြေးတိမ်းရှောင် လာခဲ့ရတဲ့ အန္တရာယ်များတဲ့ မိခင်နိုင်ငံတွေဆီကို အဓမ္မပြန်ခိုင်းနေတာဖြစ်တယ်လို့ ပြောပါတယ်။
သောကြာနေ့က လုပ်ဆောင်လိုက်တဲ့ မူဝါဒအပြောင်းအလဲဟာ အမေရိကန်နိုင်ငံထဲကို ရွှေ့ပြောင်းအခြေချမှုကို တင်းကျပ်ဖို့အတွက် ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လုပ်ဆောင်ခဲ့တဲ့ ဆက်တိုက်အရေးယူဆောင်ရွက်မှုတွေထဲကနောက်ဆုံးခြေလှမ်းတခု ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ထရမ့်အစိုးရဟာ ကျောင်းသားတွေ၊ ယဉ်ကျေးမှုဖလှယ်ရေးနဲ့ လာရောက်သူတွေ၊ သတင်းမီဒီယာသမားတွေရဲ့ ဗီဇာသက်တမ်းကို လျှော့ချဖို့ ဆောင်ရွက်ခဲ့ပါသေးတယ်။ ဇန်နဝါရီလတုန်းကလည်း သမ္မတထရမ့် ရာထူးတက်လာပြီးကတည်းက ဗီဇာ တသိန်းကျော်ကို ပယ်ဖျက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
Ref – Reuters