အမေရိကန် စိုက်ပျိုးရေးထွက်ကုန် တရုတ် တနှစ် အနည်းဆုံး ဒေါ်လာ ၁၇ ဘီလီယံဖိုး ဝယ်မယ်

အခုပြောတဲ့ ဒေါ်လာ ၁၇ ဘီလီယံဆိုတဲ့ ပမာဏထဲမှာ ၂၀၂၅ ခုနှစ် အောက်တိုဘာလတုန်းက တရုတ်နိုင်ငံဘက်က ကတိပြုထားခဲ့တဲ့ ပဲပုပ်ဝယ်ယူမယ့်ပမာဏ မပါဝင်သေးဘူးလို့လည်း အိမ်ဖြူတော်က ပြောပါတယ်။

 

၁၈၊ မေ။

 

တရုတ်နိုင်ငံဟာ ၂၀၂၆၊ ၂၀၂၇ နဲ့ ၂၀၂၈ ခုနှစ်တွေမှာ အမေရိကန်ရဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို တနှစ်ကို အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံဖိုး ဝယ်ယူဖို့ ကတိပြုထားတယ်လို့ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့တဲ့ အိမ်ဖြူတော်ရဲ့ အနှစ်ချုပ်စာစောင်မှာ ဖော်ပြထားပါတယ်။

 

အဆိုပါ ကတိကဝတ်ကို ပြီးခဲ့တဲ့အပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်အတွင်း သဘောတူခဲ့တာဖြစ်ပါတယ်။

 

အခုပြောတဲ့ ဒေါ်လာ ၁၇ ဘီလီယံဆိုတဲ့ ပမာဏထဲမှာ ၂၀၂၅ ခုနှစ် အောက်တိုဘာလတုန်းက တရုတ်နိုင်ငံဘက်က ကတိပြုထားခဲ့တဲ့ ပဲပုပ်ဝယ်ယူမယ့်ပမာဏ မပါဝင်သေးဘူးလို့လည်း အိမ်ဖြူတော်က ပြောပါတယ်။

 

အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ်က အပြန်အလှန် အခွန်တိုးကောက်ခဲ့ကြတာကြောင့်ကုန်သွယ်ရေး သိသိသာသာ ကျဆင်းသွားခဲ့ပြီးနောက် တရုတ်နိုင်ငံကို တင်ပို့တဲ့ အမေရိကန်ရဲ့ စိုက်ပျိုးရေးထုတ်ကုန် တင်ပို့မှုဟာသိသိသာသာ လျော့နည်းသွားခဲ့ပါတယ်။

 

၂၀၂၅ ခုနှစ်မှာတော့ နှစ်အလိုက် ကုန်သွယ်မှုပမာဏ ၆၅.၇ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၈.၄ ဘီလီယံပဲရှိပါတော့တယ်။

 

တရုတ်နိုင်ငံဟာ ထရမ့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းကတည်းက အမေရိကန် လယ်ယာထွက်ကုန်တွေအပေါ် မှီခိုနေရမှုကိုသိသိသာသာ လျှော့ချခဲ့တာပါ။

 

သူ သမ္မတရာထူးကို ပြန်မရခင် တနှစ်အလိုဖြစ်တဲ့ ၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ပဲပုပ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကိုပဲအမေရိကန်ကနေ တင်သွင်းခဲ့ပါတော့တယ်။ ဒါဟာ ၂၀၁၆ ခုနှစ်က တင်သွင်းခဲ့တဲ့ ၄၁ ရာခိုင်နှုန်းနဲ့ယှဉ်ရင် အများကြီး လျော့ကျသွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန် အမဲသားထုတ်လုပ်ရေးလုပ်ငန်းတွေအပေါ် ပိတ်ပင်ထားမှုကို ပြန်လည်ရုပ်သိမ်းဖို့နဲ့ ကြက်ငှက်တုပ်ကွေးရောဂါ ကင်းစင်ကြောင်း သတ်မှတ်ထားတဲ့ အမေရိကန်ပြည်နယ်တွေကနေ ကြက်ငှက်အသားတွေ ပြန်လည်တင်သွင်းနိုင်ဖို့အတွက် တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

 

တရုတ်အစိုးရရဲ့ အစောပိုင်းထုတ်ပြန်ချက်တွေကို အတည်ပြုတဲ့အနေနဲ့ ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး အဆိုပါ နှစ်နိုင်ငံဟာ အမေရိကန်-တရုတ် ကုန်သွယ်ရေးဘုတ်အဖွဲ့နဲ့ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့တို့ကို ဖွဲ့စည်းသွားမယ်လို့လည်း အိမ်ဖြူတော်ကတနင်္ဂနွေနေ့မှာပဲ ပြောကြားခဲ့ပါသေးတယ်။

 

အဆိုပါ ဘုတ်အဖွဲ့တွေဟာ စိုက်ပျိုးရေးထုတ်ကုန်တွေ ဈေးကွက်ထဲ ဝင်ရောက်နိုင်ရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးသွားမှာဖြစ်သလို နှစ်ဦးနှစ်ဘက် အပြန်အလှန် အခွန်လျှော့ချရေး မူဘောင် အောက်ကနေ ကုန်သွယ်မှုကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ချက်တခုမှာ ပြောကြားထားပါတယ်။

Ref – Reuters