
ကျဉ်းမြောင်းတဲ့ ဟော်မုဇ်ရေလက်ကြားမှာ အကြီးအကျယ် ပိတ်ဆို့နေဆဲဖြစ်တဲ့ အခြေအနေဟာ အဖြေမထွက်ဘဲ ဆက်ရှိနေဦးမယ်ဆိုတဲ့ သတင်းတွေကြောင့် တနင်္လာနေ့မှာ ရေနံတစည်ကို သုံးဒေါ်လာလောက် စျေးတက်သွားခဲ့ပါတယ်။
၁၁၊ မေ။
အမေရိကန်ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်အပေါ် အီရန်ဘက်က ပြန်ကြားချက်ကို သမ္မတ ဒေါ်နယ်ထရမ့်က ချက်ချင်းဆိုသလို ပယ်ချလိုက်ပါတယ်။
အခုလို ပယ်ချလိုက်တာကြောင့် သီတင်းပတ် ၁၀ ပတ်ကြာနေပြီဖြစ်တဲ့ ပဋိပက္ခဟာ ဆက်ပြီးရှည်ကြာသွားနိုင်သလို ဟော်မုဇ်ရေလက်ကြားက သင်္ဘောသွားလာရေး လမ်းကြောင်းတွေလည်း ဆက်ပြီး ရပ်တန့်နေဦးမယ်ဆိုတဲ့ စိုးရိမ်မှုတွေနဲ့အတူ တနင်္လာနေ့မှာ ရေနံစျေးနှုန်းတွေ အရှိန်အဟုန်နဲ့ တက်သွားခဲ့ပါတယ်။
ဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ မျှော်လင့်ချက်နဲ့ အမေရိကန်ဘက်က ကမ်းလှမ်းချက်တခု တင်ပြပြီး ရက်ပိုင်းအကြာ တနင်္ဂနွေနေ့မှာ အီရန်ဘက်က တုံ့ပြန်ချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထဲမှာ အမေရိကန်ရဲ့ မဟာမိတ် အစ္စရေးနဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေတိုက်ခိုက်နေတဲ့ လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးမှာ စစ်ပွဲတွေ အဆုံးသတ်ဖို့ကို အဓိကထား ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ပွဲကြောင့် ထိခိုက်ပျက်စီးမှုတွေအတွက် လျော်ကြေးပေးဖို့ တောင်းဆိုချက်နဲ့ ဟော်မုဇ်ရေလက်ကြားအပေါ် အီရန်ရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကိုလည်း အလေးထားဖော်ပြထားတယ်လို့ အီရန်အစိုးရရုပ်သံက ပြောပါတယ်။
အမေရိကန်အနေနဲ့ ရေတပ်ပိတ်ဆို့ထားတာတွေကို အဆုံးသတ်ဖို့၊ နောက်ထပ် တိုက်ခိုက်မှုတွေ မလုပ်ရေး အာမခံချက်ပေးဖို့၊ စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့နဲ့ အီရန်ရေနံရောင်းချမှုအပေါ် ပိတ်ပင်ထားတာတွေကိုဖယ်ရှားပေးဖို့လည်း အဆိုပါ တုံ့ပြန်ချက်ထဲမှာ တောင်းဆိုထားတယ်လို့ တစိတ်တပိုင်း အစိုးရပိုင်ဖြစ်တဲ့ Tasnim သတင်းဌာနက ဖော်ပြပါတယ်။
အီရန်ရဲ့ အဆိုပြုချက် ထွက်လာပြီး နာရီပိုင်းအတွင်းမှာပဲ ထရမ့်က လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတဆင့်အဆိုပါ အဆိုပြုချက်ကို ပယ်ချလိုက်ပါတယ်။
“ကျွန်တော် ဒါကို သဘောမကျဘူး၊ လုံးဝ လက်ခံနိုင်စရာမရှိဘူး” လို့ ထရမ့်က အသေးစိတ်အချက်အလက်တွေ ထပ်မပြောဘဲ Truth Social မှာ ရေးသားခဲ့ပါတယ်။
အမေရိကန်ဘက်ကတော့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်လိုမျိုး ပိုပြီး အငြင်းပွားဖွယ်ရာဖြစ်တဲ့ ကိစ္စရပ်တွေကို မဆွေးနွေးခင် အရင်ဆုံး တိုက်ပွဲတွေ ရပ်တန့်ဖို့ကိုပဲ အဆိုပြုထားတာပါ။
ကျဉ်းမြောင်းတဲ့ ဟော်မုဇ်ရေလက်ကြားမှာ အကြီးအကျယ် ပိတ်ဆို့နေဆဲဖြစ်တဲ့ အခြေအနေဟာ အဖြေမထွက်ဘဲ ဆက်ရှိနေဦးမယ်ဆိုတဲ့ သတင်းတွေကြောင့် တနင်္လာနေ့မှာ ရေနံတစည်ကို သုံးဒေါ်လာလောက် စျေးတက်သွားခဲ့ပါတယ်။
စစ်မဖြစ်ခင်တုန်းက ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ငါးပုံတပုံဟာ အဆိုပါ ရေလမ်းကြောင်းကနေ သွားခဲ့တာဖြစ်ပြီးအခုစစ်ပွဲမှာတော့ ဒါဟာ အဓိက အကျပ်ကိုင်ရာနေရာတခု ဖြစ်လာခဲ့ပါတယ်။
ထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီအနေနဲ့ လွှတ်တော်ကို ဆက်ပြီး ထိန်းချုပ်နိုင်မလားဆိုတာကို ဆုံးဖြတ်မယ့် တနိုင်ငံလုံးအတိုင်းအတာ ရွေးကောက်ပွဲကျင်းပဖို့ ခြောက်လတောင် မလိုတော့တဲ့အချိန်မှာ အမေရိကန်မဲဆန္ဒရှင်တွေဟာ မြင့်တက်လာတဲ့ စက်သုံးဆီစျေးနှုန်းတွေကို ရင်ဆိုင်နေရပြီး စစ်ပွဲကို သဘောမကျကြဘူးလို့ စစ်တမ်းတွေမှာ တွေ့ရပါတယ်။
နိုင်ငံတကာရဲ့ ထောက်ခံမှုပိုင်းမှာလည်း အမေရိကန်ဟာ အားနည်းနေပါတယ်။ ငြိမ်းချမ်းရေးသဘောတူညီချက် အပြည့်အဝမရှိဘဲ ဒါမှမဟုတ် နိုင်ငံတကာက တာဝန်ပေးအပ်တဲ့ စစ်ဆင်ရေးမျိုး မဟုတ်ဘဲနဲ့ ဟော်မုဇ်ရေလက်ကြားကို ဖွင့်ဖို့ သင်္ဘောတွေလွှတ်ပေးပါဆိုတဲ့ တောင်းဆိုချက်ကို နေတိုးမဟာမိတ်တွေက ငြင်းဆိုထားကြပါတယ်။ ရှေ့ဆက်ပြီး ဘယ်လို သံတမန်ရေး ဒါမှမဟုတ် စစ်ရေးခြေလှမ်းတွေ လာမလဲဆိုတာကတော့မပြတ်သားသေးပါဘူး။
ထရမ့်ဟာ ဗုဒ္ဓဟူးနေ့မှာ တရုတ်ကို ရောက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။ စစ်ပွဲကို အဆုံးသတ်ဖို့နဲ့ စစ်ပွဲကြောင့် ဖြစ်လာတဲ့ ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကို ဖြေရှင်းဖို့ ဖိအားတွေ များနေချိန်မှာ ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဆွေးနွေးမယ့်အထဲမှာ အီရန်အရေးလည်း ပါဝင်နေပါတယ်။
ဝါရှင်တန်နဲ့ သဘောတူညီချက်ရအောင် အီရန်ကို ဖိအားပေးတဲ့နေရာမှာ တရုတ်ရဲ့ ဩဇာအာဏာကို အသုံးချဖို့ ထရမ့်က တရုတ်ဘက်ကို တွန်းအားပေးနေတာပါ။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ အီရန်ဆီက သန့်စင်ပြီး ယူရေနီယံတွေကို ဖယ်ရှားဖို့၊ယူရေနီယံသန့်စင်တဲ့ နေရာတွေကို ဖျက်သိမ်းဖို့နဲ့ အီရန်ရဲ့ လက်ဝေခံအဖွဲ့တွေနဲ့ ပဲ့ထိန်းဒုံးကျည် စွမ်းရည်တွေကို ဖြေရှင်းဖို့အတွက် လုပ်စရာတွေ အများကြီး ကျန်သေးတာကြောင့် စစ်ပွဲ မပြီးသေးကြောင်း ပြောကြားခဲ့ပါတယ်။
သန့်စင်ပြီး ယူရေနီယံတွေကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းကတော့ သံတမန်နည်းလမ်းပဲလို့ CBS သတင်းဌာနရဲ့ 60 Minutes အစီအစဉ် အင်တာဗျူးမှာ နေတန်ယာဟုက ပြောပါတယ်။ ဒါပေမဲ့ အင်အားသုံးဖယ်ရှားမယ့် နည်းလမ်းကိုလည်း သူက ချန်လှပ်ထားတာ မရှိပါဘူး။
အီရန်သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန်ကတော့ အီရန်အနေနဲ့ ရန်သူကို ဘယ်တော့မှ အရှုံးပေး ဒူးထောက်မှာမဟုတ်ဘူးလို့ဆိုသလို အမျိုးသားအကျိုးစီးပွားကို အင်အားနဲ့ ကာကွယ်သွားမယ်လို့လည်းကောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။
#ငြိမ်းချမ်းရေးအဆိုပြုချက် #အီရန် #တုံ့ပြန်မှု #ထရမ့်ပယ်ချ #DeltaNewsAgency #DNA
Ref – Reuters