မိုးဦးကာလ မွေးမြူရေးငါးကန်တွေအတွက် ဘာတွေကြိုတင် ပြင်ဆင်ထားသင့်လဲ

မိုးမရွာခင်မှာ ရှိနေတဲ့ ငါးကန်တွေရဲ့ ရေအရည်အသွေး၊ အပူချိန်တွေဟာ မိုးရွာသွန်းမှု များလာချိန်မှာ ပြောင်းလဲလာမှာ ဖြစ်သလို မိုးအုံ့တာမျိုးတွေကြောင့် နေရောင်ခြည်ရရှိမှု နည်းပါးပြီး အောက်ဆီဂျင် ရရှိမှု နည်းပါးလာတတ်တယ်လို့ သတိပေးထားပါတယ်။

၉၊ မေလ။

မကြာခင်မှာ မုတ်သုန်ဝင်ပြီး မိုးဦးကာလကို ရောက်ရှိလာတော့မှာ ဖြစ်တဲ့အတွက် ဧရာဝတီတိုင်းအတွင်းက ငါးမွေးမြူရေး လုပ်ကိုင်ကြတဲ့ သူတွေအနေနဲ့  ကန်အတွင်းရေလျှံခြင်း၊ ရေကျော်ခြင်းတွေ ဖြစ်နိုင်တာကြောင့် ဂရုစိုက်ကြဖို့ လိုပါတယ်။

ပုံမှန်အားဖြင့် မိုးဦးကာလမှာ ရာသီဥတု အပြောင်းအလဲကြောင့် ငါးကန်ထဲက ငါးတွေဟာ အစာစားနူန်းလျော့ကျပြီး ကြီးထွားနူန်း နှေးသွားတတ်ကြပါတယ်။ ဒါအပြင် ကန်ရေ အရည်အသွေး (ကန်ရေဩဇာ)ကို မိုးရေကြောင့် ရုတ်တရက် ထိန်းလို့မရတာ၊ မိုးများလို့ ကန်ရေလျှံတာ၊ ပြင်ပကရေတွေ ကန်ထဲကိုဝင်လာတာ စတဲ့ ပြဿနာတွေဖြစ်လေ့ရှိပါတယ်။

“ဒီနှစ် ဧရာဝတီတိုင်းဘက်ဆိုရင် ဘာကိုသတိထားရမလဲဆိုတော့ အပူချိန် အရမ်းမြင့်နေရာကနေ မိုးရွာလာတာ ဖြစ်တယ်ဆိုတော့ အလွယ်ပြောရရင် အပူအအေး ချက်ချင်းကူးပြောင်းတာကြောင့် ရောဂါဝင်တာတွေတောင် ဖြစ်လာနိုင်တယ်။ နောက် ကန်ရေဩဇာကို ခဏခဏ စစ်ဆေးပေးဖို့လိုတယ်။ သွင်းအားစုတွေ ဈေးတက်နေချိန်မှာ ပေါ့ဆမှုသေးသေးလေးကနေ ဆုံးရှုံးမှုတွေ ကြီးသွားမယ်ဆိုရင် မတန်ဘူးလေနော် ” လို့ ပန်းတနော်မြို့နယ်ထဲမှာ ငါးမုတ် ငါးမျိုးမွေးမြူရေး လုပ်ကိုင်နေတဲ့ ကိုစိုးက ဆိုပါတယ်။

ကိုစိုးဟာ ရန်ကုန်တိုင်းအတွင်းမှာလည်း မွေးမြူရေးငါသားပေါက်တွေနဲ့ သက်ဆိုင်ရာ အစာ၊ ဆေးဝါးတွေရောင်းချတဲ့ လုပ်ငန်းကိုတွဲဖက်လုပ်ကိုင်နေပြီး ငါးကန်တွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကိုလည်း သူ့ရဲ့ငါးသားပေါက် ရောင်းချတဲ့ လူမှုကွန်ရက် စာမျက်နှာတွေကနေ မျှဝေပေးနေသူဖြစ်ပါတယ်။

“ငါးကန်တွေ ရေနဲ့ပတ်သက်တဲ့ ကိစ္စကို သတိထားဖို့ လိုတာတော့ အမှန်ပါပဲ။ အခုက ဧရာဝတီတိုင်းမှာ နေရာကွက်ကြား ရွာတယ်ဆိုတာတောင်မှ မိုးရေချိန် လက်မနဲ့တွက်ရင် မိုးများတယ်လို့ ပြောလို့ရပါတယ်။ မုတ်သုန်ဝင်လာလို့ မိုးဖြိုင်ဖြိုင်ရွာပြီဆိုရင် ဒီထက်ပိုများလာနိုင်ပါတယ်” လို့ မြန်မာနိုင်ငံ မိုးဇလ ဌာနက ဝန်ထမ်းတဦးက ပြောပါတယ်။

မွေးမြူရေးလုပ်ငန်း ကျွမ်းကျင်သူတွေကတော့ မိုးမရွာခင်မှာ ရှိနေတဲ့ ငါးကန်တွေရဲ့ ရေအရည်အသွေး၊ အပူချိန်တွေဟာ မိုးရွာသွန်းမှု များလာချိန်မှာ ပြောင်းလဲလာမှာ ဖြစ်သလို မိုးအုံ့တာမျိုးတွေကြောင့် နေရောင်ခြည်ရရှိမှု နည်းပါးပြီး အောက်ဆီဂျင်ရရှိမှု နည်းပါးလာတတ်တယ်လို့ သတိပေးထားပါတယ်။

ဒါကြောင့် ဒါတွေနဲ့ ပတ်သက်တဲ့ ဖြည့်ဆည်းပြင်ဆင်ရမှာတွေကို ကြိုတင်ပြင်ဆင်ထားသင့်သလို မိုးများနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေရှိနေတာကြောင့် ငါးကန်တွေရဲ့ ဘောင်တွေမှာ ရေလျှံပေါက်တွေ တပ်ဆင်ထားဖို့၊ ရေကျော်ဝင်လာခြင်းကို တားဆီးနိုင်မယ့် အစီအစဉ်တွေ ပြုလုပ်ထားဖို့တွေ လိုအပ်တယ်လို့ အကြံပြုထားကြပါတယ်။