ပွိုင့် ၅၀၀ ဗျူဟာကုန်းစခန်းတွေမှာ တိုက်ပွဲပြင်းထန်နေ


“အခု တိုက်ပွဲဖြစ်တာက ကပစ ၁၆ မသုန်ရွာနဲ့ သိပ်မဝေးတော့ဘူး။ ကပစ ၁၆ ပြီးရင်လည်း အဲဒီနားက တခြား က ပစတွေကိုပါ တောက်လျောက် ဦးတည်လာမယ်။”

၉၊ မေ။

ကြံခင်းမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပဲခူးတိုင်း ပန်းတောင်မြို့နယ်အတွင်းရှိ စစ်တပ်ကာကွယ်ရေးပစ္စည်း ထုတ်စက်ရုံ(ကပစ ၁၆)နဲ့ အနီးဆုံးမှာရှိတဲ့ ပွိုင့်(၅၀၀)ဗျူဟာကုန်းနဲ့ အဲဒီပတ်လည်က ကာကင်းစခန်းတွေကို အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

“စခန်းငယ်တွေ ရတာရှိတယ်။ အလောင်းနဲ့ လက်နက်တွေလည်း ရတယ်။ လက်နက်ကတော့ အများကြီးရထား တယ်။ ဆက်ပြီးလည်း ရှေ့ထိုးတိုက်နေပါတယ် အခု။ တိုက်ပွဲက ပြင်းနေတုန်းပါ” လို့ မြေပြင်မှာရှိတဲ့ AA နဲ့ နီးစပ် သူစစ်ရေးသတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။

အဲဒီကာကင်စခန်းတွေကို ပြီးခဲ့တဲ့တပတ်လောက်ကတည်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရန်သူ့အလောင်း နှစ် ဆယ်ကျော်နဲ့ လက်နက် ငါးဆယ်ကျော်သိမ်းဆည်းရထားတယ်လို့လည်း သူက ဆိုပါတယ်။

လက်ရှိမှာ အဲဒီစခန်းတွေကနေ ထွက်ပြေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို လိုက်လံရှင်းလင်းနေပြီး ဆက် လက် ထိုးစစ်ဆင်နေတယ်လို့လည်း သိရပါတယ်။

“ထွက်ပြေးလာပြီးတော့ အလင်းဝင်တဲ့ကောင်တွေလည်း ရှိပါတယ်။ ကိုယ့်ဘက်ကတော့ မကြာခင်ထုတ်ပြန်မယ် ထင်တယ် အဲဒါတွေကို” လို့ အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။

AA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ဟာ ကပစ ၁၆ အနီးရှိ ပွိုင့် ၆၆၆ စခန်းကုန်းကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် ကပစ ၁၆ နဲ့ အနီးဆုံးမှာရှိတဲ့ကာကင်းစခန်းတွေနဲ့ ကပစ ၁၆ တို့ကို အရှိန်အဟုန်မြင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

“အခု တိုက်ပွဲဖြစ်တာက ကပစ ၁၆ မသုန်ရွာနဲ့ သိပ်မဝေးတော့ဘူး။ ကပစ ၁၆ ပြီးရင်လည်း အဲဒီနားက တခြား က ပစတွေကိုပါ တောက်လျောက် ဦးတည်လာမယ်။ အေအေနဲ့ မဟာမိတ်တွေက အဲဒီလို ကြိုစားနေတယ်ဆိုတာ မြင်ရတယ်။ ဧရာ၀တီ၊ ပဲခူး၊ မကွေး၊ ရခိုင် စစ်ရေးဆုံမှတ်လုပ်ပြီး ကပစတွေကို သိမ်းလာလိမ့်မယ်” လို့ ရခိုင်ဒေသခံ စစ် ရေးလေ့လာသူတဦးက သုံးသပ်ပါတယ်။

အခု ထိုးစစ်ဆင်နေတဲ့ ကပစ ၁၆ ဟာ TNT ယမ်းမှုန့်အပါအဝင်လက်နက်ကြီးတွေအတွက် ယမ်းတွေ အဓိက ထုတ်လုပ်တဲ့စက်ရုံဖြစ်ပြီး အခြားစစ်လက်နက်ပစ္စည်းတွေအတွက် လိုအပ်တဲ့ အရေးကြီးကုန်ကြမ်းတွေကိုပါ ထုတ်လုတ် တဲ့ စက်ရုံတခုဖြစ်ပါတယ်။

ပန်းတောင်း ကပစ ၁၆ ဟာ ဧရာ၀တီမြစ် အနောက် ဘက်ခြမ်း၊ ပန်းတောင်းမြို့နဲ့ မလှမ်းမကမ်းမှာ တည်ရှိကာ ဧရာ၀တီတိုင်းမြောက်ဘက်အစွန်ဆုံး ကြံခင်းမြို့နယ်နဲ့လည်း မိုင်နှစ်ဆယ်ဝန်းကျင်သာ ကွာဝေးပါတယ်။

အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဧရာ၀တီမြစ်အနောက်ဘက်ခြမ်း၊ ပုသိမ် – မုံရွာလမ်းမကြီးတ လျှောက်မှာရှိတဲ့ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ)တွေအနီးကို တဖြည်းဖြည်းနဲ့ ချဉ်းကပ်လာနေ ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်နေတာပါ။

ရခိုင်ရိုးမ အရှေ့နောက်ဘက်ခြမ်းရှိ ရခိုင်ပြည်နယ် အတွင်းက မြို့နယ်အားလုံးနီးပါးကို သိမ်းပိုက်ထားတဲ့ AA ဟာ အမ်း၊ တောင်ကုတ်၊ ဂွ တောင်ကျော်လမ်းတိုင်း ရိုးမအရှေ့ဘက်ခြမ်း ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာ၀တီတိုင်းတို့ထိ ဆင်းကာ ပုသိမ် – မုံရွာတလျှောက် စစ်ကော်မရှင်တပ်စခန်းတွေကို တိုက်ခိုက်ကာ ကပစစက်ရုံတွေကို ချဉ်းကပ် ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။

ဧရာ၀တီမြစ်အနောက်ဘက်ခြမ်း မကွေးတိုင်းနဲ့ ပဲခူးတိုင်းတို့အတွင်းမှာ ကပစစက်ရုံပေါင်း ၁၆ ရုံရှိပြီး အဲဒီထဲက စက်ရုံဆယ်ရုံရဲ့ အနီးဝန်းကျင်တွေမှာ AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ စစ်ရေးလှုပ် ရှားမှုတွေရှိနေတာဖြစ်ပါတယ်။

လက်ရှိမှာ AA ဟာ ပဲခူး၊ မကွေး၊ ဧရာ၀တီတိုင်းတို့အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပုသိမ် – မုံရွာ လမ်းမကြီးတလျှောက်နဲ့ အနီးဝန်းကျင်ရှိ ဧရာ၀တီတိုင်း အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်၊ မကွေးတိုင်း ငဖဲ၊ မင်းလှ ပဲခူးတိုင်း ပန်းတောင်းစတဲ့မြို့နယ်တွေမှာ စစ်ကော်မရှင်တပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ နေ့ တိုင်းနီးပါး ရှိနေပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ကပစစက်ရုံတွေကို AA က ဦးတည်တိုက်ခိုက်လာခဲ့ရင် ပဲခူးတိုင်းအတွင်းရှိ ကပစစက်ရုံတွေနဲ့ မိုင်နှစ်ဆယ်ဝန်းကျင်သာ ကွာဝေးတဲ့ ဧရာ၀တီတိုင်း မြန်အောင်၊ ကြံခင်းမြို့နယ်တို့အထိပါ တိုက်ပွဲဧရိယာကျယ် ပြန့်လာနိုင်တယ်လို့ စစ်ရေးနဲ့ နီးစပ်တဲ့ လေးမျက်နှာဒေသခံတဦးက ပြောပါတယ်။