အမေရိကန်သမ္မတ ထရမ့် တရုတ်ကို သုံးရက်ကြာခရီးစဉ်သွားမယ်

 

“သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ် ဂျေ ထရမ့်ဟာ မေ ၁၃ ရက်ကနေ ၁၅ ရက်အထိ တရုတ်နိုင်ငံကို နိုင်ငံတော်အဆင့် အလည်အပတ်ခရီး လာရောက်မယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။



၁၁ ၊ မေ

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မေလ ၁၃ ရက်နေ့ကနေ ၁၅ ရက်အထိ တရုတ်နိုင်ငံကို လာရောက်မယ်လို့ ဒီကနေ့ မေလ ၁၁ရက်နေ့မှာပဲ ဘေဂျင်းအစိုးရက အတည်ပြုပြောကြားလိုက်ပါတယ်။

 အဆိုပါခရီးစဉ်အတွင်းမှာ ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ အီရန်အရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေကို အဓိက ဆွေးနွေးသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ဝါရှင်တန်နှင့် ဘေဂျင်းတို့ဟာ ကုန်သွယ်ရေးအခွန်တွေကနေစပြီး အရှေ့အလယ်ပိုင်းစစ်ပွဲ ၊  တရုတ်က သူတို့ရဲ့ နယ်မြေတစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုထားတဲ့ ထိုင်ဝမ်အရေးအထိ အရေးကြီးကိစ္စရပ်တွေမှာ အမြင်မတူမှုတွေ ရှိနေတာပါ။ 

ထရမ့်ဟာ မူလက မတ်လနှောင်းပိုင်း ဒါမှမဟုတ် ဧပြီလအစောပိုင်းမှာ တရုတ်သွားဖို့  စီစဉ်ခဲ့ပေမယ့် အီရန်စစ်ရေးအခြေအနေကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။

“သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ် ဂျေ ထရမ့်ဟာ မေ ၁၃ ရက်ကနေ ၁၅ ရက်အထိ တရုတ်နိုင်ငံကို နိုင်ငံတော်အဆင့် အလည်အပတ်ခရီး လာရောက်မယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံ နှစ်နိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ ခြောက်လကျော်အတွင်း ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကြမည်မှာ ဖြစ်ပါတယ်။

ထရမ့်သည် ဗုဒ္ဓဟူးနေ့မှာ ဘေဂျင်းကို ရောက်မှာဖြစ်ပြီး ကြာသပတေးနဲ့ သောကြာနေ့တွေမှာလည်း ဆွေးနွေးပွဲတွေ  ကျင်းပသွားမှာပါ။ ဒါဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ထရမ့်ရဲ့ ပထမဆုံး တရုတ်ခရီးစဉ်လည်း ဖြစ်ပါတယ်။

အမေရိကန်နှင့် တရုတ်တို့ဟာ အပြန်အလှန် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လွယ်ကူချောမွေ့စေဖို့  ဆွေးနွေးရေးဖိုရမ်တွေ ပြုလုပ်သွားဖို့အပြင် တရုတ်ဘက်က အမေရိကန်ရဲ့ Boeing လေယာဉ်တွေ ၊ စိုက်ပျိုးရေးနဲ့ စွမ်းအင်ကဏ္ဍဆိုင်ရာ ဝယ်ယူမှုတွေကိုလည်း ကြေညာသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

Ref – Reuters