
အဆိုပါ အပျော်စီးသင်္ဘောဟာ ဧပြီ ၁၃ ရက်ကနေ ၁၅ ရက်အထိ ထရစ်စတန် ဒါ ကွန်ညာကျွန်းမှာ ရပ်နားခဲ့ပြီး ခရီးသည်တွေ ကျွန်းပေါ်ဆင်းပြီး လည်ပတ်တာ၊ ဒေသခံဆိုင်တွေနဲ့ အရက်ဆိုင်တွေကို သွားခဲ့တာတွေကို အွန်လိုင်းပေါ်က ဗီဒီယိုမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
၉၊ မေ။
ဇိမ်ခံအပျော်စီးသင်္ဘောပေါ်ကနေ စတင်ခဲ့တဲ့ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ဖို့ ပညာရှင်တွေ ကြိုးစားနေချိန်မှာပဲ သောကြာနေ့မှာဟန်တာဗိုင်းရပ်စ် ကူးစက်မှု သံသယရှိသူ နှစ်ဦး ထပ်တိုးလာပါတယ်။
တဦးက စပိန်မှာဖြစ်ပြီး နောက်တဦးကတော့ အတ္တလန္တိတ်သမုဒ္ဒရာတောင်ပိုင်းက ဝေးလံခေါင်ဖျားတဲ့ ထရစ်စတန် ဒါ ကွန်ညာကျွန်းမှာဖြစ်ပါတယ်။
မိုင်ပေါင်းထောင်ချီဝေးတဲ့ နေရာတွေမှာ အခုလို သတင်းထွက်လာတာဟာ အခုထိ လူ သုံးဦး သေဆုံးထားရတဲ့ အဆိုပါဗိုင်းရပ်စ် အစုလိုက်ကူးစက်မှုအပေါ် စိုးရိမ်မှုတွေကို ပိုတိုးလာစေပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ အဆိုပါ ဗိုင်းရပ်စ်ဟာ လူအများကြား ကူးစက်ဖို့ အခွင့်အလမ်းနည်းတဲ့အပြင်အလွယ်တကူ ကူးစက်တတ်တဲ့ အမျိုးအစား မဟုတ်ဘူးလို့ ထပ်ခါတလဲလဲ ပြောထားပါတယ်။
စပိန်နိုင်ငံအရှေ့တောင်ပိုင်း အလီကန်တေး ပြည်နယ်က အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတဦးမှာ ဟန်တာဗိုင်းရပ်စ် ကူးစက်ခံရတဲ့လက္ခဏာတွေ တွေ့နေရလို့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်နေတယ်လို့ စပိန်ကျန်းမာရေးဌာနက ပြောပါတယ်။
အဆိုပါ အမျိုးသမီးဟာ MV Hondius သင်္ဘောပေါ်မှာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ ဒတ်ခ်ျအမျိုးသမီးတဦးနဲ့ လေယာဉ်ပေါ်မှာ နောက်ကပ်လျက်ထိုင်ခုံမှာ ခေတ္တထိုင်ခဲ့ဖူးတယ်လို့ ကျန်းမာရေးဝန်ကြီး ဂျာဗီယာ ပါဒီလာက သတင်းထောက်တွေကို ပြောပါတယ်။
ဒတ်ခ်ျအမျိုးသမီးကတော့ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က ဂျိုဟန်နက်စ်ဘာ့ဂ်မြို့မှာ လေယာဉ်မထွက်ခင် နေမကောင်းဖြစ်လို့ လေယာဉ်ပေါ်က ဆင်းသွားခဲ့ပြီး နောက်ပိုင်းမှာ ဆေးရုံမှာပဲ သေဆုံးသွားခဲ့ပါတယ်။
ယူကေ ကျန်းမာရေးလုံခြုံမှုအေဂျင်စီရဲ့ အဆိုအရ ထရစ်စတန် ဒါ ကွန်ညာကျွန်းမှာလည်း ဗြိတိန်အမျိုးသားတဦး ဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ သံသယရှိနေပါတယ်။
အဆိုပါ အမျိုးသားဟာ ဧပြီ ၁၃ ရက်ကနေ ၁၅ ရက်အထိ ကျွန်းမှာ ခေတ္တဆိုက်ကပ်ခဲ့တဲ့ ဒတ်ခ်ျအလံတင် သင်္ဘောပေါ်က ခရီးသည်တဦးဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
“ဒီကူးစက်မှုရဲ့ သဘောသဘာဝအရ သင်္ဘောပေါ်ကလူတွေနဲ့ သင်္ဘောပေါ်က ဆင်းသွားတဲ့သူတွေကြားမှာ ပြန့်ပွားပုံတွေကို ကြည့်မယ်ဆိုရင်တော့ သာမန်လူထုအတွက် စိုးရိမ်ရတဲ့အဆင့်က နည်းနေပါသေးတယ်” လို့ WHO ရဲ့ ဗိုင်းရပ်စ်ဆိုင်ရာ ကျွမ်းကျင်သူ အန်နိုက်စ် လီဂန်းက အွန်လိုင်းရှင်းလင်းပွဲမှာ ပြောပါတယ်။
အခု သံသယရှိသူအသစ်နှစ်ဦးစလုံးဟာ မူလကူးစက်မှုဖြစ်စဉ်နဲ့ ဆက်နွှယ်မှုရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကူးစက်မှုတွေ စတင်ခဲ့တဲ့ အပျော်စီးသင်္ဘောဟာ ပြီးခဲ့တဲ့ မတ်လက ခရီးသည် ၁၅၀ လောက်နဲ့ အာဂျင်တီးနားကနေ ထွက်ခွာခဲ့တာဖြစ်ပြီး အန္တာတိတ်နဲ့ တခြားနေရာတွေကို ဝင်ခဲ့ပါတယ်။
အဲဒီနောက် အာဖရိကအနောက်ဘက် ကိပ်ဗာဒီ ရေပြင်ကို ရောက်ချိန်မှာ ကူးစက်မှုသတင်းတွေ ထွက်လာတာကြောင့် ဒီအပတ်ထဲမှာ သင်္ဘောကို ခေတ္တရပ်နားထားခဲ့ပါတယ်။
သင်္ဘောပေါ်က ကူးစက်မှုတချို့ဟာ ဟန်တာဗိုင်းရပ်စ်ရဲ့ အန်းဒီးစ် မျိုးစိတ်ကြောင့် ဖြစ်တယ်လို့ WHO က အတည်ပြုပါတယ်။
အဆိုပါ မျိုးစိတ်ကသာ လူအချင်းချင်း ကူးစက်နိုင်တဲ့ တခုတည်းသော အမျိုးအစားဖြစ်ပြီး ရောဂါလက္ခဏာပြနေသူနဲ့ အချိန်အကြာကြီးအနီးကပ် ထိတွေ့မှုရှိမှသာ ကူးစက်တတ်တာပါ။
သင်္ဘောပေါ်မှာ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တဲ့ အဆိုပါ ကူးစက်မှုကြောင့် ဒတ်ခ်ျစုံတွဲတတွဲနဲ့ ဂျာမနီနိုင်ငံသားတဦး၊ စုစုပေါင်း သုံးဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဗြိတိန် နှစ်ဦး၊ ဒတ်ခ်ျ တဦးနဲ့ ဆွစ်ဇာလန် တဦး၊ စုစုပေါင်း လေးဦးမှာ ဗိုင်းရပ်စ်ရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး နယ်သာလန်၊တောင်အာဖရိကနဲ့ ဆွစ်ဇာလန်နိုင်ငံတွေက ဆေးရုံတွေမှာ ကုသပေးနေပါတယ်။
နောက်ထပ် ငါးဦးမြောက် လူနာတဦးလည်း ရှိနိုင်တယ်လို့ WHO က ဆိုပါတယ်။
အဆိုပါ ကိန်းဂဏန်းတွေထဲမှာတော့ စပိန်နဲ့ ထရစ်စတန် ဒါ ကွန်ညာကျွန်းက သံသယလူနာတွေ မပါသေးပါဘူး။ သောကြာနေ့နှောင်းပိုင်းမှာအခြေအနေသစ်တွေကို ထပ်ပြီး ထုတ်ပြန်ပေးမယ်လို့ ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
ခရီးသည်နဲ့ သင်္ဘောသား ၁၅၀ လောက် ပါလာတဲ့ အဆိုပါ သင်္ဘောဟာ အခုတော့ ကနေရီကျွန်းစုဆီကို ဦးတည်မောင်းနှင်နေပါတယ်။
အဲဒီရောက်ရင်တော့ WHO က ချမှတ်မယ့် စည်းကမ်းချက်သစ်တွေအတိုင်း ရောဂါစစ်ဆေးပြီး သင်္ဘောပေါ်ကနေ ဆင်းခွင့်ပြုမှာ ဖြစ်ပါတယ်။
သင်္ဘောပေါ်မှာတော့ ရောဂါလက္ခဏာပြနေသူ တဦးမှ မကျန်တော့ဘူးလို့ သင်္ဘောလုပ်ငန်းအော်ပရေတာ Oceanwide က ကြာသပတေးနေ့မှာပြောပါတယ်။ သင်္ဘောဟာ တနင်္ဂနွေနေ့အစောပိုင်းမှာ တယ်နရစ်ဖ် ဆိပ်ကမ်းကို ဆိုက်ကပ်မယ်လို့ မျှော်လင့်ရပါတယ်။
အဆိုပါ အပျော်စီးသင်္ဘောဟာ ဧပြီ ၁၃ ရက်ကနေ ၁၅ ရက်အထိ ထရစ်စတန် ဒါ ကွန်ညာကျွန်းမှာ ရပ်နားခဲ့ပြီး ခရီးသည်တွေ ကျွန်းပေါ်ဆင်းပြီး လည်ပတ်တာ၊ ဒေသခံဆိုင်တွေနဲ့ အရက်ဆိုင်တွေကို သွားခဲ့တာတွေကို အွန်လိုင်းပေါ်က ဗီဒီယိုမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာန (CDC) ကတော့ ဟန်တာဗိုင်းရပ်စ် ကူးစက်မှုကို အရေးပေါ်တုံ့ပြန်မှု အဆင့် ၃အဖြစ် သတ်မှတ်ထားပါတယ်။ ဒါဟာ အနိမ့်ဆုံး အရေးပေါ်အဆင့် ဖြစ်ပါတယ်။
တခြားပညာရှင်တွေကလည်း အကြီးအကျယ် ကူးစက်ဖို့ အလားအလာ နည်းတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တာဝန်ရှိသူတွေကတော့ အထူးသတိထားနေကြပြီး သင်္ဘောပေါ်က ဆင်းလာတဲ့ ခရီးသည်တွေနဲ့ ထိတွေ့ခဲ့သူတွေအနေနဲ့ ရောဂါလက္ခဏာတွေကို စောင့်ကြည့်ကြဖို့တိုက်တွန်းထားပါတယ်။
အမေရိကန်ပြည်နယ် တချို့မှာလည်း သင်္ဘောပေါ်က ဆင်းပြီး အိမ်ပြန်လာတဲ့ ခရီးသည်တွေကို ရောဂါလက္ခဏာ မပြပေမဲ့လည်း စောင့်ကြည့်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
စင်ကာပူနိုင်ငံကလည်း သင်္ဘောပေါ်မှာ ပါလာခဲ့တဲ့ ဒေသခံနှစ်ဦးကို ကြာသပတေးနေ့မှာ သီးခြားခွဲထားပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
Ref – Reuters