လူဦးရေ သန်း ၇၀၀ နီးပါးရှိပြီး စီးပွားရေးပမာဏ အမေရိကန်ဒေါ်လာ ၃.၈ ထရီလီယံရှိတဲ့ အာဆီယံဒေသဟာ အဆိုပါ စစ်ပွဲကြောင့် ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရင်ဆိုင်နေရပါတယ်။
၉၊ မေ။
အရှေ့တောင်အာရှခေါင်းဆောင်တွေဟာ ဒေသတွင်း လောင်စာဆီခွဲဝေမှုဆိုင်ရာ မူဘောင်ကို အမြန်ဆုံး အတည်ပြုဖို့ မေလ ၈ ရက်နေ့က တညီတညွတ်တည်း သဘောတူညီခဲ့ကြပါတယ်။
ဒါပေမဲ့ ထိပ်သီးအစည်းအဝေးဟာ အရှေ့အလယ်ပိုင်း အကျပ်အတည်းရဲ့ ရိုက်ခတ်မှုတွေအပေါ် ချက်ချင်းလက်ငင်း တုံ့ပြန်နိုင်မယ့်အစီအစဉ်တရပ်ကိုတော့ မချမှတ်နိုင်ခဲ့ပါဘူး။
ဖိလစ်ပိုင်နိုင်ငံ စီဘူးကျွန်းမှာ တွေ့ဆုံကြတဲ့ ခေါင်းဆောင်တွေဟာ ရေနံတင်သွင်းမှုအပေါ် အကြီးအကျယ် မှီခိုနေရတဲ့ ဒေသအတွက်လောင်စာခွဲဝေမှု သဘောတူညီချက်အပြင် တခြားသော ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ အရေးကြီးတယ်ဆိုတာကို အလေးပေး ပြောကြားခဲ့ကြပါတယ်။
ဟော်မုဇ် ရေလက်ကြား ပိတ်သွားတာကြောင့် ဖြစ်လာတဲ့ မကြုံစဖူး စွမ်းအင်ပြတ်လပ်မှု ဒဏ်ကို အာဆီယံဟာ တော်တော်လေး ခံနေရတာလည်း ဖြစ်ပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကတော့ မိမိတို့ဆန္ဒအလျောက် လုပ်ဆောင်မယ့် ကူးသန်းရောင်းဝယ်ရေးအပေါ်အခြေခံထားတဲ့ အဆိုပါ မူဘောင်ကို အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အမြန်ဆုံး အတည်ပြုနိုင်လိမ့်မယ်လို့ အကောင်းမြင်နေပါတယ်။
ဒါပေမဲ့ လုပ်ငန်းစဉ် အသေးစိတ်တွေကိုတော့ ဆက်ပြီး ညှိနှိုင်းရဦးမယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ တတ်နိုင်သမျှ အကုန်လုံးကို လေ့လာသုံးသပ်နေပါတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောပါတယ်။ အဆိုပါ အစီအစဉ်ကို ချက်ချင်း အကောင်အထည် မဖော်နိုင်တာနဲ့ ပတ်သက်ပြီး စိတ်ပျက်နေကြတဲ့အပေါ် အခုလို ပြန်ဖြေခဲ့တာပါ။
“ဘယ်လိုခွဲဝေမလဲ၊ ဘယ်သူက ဘာရမလဲ၊ ဘယ်လို ငွေချေမလဲ၊ ပိုက်ဆံပေးရမှာလား ဒါမှမဟုတ် အလဲအလှယ် လုပ်မှာလား၊ ဒါမျိုးတွေကျွန်တော်တို့ တခါမှ မလုပ်ဖူးသေးဘူးလေ” လို့ သူက ပြောပါတယ်။
“ပြီးတော့ တခြား လိုအပ်နေတဲ့သူတွေကိုရော ဘယ်လိုလုပ်မလဲ၊ ဘယ်သူ့ကို အရင်ဦးစားပေးမလဲ ဆိုတဲ့ မေးခွန်းတွေကိုလည်း ဆုံးဖြတ်ဖို့လိုပါသေးတယ်” လို့ သူက ဆက်ပြောပါတယ်။
အရှေ့အလယ်ပိုင်း ပဋိပက္ခကို အဆုံးသတ်ဖို့ ကြိုးစားနေကြသလိုပဲ ခေါင်းဆောင်တွေက အမေရိကန်နဲ့ အီရန်ကြား ညှိနှိုင်းအဖြေရှာဖို့တောင်းဆိုတဲ့ ကြေညာချက်တစောင် ထုတ်ပြန်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
အဆိုပါ ထုတ်ပြန်ချက်မှာ ဟော်မုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့လည်း တိုက်တွန်းမှာပါ။ အဲဒီ ရေလက်ကြားဟာ ပဋိပက္ခ မတိုင်ခင်က တနေ့ကို သင်္ဘောအစင်း ၁၃၀ လောက် ဖြတ်သန်းပြီး ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ငါးပုံတပုံလောက်ကို သယ်ယူပို့ဆောင်ပေးနေတဲ့လမ်းကြောင်းကြီး ဖြစ်ပါတယ်။
လူဦးရေ သန်း ၇၀၀ နီးပါးရှိပြီး စီးပွားရေးပမာဏ အမေရိကန်ဒေါ်လာ ၃.၈ ထရီလီယံရှိတဲ့ အာဆီယံဒေသဟာ အဆိုပါ စစ်ပွဲကြောင့် ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရင်ဆိုင်နေရပါတယ်။
စွမ်းအင်ဆိုင်ရာ အရေးပေါ်အခြေအနေကို ကမ္ဘာမှာ အစောဆုံး ကြေညာခဲ့ရတဲ့ နိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်ကတော့ အာဆီယံရေနံမူဘောင်ကို အမြန်ဆုံး စတင်နိုင်ဖို့ တွန်းအားပေးနေတာပါ။
ဒါပေမဲ့ အာဆီယံအတွက် ပေါင်းစပ်ညှိနှိုင်းဖို့ဆိုတာက စိန်ခေါ်ချက်တခု ဖြစ်နေပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ စီးပွားရေးဟာ တနိုင်ငံချင်းစီအလိုက် လျင်လျင်မြန်မြန် တိုးတက်နေပေမဲ့ တသားတည်းဖြစ်ဖို့ကတော့ နှေးကွေးနေဆဲပါပဲ။
အဖွဲ့ဝင် ၁၁ နိုင်ငံကြားမှာ ကွာခြားချက်တွေ အများကြီးရှိနေသလို အာဆီယံရဲ့ သဘောတူညီချက်တွေကို လိုက်နာအောင် ကြပ်မတ်ပေးမယ့်ဗဟိုအာဏာပိုင်အဖွဲ့အစည်းလည်း မရှိပါဘူး။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က စီးပွားရေးဝန်ကြီးတွေဟာ စွမ်းအင်နဲ့ စားနပ်ရိက္ခာ လုံခြုံမှုရှိအောင် ရင်းမြစ်တွေနဲ့ လမ်းကြောင်းတွေကို တိုးချဲ့တာမျိုး အပါအဝင် လက်တွေ့ကျတဲ့ တုံ့ပြန်မှုတွေကို ဖော်ထုတ်ခဲ့ကြပါတယ်။
ဒါပေမဲ့ အဲဒီ အဆိုပြုချက်တွေမှာ အသေးစိတ် အချက်အလက်တွေ မပါဝင်သလို ဘယ်လို အရေးယူဆောင်ရွက်မှုမျိုးတွေ လုပ်မလဲဆိုတာကလည်း မရေမရာ ဖြစ်နေပါသေးတယ်။
ခေါင်းဆောင်တွေကို ပြောကြားတဲ့ မိန့်ခွန်းမှာတော့ မားကို့စ်က အီရန်စစ်ပွဲဟာ ဆင့်ကဲဆင့်ကဲ ထိခိုက်မှုတွေ ဖြစ်စေတယ်လို့ ပြောပါတယ်။
ဒါဟာ အရှေ့တောင်အာရှရဲ့ စီးပွားရေးဟာ ဘယ်လောက်အထိ ထိခိုက်လွယ်သလဲဆိုတာကို ပြသနေတာဖြစ်ပြီး နောင်မှာဖြစ်လာမယ့်စွမ်းအင်ဆိုင်ရာ ရိုက်ခတ်မှုတွေကနေ ကာကွယ်နိုင်မယ့် ယန္တရားတွေ ဖော်ဆောင်ဖို့ တခြားခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်ကိုလည်းသူက ထောက်ခံခဲ့ပါတယ်။
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုကလည်း အာဆီယံအပေါ် သက်ရောက်နေတဲ့ စွမ်းအင်ဆိုင်ရာ ဖိအားတွေဟာ ချက်ချင်း လျော့ပါးသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒါ့အပြင် “ကျွန်တော်တို့ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို မျှော်မှန်းချက်ရှိရှိနဲ့ ကြိုတင်ပြင်ဆင် တည်ဆောက်ထားရမယ်” လို့လည်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
တရုတ်နဲ့ ဖိလစ်ပိုင်တို့ မကြာခဏ ထိပ်တိုက်တွေ့နေတဲ့ တောင်တရုတ်ပင်လယ်ကိစ္စတွေကို ညှိနှိုင်းဖို့အတွက် အာဆီယံ ရေကြောင်းဗဟိုဌာနတခု တည်ထောင်ဖို့ သူ့နိုင်ငံက အဆိုပြုထားတယ်လို့ မားကို့စ်က ပြောပါတယ်။
တောင်တရုတ်ပင်လယ်ဟာ ကမ္ဘာမှာ အငြင်းပွားမှု အများဆုံး ရေပြင်တွေထဲက တခုလည်း ဖြစ်ပါတယ်။ ဘေဂျင်းရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု တောင်းဆိုချက်တွေဟာ တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို လွှမ်းခြုံထားပါတယ်။
အဲဒီထဲမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ဘရူနိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ရဲ့ သီးသန့်စီးပွားရေးဇုန်အစိတ်အပိုင်းတွေလည်း ပါဝင်နေတာပါ။
အာဆီယံ ရေကြောင်းဗဟိုဌာနဟာ ဘယ်နိုင်ငံကိုမှ ထိပ်တိုက်ရင်ဆိုင်ဖို့ မဟုတ်ဘဲ တနှစ်ကို ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ သုံးထရီလီယံကျော်ဖြတ်သန်းနေတဲ့ သင်္ဘောလမ်းကြောင်းတွေမှာ လွတ်လပ်စွာ သွားလာခွင့်ရှိအောင် လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ မားကို့စ်က ရှင်းပြပါတယ်။ ဒါဟာ ဟော်မုဇ် ရေလက်ကြားလိုပဲ အရေးကြီးတယ်လို့ သူက နှိုင်းယှဉ်ပြခဲ့ပါတယ်။
“အကျိုးဆက်တွေကို ကျွန်တော်တို့ အားလုံး ကောင်းကောင်းသိပါတယ်။ တကယ်လို့ တောင်တရုတ်ပင်လယ်မှာသာ အဲဒီလိုမျိုး ပိတ်ဆို့မှုတွေဖြစ်လာရင် အကျိုးဆက်တွေက တွေးကြည့်ရုံနဲ့တင် ထိတ်လန့်စရာပါပဲ” လို့ သူက ပြောပါတယ်။ လက်ရှိ အခြေအနေကိုလည်း ခန့်မှန်းရခက်နေတယ်လို့ သူက ဖော်ပြခဲ့ပါတယ်။
အာဆီယံဟာ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး ဘေဂျင်းနဲ့ ဆွေးနွေးနေတဲ့ ပင်လယ်ပြင်ဆိုင်ရာ ကျင့်ဝတ်ကို ဒီနှစ်ကုန်မှာ အပြီးသတ်ဖို့ရည်မှန်းထားဆဲပါပဲ။
အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ကလည်း ဆွေးနွေးမှုတွေမှာ တကယ့် တိုးတက်မှုတွေ ရှိနေတယ်လို့ ကြာသပတေးနေ့က ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံအပေါ် အာဆီယံရဲ့ အမြင်တွေမှာ အနည်းငယ် ပြောင်းလဲမှု ရှိလာသလို အမည်ခံ အရပ်သားအစိုးရသစ်နဲ့ ဆက်ဆံရေးကိစ္စမှာလည်း ခေါင်းဆောင်တွေကြား သက်ဝင်လှုပ်ရှားပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ မားကို့စ်က ပြောပါတယ်။
ဒါပေမဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့အတွက်တော့ တိုးတက်မှု သိပ်မရှိဘူးလို့ ဆိုပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေကို ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးကတည်းက အာဆီယံ ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားတာပါ။
အခုအခါ သမ္မတ ဖြစ်လာတဲ့ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ကတော့ ဆက်ဆံရေးတွေ ပုံမှန်ပြန်ဖြစ်ဖို့ စိတ်အားထက်သန်နေပါတယ်။
Ref – Asiaone