မုန်တိုင်းလာမယ့် အခြေအနေ ပျက်ပြယ်သွားပြီ

“ အထက်လေပွေလှိုင်း’” ဟာ မုန်တိုင်းအဖြစ် မြန်မာနိုင်ငံဘက်ကို ရွေ့လျားလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ဟာ ပျက်ပြယ်သွားခဲ့ပါတယ်။

၈၊ မေလ။

လာမယ့်မေလလယ်မှာ ဧရာဝတီတိုင်းအတွင်း မိုးများလာတော့မှာဖြစ်ပေမယ့် လေမုန်တိုင်းလိုမျိုး ပြင်းထန်တဲ့ သဘာဝဘေး အန္တရာယ်တွေတော့ ဖြစ်လာနိုင်ချေ မရှိသေးဘူးလို့ မိုးဇလ ပညာရှင် ဦးဝင်းနိုင်က DNA ကို ပြောပါတယ်။

“ GFS ခန့်မှန်းချက်က ပျက်ပါပြီ၊ ECMWF နဲ့ ICON က ခန့်မှန်းတဲ့ UACC (အထက်လေပွေလှိုင်း)ဘဲ ရှိပါတယ်။ မုန်တိုင်းမရှိနိုင်တော့ပါဘူး ၂၀ ရက် နောက်ပိုင်းတချက် ပြန်ကြည့်ရပါမယ်၊ မုတ်သုံဝင်ပြီးသွားရင်တော့ မုန်တိုင်းဖြစ်နိုင်ခြေက မရှိတော့သလောက် ဖြစ်သွားပါမယ်။ ပြင်းထန်တဲ့ သဘာဝဘေးတွေ မရှိနိုင်တော့ဘူး ပြောလို့ ရပါတယ် ” လို့  ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မိုးလေဝသဆိုင်ရာ ခန့်မှန်းတွက်ချက်ပေးတဲ့ မော်ဒယ်တခုဖြစ်တဲ့ GFS က ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ “ အထက်လေပွေလှိုင်း’” ဟာ မုန်တိုင်းအဖြစ် မြန်မာနိုင်ငံဘက်ကို ရွေ့လျားလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ဟာ ပျက်ပြယ်သွားခဲ့ပါတယ်။

ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ ခံစားနေရတဲ့ မိုးရွာသွန်းမှု ဖြစ်စဉ်တွေဟာ အနောက်တောင် မုတ်သုန်လေတွေကြောင့် ဖြစ်ပြီး ရှေ့လျှောက် မိုးပိုမိုရွာသွန်းဖို့ ရှိနေတာကြောင့် လက်ရှိခံစားနေရတဲ့ အပူချိန်တွေဟာလည်း လျော့ကျသွားဖို့ ရှိတယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

ပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ်တွေ မရှိနိုင်သေးဘူးဆိုပေမယ့် မိုးကြိုကာလ၊ မိုးဦးကာတွေမှာ ဖြစ်တတ်တဲ့ မိုးကြိုးပစ်တာ၊ လေပြင်းတိုက်ခတ်တာ၊ စိုက်ဆင်းလေပြင်း တိုက်ခတ်တာ၊ မိုးသီးကြွေတာ စတဲ့အန္တရာယ်တွေကိုတော့ ဆက်တိုက်သတိထားနေဖို့ လိုတယ်လို့ မြန်မာနိုင်ငံ မိုးဇလ ဌာနက ဝန်ထမ်းတဦးက သတိပေးထားပါတယ်။

“မိုးသက်လေပြင်းကြီး မဟုတ်ရင်တောင် လေပြင်းတိုက်ခတ်တာတွေကို သတိထားရမယ်။ ပြီးတော့ ဧရာဝတီတိုင်းအတွက်ဆိုရင် လယ်ယာလုပ်ငန်းခွင်တွေ ပြန်ဝင်ကြတော့မှာဆိုတော့ ပူနေရာကနေ မိုးရွာလိုက်လို့ ထွက်လာနိုင်တဲ့ အန္တရာယ်ရှိ အကောင်တွေကိုလည်း သတိထားဖို့လိုတယ်။ လယ်ယာလုပ်ငန်းခွင်မှာရှိနေတုန်း မိုးတိမ်တောင်တွေဝင်လာပြီဆိုရင် သတိထားနေဖို့လိုတယ် ” လို့ သူကပြောပါတယ်။

မေလ ၁၅ ရက်ဝန်းကျင်မှာ ဘင်္ဂလားပင်လယ်အော်ဘက်ကနေ မြန်မာနိုင်ငံတွင်းကို မုတ်သုန်လေ ဝင်ရောက်လာဖို့ရှိပြီး မိုးဦးကာလကို ရောက်ရှိမှာဖြစ်သလို ဧရာဝတီတိုင်း အပါအဝင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမျာတော့ ဒီထက်စောပြီး မုတ်သုန်ဝင်လာနိုင်တယ်လို့ မိုးဇလ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

ဒီကာလဟာ ပုံမှန် မုတ်သုန်ဝင်ရောက်တဲ့ ကာလဖြစ်သလို ဧရာဝတီတိုင်းက မိုးစပါးနဲ့ မိုးသီးနှံ စိုက်ပျိုးကြမယ့် သူတွေ မြေပြင်၊ လယ်ပြင် လုပ်ကြတဲ့ကာလဖြစ်တာကြောင့် ဒီကာလမှာ မိုးရွာတာဟာ ကောင်းမွန်တယ်လို့ ဇလွန်မြို့နယ်မှာ နေထိုင်တဲ့ လယ်သမားဖြစ်သူ ဦးတိုးကြီးက ဆိုပါတယ်။

“မိုးလယ်ပြင်ကြတဲ့သူတွေအတွက် သတင်းကောင်းပေါ့။ ရှေ့နှစ်တွေက မိုးနောက်ကျတာ၊ မိုးကြီးတာ၊ မိုးနှောင်းကောင်းတာတွေ ဆက်တိုက်ဖြစ်ခဲ့တော့ ဒီနှစ်ရာသီဥတုလေး ကိုယ့်ဘက်ပါစေချင်တယ်”လို့ ဦးတိုးကြီးက ပြောပါတယ်။

ဦးဝင်းနိုင်ကတော့ လာမယ့် ၅ ရက်အတွင်း ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာ မိုးရေချိန် ၆ လက်မထိ ရွာသွန်းနိုင်တယ်လို့ ဆိုထားပါတယ်။