
လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟာ လယ်သမားတွေကို လယ်ယာမြေပိုင်ဆိုင်ခြင်းအထောက်အထား ပုံစံ(၇)အား အ ပေါင်သဘောနဲ့ ယူထားပြီး လယ်တဧအတွက် ကျပ်တသိန်းခွဲနှုန်းနဲ့ လယ်သမားတဦးကို နာမည်တခုအတွက် ဆယ်ဧကစာစီ နှစ်စဉ်ပုံမှန်ထုတ်ချေးပေးလာခဲ့တာဖြစ်ပါတယ်။
၂၉၊ မေ။
ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တွေမှာ လယ်ဖွံ့ဖြိုးရေးဘဏ်က လယ်သမားတွေကို စိုက်ပျိုးရေးစားရိတ် ချေးငွေတွေ ပြန်ဆပ်ဖို့ ဖိအားပေးတောင်းဆိုနေပါတယ်။လယ်ယာဖွံ့ဖြိုးရေးဘဏ်တာဝန်ရှိသူတွေဟာ သက်ဆိုင်ရာ နယ်မြေ ရဲ၊ ထွေအုပ်တွေကတဆင့် အခုလို မိုးဦးကာလ စပါးစိုက်ချိန်ကာလမှာ ဖိအားပေး တောင်းဆိုလာတာ ဖြစ်ပါတယ်။
“မိုးကုန်လို့ စပါးပေါ်စမှာ တခေါက်တောင်းတယ်။ အဲတုန်းကလည်း လယ်သမားတွေကို စာပို့ခြိမ်းခြောက်ပြီး တောင်းတာ။ အခု ထပ်တောင်းပြန်ပြီ။ ဆပ်စရာမရှိရင် ဘယ်လိုဆပ်ရမလဲ၊ လယ်ရောင်းဆပ်ဖို့ကလည်း လယ်တွေ ဝယ်မယ့်သူမရှိဘူး” လို့ လပွတ္တာမြို့နယ်မှ လယ်သမားတဦးဖြစ်တဲ့ ဦးစိန်၀င်းက ပြောပါတယ်။
ဒ့ါအပြင် မြန်အောင်၊ ဖျာပုံ၊ ဇလွန်၊ ဟင်္သာတ၊ ဘိုကလေး စတဲ့မြို့နယ်တွေမှာလည်း အဲဒီလို စိုက်ပျိုးစရိတ်ချေးငွေကို ခြိမ်းခြောက်တောင်းခံတာတွေ ရှိနေတယ်လို့ ပြောကြပါတယ်။
“တောင်းတယ်၊ မပေးနိုင်တဲ့သူတွေလည်းများတယ်” လို့ မြန်အောင်မြို့နယ် မကျည်းကုန်းအုပ်စုမှ လယ်သမားတဦးက ပြောပါတယ်။
လယ်သမားတွေမှာ ပိုးမွှားဖျက်တာ၊ ဓါတ်မြေဩဇာအလုံအလောက်မသုံးနိုင်လို့ အထွက်နည်းတာစတဲ့အ ချက်တွေကြောင့် လယ်ယာလုပ်ငန်းမှ အမြတ်နည်း၊ အရှုံးပေါ်တဲ့အတွက် ချေးငွေတွေ အချိန်မီ ပြန်မဆပ်နိုင်ကြတာ ဖြစ်ပါတယ်။
လက်ရှိမှာ စပါးတင်းတရာကို ၁၄ သိန်းဝန်းကျင်သာရှိနေပြီး စိုက်ထားတဲ့ အရင်းအနှီးတွေနဲ့တွက်ရင် အမြတ်မရဘူး လို့ လယ်သမားတွေက ပြောကြပါတယ်။
လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟာ ဧရာ၀တီတိုင်းအတွင်းရှိ ကျန်မြို့နယ်တွေမှာလည်း အခုလိုမျိုး စိုက် ပျိုးစရိတ်ချေးငွေတွေကို အတင်းအကြပ်၊ ခြိမ်းခြောက်တောင်းတာတွေ ရှိနေတယ်လို့ ဒေသခံလယ်သမားတွေဆီက သိရပါတယ်။
လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟာ လယ်သမားတွေကို လယ်ယာမြေပိုင်ဆိုင်ခြင်းအထောက်အထား ပုံစံ(၇)အား အ ပေါင်သဘောနဲ့ ယူထားပြီး လယ်တဧအတွက် ကျပ်တသိန်းခွဲနှုန်းနဲ့ လယ်သမားတဦးကို နာမည်တခုအတွက် ဆယ်ဧကစာစီ နှစ်စဉ်ပုံမှန်ထုတ်ချေးပေးလာခဲ့တာဖြစ်ပါတယ်။
လယ်သမားတွေဟာ ယခင်အစိုးရအဆက်ဆက်ကတည်းက နှစ်စဉ်ပုံမှန် ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေတွေ ချေးယူနေခဲ့ကြတာဖြစ်ပြီး ပုံမှန်ကာလတွေတုန်းက ချေးငွေဆပ်နိုင်ခဲ့ကြပေမယ့် ရာသီဥတုဖောက်ပြန်မှု၊ ပိုမွှား ဖျက်ဆီးမှု၊ ကိုဗစ်ကာလ စီးပွားရေးကြပ်တည်းမှု၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လယ်ယာသွင်းအားစုတွေ စျေး တက်တာ၊ စပါးစျေးကွက်မတည်ငြိမ်တာတို့ကြောင့် ချေးငွေပြန်ဆပ်နိုင်ဖို့ အခက်တွေ့နေကြရတယ်လို့ သိရပါတယ်။
ဒါပေမယ့် အရပ်သားအစိုးရလက်ထက်မှာတော့ စိုက်ပျိုးစရိတ်ချေးငွေကို အပြည့်အ၀မဆပ်နိုင်ပေမယ့် အတိုးငွေ ပုံမှန်ပေးထားရင် အဆင်ပြေနိုင်ခဲ့ကြပေမယ့် လက်တလော အချိန်မှာတော့ မဖြစ်မနေဆပ်ကြဖို့ ခြိမ်း ခြောက်တောင်းခံနေတာ ဖြစ်ပါတယ်။
“အရပ်သားအစိုးရ၊ ဒီမိုကရေစီအစိုးရလို့ နာမည်ခံထားရင် ပြည်သူတွေကို ကြည့်ဖို့၊ ငဲ့ညာဖို့လိုတယ်။ ဒီလို လယ်သမားတွေကို ဖိနှိပ်နေတာဟာ တိုင်းပြည်အတွက် မကောင်းဘူး” လို့ ဟင်္သာတမြို့နယ်မှ လယ်သမားအရေးဆောင်ရွက်သူတဦးက ပြောပါတယ်။
ယခင်နှစ်တွေတုန်းက စပါးတင်းတရာကို ကျပ်သိန်းနှစ်ဆယ်ကျော်အထိ ရှိခဲ့ရာကနေ အခုအခါ စပါးစျေးတည်ငြိမ် မှုမရှိဘဲ ကျပ် ၁၄ သိန်းဝန်းကျင်ထိ စျေးကျသွားတာကြောင့် ရင်းနှီးထားရတဲ့ အရင်းအနှီးနဲ့ လုပ်အားခတွေ နုတ် လိုက်ရင် အရှုံးပေါ်တဲ့ လယ်သမားတွေ များနေတယ်လို့ ဒေသခံတွေ လယ်သမားတွေက ပြောကြပါတယ်။
ဒ့ါကြောင့် လယ်သမားတွေအတွက် လယ်ယာထွက်ကုန် စပါးစျေးကောင်းရဖို့၊ သွင်းအားစုတွေ စျေးကျဖို့အတွက် စီစဉ်ဆောင်ပေးဖို့လိုအပ်ပြီး အဲဒီလိုဆောင်ရွက်ပေးခြင်းမရှိဘဲ ချေးငွေတွေကိုပဲ ခြိမ်းခြောက်တောင်းခံနေတာဟာ တရားလွန်တယ်လို့ လယ်သမားတွေက ဝေဖန်ကြပါတယ်။
ဧရာ၀တီတိုင်းအတွင်းမှာ အသားတင်စိုက်ပျိုးမြေဧက ၄၈ သိန်းကျော်ရှိပြီး မိုးစပါးစိုက်ဧက ၃၈ သိန်းနီးပါးရှိပေမယ့် အခုနှစ်တွေမှာတော့ စပါးစိုက်ဧက သိန်းနှစ်ဆယ်ဝန်းကျင်ပဲ ရှိတော့ပြီး ထက်ဝက်ဝန်းကျင်ထိ လျော့ကျသွားခဲ့ တယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။