
တရုတ်နိုင်ငံဟာ အဆိုပါ ကွန်မြူနစ်နိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေပြီး ကျူးဘားရဲ့ စားနပ်ရိက္ခာပြတ်လပ်မှု ပြဿနာကို ကူညီဖြေရှင်းပေးဖို့ ဆန်တန်ချိန် ၆၀,၀၀၀လှူဒါန်းမယ်လို့ ကတိပြုထားရာမှာ ပထမဆုံးအသုတ်ဟာ မေလ ၂၄ ရက်နေ့ကတည်းက ရောက်ရှိနေပြီ ဖြစ်ပါတယ်။
၂၉၊ မေ။
ကာရစ်ဘီယံကျွန်းနိုင်ငံဖြစ်တဲ့ ကျူးဘားဟာ အမေရိကန်ရဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ကျူးဘားအစိုးရကို ပံ့ပိုးပေးဖို့နဲ့ အာဏာပြနိုင်ငံရေးနဲ့ ဗိုလ်ကျစိုးမိုးမှုတွေကို ရင်ဆိုင်တွန်းလှန်သွားဖို့ ကတိပြုလိုက်ကြောင်း နယူးယောက်မှာ ပြုလုပ်ခဲ့တဲ့ ကျူးဘားနိုင်ငံခြားရေးဝန်ကြီးနဲ့ဆွေးနွေးပွဲကို ကိုးကားပြီး တရုတ်နိုင်ငံပိုင်မီဒီယာက မေလ ၂၇ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
ကျူးဘားနိုင်ငံဟာ အမေရိကန်ရဲ့ စွမ်းအင်ကဏ္ဍ ပိတ်ဆို့ဖြတ်တောက်မှုဒဏ်ကို ခံစားနေရပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ကျူးဘားနိုင်ငံကို သိမ်းပိုက်ဖို့အရေး ပွင့်ပွင့်လင်းလင်း ပြောဆိုနေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ အဆိုပါ ကွန်မြူနစ်နိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေပြီး ကျူးဘားရဲ့ စားနပ်ရိက္ခာပြတ်လပ်မှု ပြဿနာကို ကူညီဖြေရှင်းပေးဖို့ ဆန်တန်ချိန် ၆၀,၀၀၀လှူဒါန်းမယ်လို့ ကတိပြုထားရာမှာ ပထမဆုံးအသုတ်ဟာ မေလ ၂၄ ရက်နေ့ကတည်းက ရောက်ရှိနေပြီ ဖြစ်ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲအပြီး တရုတ်ဘက်က ထုတ်ပြန်ချက်အရ ဝန်ကြီးဝမ်ယိဟာ ကျူးဘားနိုင်ငံခြားရေးဝန်ကြီး ဘရူနို ရိုဒရီဂွက်ဇ် ပါရီလာကို “တရုတ်နိုင်ငံဟာ တရားမျှတမှုကို ဆက်လက်ဆုပ်ကိုင်ထားပြီး ကျူးဘားဘက်ကနေ ရပ်တည်ပြောဆိုပေးသွားမှာဖြစ်သလို၊ ကျူးဘားပြည်သူတွေရဲ့ တရားမျှတတဲ့ လုပ်ဆောင်ချက်တွေကို ပံ့ပိုးပေးပြီး ကျူးဘားရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝ မြှင့်တင်ရေးအတွက် ကူညီပေးသွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် သူက “နိုင်ငံအားလုံးရဲ့ အချုပ်အခြာအာဏာနဲ့ လွတ်လပ်ရေးကို ပြတ်ပြတ်သားသား လေးစားဖို့ လိုအပ်သလို၊ ပုံစံမျိုးစုံနဲ့ လာမယ့် အာဏာပြနိုင်ငံရေးနဲ့ ဗိုလ်ကျစိုးမိုးမှုတွေကိုလည်း ဆန့်ကျင်ရပါမယ်”လို့ ထည့်သွင်းပြောကြားခဲ့ပြီး ဒါဟာ အမေရိကန်ကို ရည်ရွယ်ပြီး ပြောလိုက်တာ ထင်ရှားပါတယ်။
ထရမ့်အစိုးရဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ စီးနင်းတိုက်ခိုက်မှုတခုအတွင်း ကျူးဘားရဲ့မဟာမိတ်ဖြစ်တဲ့ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ရာထူးကနေ ဖယ်ရှားခဲ့ပြီးတဲ့နောက် ဗင်နီဇွဲလားကနေ ကျူးဘားကို ပို့ပေးနေတဲ့ ရေနံထောက်ပံ့မှုတွေကို ဖြတ်တောက်ခဲ့ပါတယ်။
၁၉၉၆ ခုနှစ်တုန်းက အမေရိကန် အရပ်ဘက်လေယာဉ် နှစ်စင်းကိုပစ်ချခဲ့မှုနဲ့ ပတ်သက်လို့ ကျူးဘားသမ္မတဟောင်း ရာအူးလ် ကက်စထရိုကို ပြီးခဲ့တဲ့အပတ်မှာ အမေရိကန်က တရားစွဲဆိုလိုက်ပါတယ်။
ဒါ့ကြောင့် အမေရိကန်ဟာကျူးဘားအစိုးရကို ဖြုတ်ချဖို့ အကြောင်းပြချက် ရှာနေတာလားဆိုတဲ့ စိုးရိမ်မှုတွေကိုပိုပြီး ကြီးထွားလာစေခဲ့ပါတယ်။
တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်အနေနဲ့ ကျူးဘားအပေါ် တရားစီရင်ရေးဆိုတဲ့ တုတ်ကောက်နဲ့ ခြိမ်းခြောက်နေတာတွေကို ရပ်တန့်ဖို့နဲ့ အချိန်ရှိသရွေ့ စစ်အင်အားသုံးမယ်ဆိုပြီး ခြိမ်းခြောက်နေတာတွေကို ရပ်တန့်ဖို့ တိုက်တွန်းခဲ့ပါတယ်။
Ref – AFP