
“အဓိက ပေါ့ဆကြတာကြောင့် များတယ်။ နေပူရှိန်ကပြင်းတယ်။ ခြောက်သွေ့ရာသီမှာ မီးကို အထူးဂရုစိုက်ဖို့ လိုတယ်။
၇၊ မေလ။
ဧရာဝတီတိုင်းအတွင်းမှာ တလအတွင်း မီးလောင်မှု အနည်းဆုံး ၁၇ ခုရှိခဲ့ပြီး လူ ၂ ဦးသေဆုံးခဲ့ပါတယ်။ ပုသိမ်မြို့မှာ မီးလောင်မှု ၄ မှုနဲ့ အများဆုံးဖြစ်ခဲ့ပြီး ဓနုဖြူမြို့မဈေးကြီး မီးလောင်မှုကတော့ ဆုံးရှုံးမှုအများဆုံး ဖြစ်ခဲ့ပါတယ်။
လူသေဆုံးခဲ့တဲ့ မီးလောင်မှုနှစ်ခုဟာ ဧပြီ ၁၀ ရက်နေ့က ဖြစ်ခဲ့တဲ့ ပုသိမ်မြို့က ရွှေလာဘ်အောင် ဂတ်စ်အိုးဆိုင်မှာ ၁ ဦး၊ ဧပြီ ၃၀ ရက်နေ့က ချောင်းသာ၊ အဇူရာဟိုတယ်ရှေ့မှာဖြစ်ခဲ့တဲ့ ကားမီးလောင်မှုမှာ ၁ ဦးနဲ့ စုစုပေါင်း ၂ ဦးဖြစ်ပါတယ်။
ဓနုဖြူမြို့မဈေးကြီးကတော့ ဧပြီ ၂၆ ရက်နေ့မှာ မီးလောင်ခဲ့တာဖြစ်ပြီး ဆိုင်ခန်းပေါင်း ၂၇၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။
“မီးလောင်မှုတွေနဲ့ ပတ်သက်လို့ မီးသတ်ဘက်က ပြောတာတွေကို နားထောင်ရသလောက်တော့ ပေါ့ဆမီးတွေ များတယ်။ ပေါ့ဆမီးဆိုတာမှာ အများစုက လျှပ်စစ်ပေါ့။ သုံးပြီးရင် ပိတ်ထားဖို့လိုတယ် မပိတ်ထားဘူး မေ့တယ် ဒီလိုမျိုးပေါ့ ” လို့ ဓနုဖြူမြို့နယ်က လူမှုကူညီရေးအသင်းတခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။
မီးလောင်မှုတွေထဲမှာ ကိုင်းကွင်းနဲ့ မြက်ခြောက်ကွင်း မီးလောင်မှုတွေလည်းရှိခဲ့ပြီး ဧပြီ ၂၆ ရက်နေ့က ဖြစ်ခဲ့တဲ့ ပုသိမ်၊ ဝါးနက်ကွင်းက မြက်ခြောက်ကွင်း မီးလောင်မှုဟာ ၂ နာရီကျော် ကြာမြင့်ခဲ့ပြီး ဆေးလိပ်မီးကတဆင့် လောင်ကျွမ်းတာ ဖြစ်နိုင်တယ်လို့ ပုသိမ်မြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက မှတ်ချက်ပြုထားကြပါတယ်။
“အဓိက ပေါ့ဆကြတာကြောင့် များတယ်။ နေပူရှိန်ကပြင်းတယ်။ ခြောက်သွေ့ရာသီမှာ မီးကို အထူးဂရုစိုက်ဖို့ လိုတယ်။ ဒါပေမယ့် အခုက လျှပ်စစ်မီးက မမှန်တော့ ထင်းတွေပြန်သုံးရတယ်။ မီးလာတဲ့အချိန် လုပ်စရာရှိတာတွေ ပြိုင်လုပ်ရင်း မီးပျက်သွားတော့ အကုန်လုံးကို လိုက်ပိတ်ထားဖို့ မေ့တယ်ပေါ့။ တခါတခါကျလည်း ဘယ်သူ့ကို အပြစ်ပြောရမယ် မသိအောင်ဖြစ်ရတယ် ” လို့ ဟင်္သာတမြို့နယ်က အရံမီးသတ် တပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။
ဟင်္သာတမြို့နယ်မှာ တလအတွင်း မီးလောင်မှု ၃ မှုရှိခဲ့ပြီး ဒုတိယအများဆုံး ဒေသဖြစ်ပါတယ်။ DNA က စုစည်းထားတဲ့ အချက်အလက်တွေအရ ဒီမီးလောင်မှုတွေကြောင့် နေအိမ် အလုံး ၁၀၀ ကျော်၊ ဆိုင်ခန်းပေါင်း ၂၇၀ ကျော်၊ စက်ရုံ ၁ ရုံ၊ ဂိုဒေါင် ၂ လုံး၊ စက်သုံးဆီဆိုင် ၁ ဆိုင်၊ ဂတ်စ်ဆိုင် ၁ ဆိုင်၊ ကားတစီး ဆုံးရှုံးခဲ့ရပါတယ်။
ယခုနှစ်နွေရာသီဟာ ပူပြင်းခြောက်သွေ့မှု အားကောင်းနိုင်တာကြောင့် မီးဘေးအန္တရာယ်နဲ့ အပူကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေကို ဂရုစိုက်ကြဖို့ မိုးဇလပညာရှင်တွေက ဆက်တိုက် သတိပေးနေခဲ့တာဖြစ်ပါတယ်။
–
၁။ ဧပြီလ ၁၀ ရက် – ပုသိမ်မြို့၊ ၂ ရပ်ကွက်၊ ရွှေလာဘ်အောင် ဂတ်စ်အိုးဆိုင်။
၂။ ဧပြီလ ၁၁ ရက် – မော်လမြိုင်ကျွန်းမြို့၊ ၉ ရပ်ကွက်။
၃။ ဧပြီလ ၁၅ ရက် – ပုသိမ်မြို့ ၊ ၁ ရပ်ကွက်၊ စက်ရုံ။
၄။ ဧပြီလ ၁၆ ရက်- မအူပင်မြို့၊ ရေလဲကလေး ကျေးရွာ။
၅။ ဧပြီလ ၁၇ ရက် – သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာ။
၆။ ဧပြီလ ၁၈ ရက် – ပုသိမ်မြို့၊ ၃ ရပ်ကွက်၊ မြကျွန်းသာအိမ်ရာ။
၇။ ဧပြီလ ၁၉ ရက် – ပုသိမ်မြို့ ၊ ၁၄ ရပ်ကွက်။
၈။ ဧပြီလ ၂၆ ရက် – ဓနုဖြူမြို့နယ်၊ မြို့မဈေး။
၉။ ဧပြီလ ၂၆ ရက် – ပုသိမ်မြို့၊ ဝါးနက်ကွင်း။
၁၀။ ဧပြီလ ၂၆ ရက် – ဟင်္သာတမြို့၊ တာကလေးကျေးရွာ။
၁၁။ ဧပြီလ ၂၈ ရက် – မြောင်းမြမြို့၊ ပကိတ်ကျေးရွာ။
၁၂။ ဧပြီလ ၂၉ ရက် – ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာ။
၁၃။ ဧပြီလ ၃၀ ရက် – ချောင်းသာ၊ အဇူရာဟိုတယ်ရှေ့၊ ကားမီးလောင်။
၁၄။ ဧပြီလ ၃၀ ရက် – ဟင်္သာတမြို့၊ ပြာကတက်ကျေးရွာ။
၁၅။ မေလ ၂ ရက် – ဟင်္သာတမြို့၊ တလုတ္ထော်ကျေးရွာ။
၁၆။ မေလ ၂ ရက် – ဝါးခယ်မမြို့နယ်၊ ကောင်းထက်ဆီဆိုင်။
၁၇။ မေလ ၇ ရက် – အသုတ်မြို့နယ်၊ အမှတ် ၄ ရပ်ကွက်။