
“ခရီးသည်တင် ကားတွေကတော့ ပုံမှန်လိုပဲ လေးထောင်၊ ငါးထောင်ပေးရတယ်။ ခရီးသည်တွေထဲမှာ ထောက်ခံစာ လည်းမပါ၊ မှတ်ပုံတင်လည်း မပါရင်တော့ ခရီးသည်ရော ကားသမားပါ ပိုက်ဆံတိုးပေးရတယ်။ မဟုတ်ရင် မလွှတ်ဘူး”
၆၊ မေ။
ဧရာ၀တီတိုင်းအတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ ကားနဲ့ ခရီးသွားပြည်သူတွေကို တင်းကြပ်တဲ့ စစ်ဆေးမှုတွေ ပိုလုပ်နေပြီး မှတ်ပုံတင်မပါသူတွေ၊ သက်ပြည့်မှတ်ပုံတင် မလဲရသေးသူတွေ ဆီကနေ ငွေတောင်းတာတွေ ပိုလုပ်လာနေပါတယ်။
“လူတွေကိုတော့ မှတ်ပုံတင် အဓိကစစ်တယ်။ မှတ်ပုံတင်မပါရင် ပိုက်ဆံပေးရတယ်။ အရင်က တသောင်းလောက်ပဲ ပေးရတာ။ ဒီတခေါက် ပန်းတိုင်ဂိတ်မှာ သုံးသောင်းပေးခဲ့ရတယ် မှတ်ပုံတင် ၁၈ နှစ် မလဲရသေးလို့တဲ့။ ဂိတ်က ကောင်တွေက စကားပြောတာလဲ တော်တော်ရိုင်းတယ်” လို့ ဒီလထဲမှာပဲ ရန်ကုန်ကနေ ပုသိမ်သွားခဲ့တဲ့ အမည်မဖော်လိုသူ လူငယ်တဦးက ပြောပါတယ်။
စစ်အစိုးရဟာ ရန်ကုန်တိုင်းကနေ ဧရာ၀တီတိုင်းအဝင် ပန်းတိုင်ဂိတ်အပြင် တိုင်းအတွင်း မြို့တိုင်းမှာလည်း မြို့ဝင်ဂိတ်တွေ ဖွင့်ထားပြီး ကားတွေနဲ့ ခရီးသွားတွေကို စစ်ဆေး၊ ငွေတောင်းတာတွေ လုပ်နေတာပါ။
“ခရီးသည်တင် ကားတွေကတော့ ပုံမှန်လိုပဲ လေးထောင်၊ ငါးထောင်ပေးရတယ်။ ခရီးသည်တွေထဲမှာ ထောက်ခံစာ လည်းမပါ၊ မှတ်ပုံတင်လည်း မပါရင်တော့ ခရီးသည်ရော ကားသမားပါ ပိုက်ဆံတိုးပေးရတယ်။ မဟုတ်ရင် မလွှတ်ဘူး” လို့ ရန်ကုန်ကနေ ဧရာ၀တီတိုင်းသို့ ပြေးဆွဲနေတဲ့ ကားသမားတဦးက ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ကကျင်းပတဲ့ ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ စစ်အစိုးရသစ် လက်ထက်မှာ ရက်တ ရာစီမံကိန်းနဲ့ ပြည်သူတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြား၊ သန်းခေါင်းစာရင်းတွေ အခမဲ့လုပ်ပေးမယ်လို့ ဆိုထားပေမယ့် လက်တွေ့မှာတော့ နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)မလဲရသေးသူတွေဆီကနေ အခုလို ပိုက်ဆံတောင်း တာတွေ ရှိနေတာပါ။
ဒါ့အပြင် မြို့နယ်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်ပေးတဲ့အခါမှာလည်း ငွေပေးနေကြရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဧရာ၀တီတိုင်း ဖျာပုံ၊ ဒေးဒရဲ၊ ပုသိမ်မြို့တို့မှာလည်း ရဲတပ်ဖွဲ့၊ လ၀က၊ စစ်တပ်တွေက မြို့အဝင်အထွက်တွေမှာ ဂိတ်တွေဖွင့်ပြီး ခရီးသွားတွေကို စစ်ဆေးကာ နိုင်ငံသားစိစစ်ရေးကတ်ပြား မပါသူတွေ၊ အသစ်မလဲရသေးသူတွေနဲ့ ကတ်ပြားဟောင်းနွမ်းနေသူ တွေဆီကနေ ငွေကျပ်သောင်းဂဏန်းထိ တောင်းယူတာတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ ရသူတွေက DNA ကို ပြောထားကြပါတယ်။
လမ်းခရီးတွေမှာ အခုလို ငွေကြောင်းတောင်းခံနေတာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ အနှောင့်အယှက် ဖြစ်ကြရတယ်လို့ ပြောကြပါတယ်။
“ကားလက်မှတ်တွေလည်း အခုက မှတ်ပုံတင်မရှိရင် ဖြတ်ဖို့မလွယ်ဘူး” လို့ ဖျာပုံမြို့ခံအမျိုးသမီးတဦးက ပြောပါ တယ်။
စစ်ကော်မရှင်ဟာ ရခိုင်ရိုးမတောင်ခြေတလျှောက် ဧရာ၀တီတိုင်းအတွင်း တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့အချိန်က တည်းက ပုသိမ် – မုံရွာ လမ်းမကြီးတလျှောက်၊ ပုံသိမ် – ရန်ကုန်၊ ပုသိမ် – ငသိုင်းချောင်းလမ်းတလျှောက် စစ်ဆေး ရေးဂိတ်တွေ များစွာ တိုးချကာ နေ့စဉ်စစ်ဆေးမှုတွေ လုပ်နေခဲ့တာဖြစ်ပါတယ်။
ခရီးသွားပြည်သူတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ စစ်ဆေး၊ ငွေတောင်းနေတဲ့အပြင် ဆိုင်ကယ်၊ ကား၊ ဘေးတွဲ၊ ကုန်တင်ကားတွေကိုလည်း လိုင်စင်အထောက်အထားရှိ၊ မရှိ၊ ဦးထုတ်ဆောင်း၊ မဆောင်း စစ်ဆေးကာ ငွေ တောင်းတာတွေလည်း ရှိနေတယ်လို့ ပြောကြပါတယ်။