လေးမျက်နှာ စစ်ရှောင်တွေကို အကြောင်းပြပြီး စစ်တပ်ထောက်ခံသူတွေ ဝါဒဖြန့်နေ

ဘာတွေလိုအပ်နေလဲဆိုရင် အကုန်လိုတယ်နော်။ အခုဆို ခြင်တွေကိုက်တယ် ခြင်ထောင်တွေကအစ အိပ်ဖို့ အခင်းတွေ၊ နေ့စဉ်သုံးဖို့ သုံးရေ၊ သောက်ရေ အကုန်လိုတာ။ နောက် အိမ်သာလိုမျိုးတွေလိုတယ် ”

၆၊ မေလ။

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် လေးမျက်နှာမြို့ပေါ်နဲ့  ဘေးလွတ်ရာ ကျေးရွာတွေကို တိမ်းရှောင်နေကြရတဲ့ စစ်ရှောင်တွေကို တိုင်းအစိုးရအဖွဲ့က ကူညီမှု တစုံတရာမရှိပေမယ့် လူမှုကူညီရေး အသင်းတွေက ကူညီဆောင်ရွက်ပေးနေတာတွေကို အသုံးချပြီး စစ်တပ်လော်ဘီတွေ၊ ထောက်ခံသူတွေက ဝါဒဖြန့်တာတွေ ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက စတင်ခဲ့တဲ့ ဧရာဝတီတိုင်းက စစ်ပွဲတွေကြောင့် လေးမျက်မှာမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာအုပ်စုပေါင်း ၂၀ ဝန်းကျင်လောက်က ဒေသခံ ၁ သောင်းဝန်းကျင်ဟာ စစ်ရှောင်နေရတာပါ။

“အခုက လာလှူကြတယ်ဆိုတာက လူမှုကူညီရေးအဖွဲ့တွေ၊ အလှူရှင်တွေလာကြတာ။ ဒါပေမယ့် သူတို့(ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေ)က ဓာတ်ပုံအရိုက်ခံကြ၊ Tik Tok တင်ကြလုပ်ကြတာ။ မသိရင် သူတို့က စစ်ရှောင်တွေကို စောင့်ရှောက်ပေးနေပါတယ်ပေါ့။ တကယ်အခြေခံ လိုအပ်ချက်တွေကိုကျ တခုမှ လုပ်ပေးတာမျိုး မရှိဘူး” လို့ စစ်ရှောင်ရင်း လေးမျက်နှာမြို့ပေါ်ကို ရောက်လာတဲ့ ကိုဝေယံက ပြောပါတယ်။

ကိုဝေယံဟာ ၂၀၂၅ ခုနှစ် နှောင်းပိုင်းမှာ စစ်ရှောင်လာခဲ့သူဖြစ်ပြီး အရင်က တိုင်းအစိုးရ နေရာချပေးထားတဲ့ စာသင်ကျောင်းတခုမှာ နေထိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အိပ်ယာအပါအဝင် ရေချိုးဖို့၊ ချက်ပြုတ်ဖို့နဲ့ လုံခြုံရေး ကိစ္စတွေမှာပါ စိတ်မချရတဲ့ အခြေအနေ ဖြစ်လာတာကြောင့် မိသားစုနဲ့အတူ မြို့ပေါ်မှာ အိမ်ငှားပြီး ပြောင်းရွေ့နေထိုင် နေသူဖြစ်ပါတယ်။

အခုလို စာသင်ကျောင်းတွေမှာ ထားတယ်ဆိုတာဟာလည်း တိုင်းအစိုးရက စစ်ရှောင်တွေအတွက် နေရာချပေးတယ် ဆိုတာမျိုး မဟုတ်ဘဲ ယာယီထားရှိတာဖြစ်ပြီး အချက်အလက်တွေ ကောက်ယူပြီးသွားရင် ကိုယ့်ဘာသာ နေရာထိုင်ခင်းရှာပြီး ပြောင်းရွေ့ရလေ့ရှိပါတယ်။

“ရွာတွေဘက်မှာတော့ ဘုန်းကြီးကျောင်းတွေမှာ နေကြတာပေါ့။ အိမ်ငှားနေပြန်တော့လည်း ကြာလာတော့ အိမ်ငှားခ မတတ်နိုင်ဘူးလေ။ ဘာတွေလိုအပ်နေလဲဆိုရင် အကုန်လိုတယ်နော်။ အခုဆို ခြင်တွေကိုက်တယ် ခြင်ထောင်တွေကအစ အိပ်ဖို့ အခင်းတွေ၊ နေ့စဉ်သုံးဖို့ သုံးရေ၊ သောက်ရေ အကုန်လိုတာ။ နောက် အိမ်သာလိုမျိုးတွေလိုတယ် ” လို့ စစ်ရှောင်တွေကို အစားအသောက်ပိုင်းဆိုင်ရာ ကူညီပေးနေတဲ့ လူမှုကူညီရေး အဖွဲ့တခုရဲ့ တာဝန်ခံဖြစ်သူက ပြောပါတယ်။

အဲဒီလို လိုအပ်ချက်တွေကို အလှူရှင်တွေ အနေနဲ့ ပြည့်မှီအောင်ပေးနိုင်ဖို့ ခက်ခဲပြီး အများစုဟာ အစားအသောက်ကိုသာ လှူဒါန်းကြလေ့ရှိသလို လွှတ်တော်ကိုယ်စားလှယ် တချို့ဟာလည်း တခါတရံမှာ အစားအသောက်တွေ လှူဒါန်းလေ့ရှိတယ်လို့ စစ်ရှောင်တွေကို ကူညီဆောင်ရွက်ပေးနေသူတွေက ဆိုပါတယ်။

“ကျွန်တော်တို့က စိတ်ရှိတိုင်းလည်း ကူလို့မရဘူး။ စစ်ဆေးရေး အဆင့်ဆင့်ကို ဖြတ်ရတာ။ အခုဆို အိုင်သပြုနဲ့ နှမ်းကုန်းဘက်က စစ်ရှောင်တွေ ဖျားကြတယ်ကြားတယ်။ သူတို့က ဘုန်းကြီးကျောင်းတွေမှာနေကြတာ။ သူတို့ (တိုင်းအစိုးရ)လုပ်ပေးတဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ အဖျားလေးတိုင်း ပါရာလေးပေးတာလောက်ပဲလေ။ ပြီးရင် ပုံလေးရိုက် လိုင်းပေါ်တင် ပြန်သွား ဒါပဲ ” လို့ လေးမျက်မှာ မြို့ပေါ်မှာ နေထိုင်တဲ့ စစ်ရှောင်တွေကို ကူညီပေးနေသူ တဦးက ရှင်းပြပါတယ်။

လေးမျက်နှာမြို့ပေါ်မှာရှိနေတဲ့ စစ်ရှောင်တချို့ကို အလှူရှင်တွေ လာရောက်လှူဒါန်းနေမှုတွေကို Tik Tok အပါအဝင် လူမှုကွန်ရက် စာမျက်နှာတွေမှာ တိုင်းအစိုးရက စစ်ရှောင်တွေကို စောင့်ရှောက်ထားတယ်ဆိုတဲ့ ပုံစံမျိုး ဝါဒဖြန့်နေတာတွေကို စစ်တပ်လော်ဘီတွေ ၊ စစ်တပ်ထောက်ခံသူတွေက  ပြုလုပ်နေပါတယ်။