
၂ ၊ မေ
ဒီနေ့ဆိုရင် ဧရာဝတီတိုင်းဆီကို နာဂစ်မုန်တိုင်းကြီး ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်ကြီးဟာ ၁၈ နှစ်တိုင်တိုင် ရှိခဲ့ပါပြီ ။တချိန်က စစ်အာဏာရှင်တွေလက်အောက်မှာ ဂေဟစနစ်တွေ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းခဲ့သလို ၊ သဘာဝဘေးအန္တာရယ် စီမံခန့်ခွဲမှု ကိစ္စတွေအတွက် မူဝါဒတွေ မရှိသလို ပြည်သူလူထုကို သတင်းအမှောင်ချခဲ့တဲ့အတွက် မသေသင့်ပဲ သေကျေပျက်ဆီးခဲ့ရတဲ့ အနိဌာရုံမြင်ကွင်းတွေဟာ ၁၈ နှစ်ကြာခဲ့တဲ့တိုင်အောင် မမေ့နိုင်အောင် ရှိနေကြဆဲ ဖြစ်ပါတယ်။ အခုလို အဖြစ်ဆိုးမျိုး ထပ်မကြုံရဖို့ ဘာတွေ သတိထားဖို့လိုမယ်၊ ဘာတွေကြိုတင်ပြင်ကြရမလဲဆိုတာကို DNA က မိုးဇလပညာရှင် ဦးဝင်နိုင်နဲ့ တွေ့ဆုံမေးမြန်း ထားပါတယ်။
မေး – နာဂစ်လိုမုန်တိုင်းမျိုး ထပ်မဖြစ်လာဖို့ ကြိုတင်ပြင်ဆင်လို့ ရနိုင်လား။
ဖြေ – နာဂစ်လိုမုန်တိုင်းမျိုး ထပ်မဖြစ်အောင်တော့ သဘာဝတရားကြီးဖြစ်တာကြောင့် ရှောင်လွှဲလို့မရပါဘူး။ အပူလွန်ကဲတာတွေကို ကျော်လွှားနိုင်ဘို့ ကျနော်တို့ တနိုင်ငံထဲကလုပ်လို့ မရလို့ပါ၊ တကမ္ဘာလုံးက လုပ်ရမှာပါ။
မေး – ဒီလိုကြီးမားတဲ့ သဘာဝဘေးအန္တာရယ် ရင်ဆိုင်ရတဲ့အခါမျိုးအတွက် ဘယ်လိုကြိုပြင်ထားရမလဲ။
ဖြေ – ကမ်းရိုးတန်ဒေသတွေမှာ cyclone shelter တွေလုံလောက်အောင် ဆောက်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီခေတ်အခါကြီးမှာ ကျနော်တို့နိုင်ငံအနေနဲ့ လုပ်ပေးနိုင်ဘို့ မလွယ်ပါဘူး။ ဘတ်ဂျက်၊ ဒေသလုံခြုံရေး၊ ဆောက်လုပ်ရေး ပစ္စည်းသယ်ယူပို့ဆောင်ရေး ဆိုတာတွေက အကြီးမားဆုံး စိန်ခေါ်မှုတခုဖြစ်နေတဲ့ ကာလကြီးမို့လို့ပါ။
မေး – နာဂစ်တုန်းက သတင်းအချက်အလက်တွေ ပြည်သူတွေဆီ အချိန်မီ မရောက်ခဲ့လို့ ဆုံးရှုံးမှု များခဲ့တယ်လို့ ပြောကြတယ်။ ခုနောက်ပိုင်းဆိုရင်ရော ထိထိရောက် သတိပေးတာ သတင်းပေးတာတွေ အဆင်သင့် ဖြစ်နိုင်မလား။
ဖြေ – တရားဝင် သတင်းထုတ်တာကတော့ မိုး/ဇလက ထုတ်ရမှာပါ။ Public awareness အတွက် ကျနော်တို့လည်း မုန်တိုင်းအား ၊ လမ်းကြောင်း၊ အရွယ်အစားတွေကို အမှန်ကန်ဆုံးဖြစ်အောင် ခန့်မှန်းပြီး တင်ပေး၊ အသိပေး၊ သတိပေး ဆိုတာတွေ လုပ်ပေးသွားမှာပါ။ ကျနော်ဦးစီးနေတဲ့ MMWeather Team ကတော့ သဘာဝဘေးတွေအတွက် သတင်းတင်ပေးနိုင်ဖို့ အမြဲတမ်းရှိပါတယ်။
မေး – ခုခေတ်က သတင်းမှားတွေလည်းများတော့ ဒါတွေကို ဘယ်လိုကျော်လွှားနိုင်မလဲ။
ဖြေ – အခုအချိန်မှာ ထင်ပေါ်ကျော်ကြားမှုတခုရဖို့ အတွက်နဲ့ AI သုံးပြီး ပုံတွေဆွဲ၊ ခိုင်မာမှုမရှိတဲ့ သတင်းတွေတင်တဲ့သူတွေ ဆိုရှယ်မီဒီယာမှာ ပိုလို့များလာတဲ့အတွက် ဘယ်သတင်းက စိတ်ချရတဲ့ သတင်းဖြစ်လဲဆိုတာ ပြည်သူတွေသိအောင် မိုးလေဝသနဲ့သဘာဝဘေးဆိုင်ရာအသိ၊ ပညာတွေကို ပိုလေ့လာကြဖို့ လိုပါတယ်။
မေး – ဒီနှစ်အတွက် မိုးလေဝသဆိုင်ရာ အခြေအနေတွေ ဘယ်လိုရှိနိုင်လဲ။
ဖြေ – လက်ရှိအချိန်ထိတော့ ပုံမှန်ရာသီဥတု ဖြစ်စဉ်ထဲမှာပဲ ရှိနေတယ်။ ထူးခြားချက်တွေ ဖြစ်လာဖို့ မတွေ့ရသေးဘူး ကျွန်တော်တို့ လေ့လာနေတဲ့ မော်ဒယ်လ်တွေ အရပေါ့။ ဒါပေမယ့် အပူချိန်ကြောင့် ဖြစ်လာနိုင်တဲ့ မိုးကြိုကာလ ဖြစ်တတ်တဲ့ မိုးသက်လေပြင်း တိုက်ခတ်တာမျိုးတွေတော့ ရှိနိုင်ပါတယ်။ ၂၀၂၆ ခုနှစ် မိုးကြိုကာလ (ဧပြီ ၁၆ မှ မေ ၁၅) ENSO လာနီညာကနေ ENSO NEUTRAL ပုံမှန်ကြားနေရာသီဥတုကို အကူးအပြောင်း ဖြစ်ဖို့ရှိမယ်။ မေလမှာ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းတွေရဲ့ အရှိန်သက်ရောက်မှု မရှိဘူးဆိုရင် မိုးအားနည်းနေနိုင်မည်။