
သံသယရှိသူရဲ့ အမည်နဲ့ ဖွင့်ထားတဲ့ LinkedIn ပရိုဖိုင်မှာတော့ သူ့ကိုယ်သူ စက်မှုအင်ဂျင်နီယာနဲ့ ကွန်ပျူတာသိပ္ပံ၊ လွတ်လပ်တဲ့ ဂိမ်းရေးဆွဲသူ၊ မွေးရာပါ ဝါသနာအရ ဆရာတယောက်လို့ ဖော်ပြထားပါတယ်။
၂၇၊ ဧပြီ။
စနေနေ့က ကျင်းပတဲ့ အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲ ပစ်ခတ်မှုအတွင်း ဖမ်းဆီးရမိတဲ့ သံသယရှိသူဟာ ကိုးလ် တောမတ်စ် အလန်ဖြစ်တယ်လို့ တရားဥပဒေစိုးမိုးရေး အရာရှိတဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
သူဟာ လော့စ်အိန်ဂျလိစ်ဒေသမှာ နေထိုင်သူဖြစ်ပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေအရ Caltech တက္ကသိုလ်ကျောင်းဆင်းတဦးဖြစ်သလို အချိန်ပိုင်းဆရာနဲ့ ဂိမ်းရေးဆွဲသူတဦးအနေနဲ့ လုပ်ကိုင်နေသူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အသက် ၃၁ နှစ်ဝန်းကျင်ရှိပြီဖြစ်တဲ့ အလန်ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ တောရင့်စ်မြို့မှာ နေထိုင်သူဖြစ်တယ်လို့ အဆိုပါ အရာရှိက ပြောပါတယ်။ အဲဒီမြို့ဟာ လော့စ်အိန်ဂျလိစ်နဲ့ ကပ်လျက်ရှိတဲ့ South Bay ဧရိယာထဲက ကမ်းခြေမြို့လေးတမြို့ ဖြစ်ပါတယ်။
ကိုလံဘီယာခရိုင် ရဲတပ်ဖွဲ့အကြီးအကဲကတော့ သံသယရှိသူဟာ နှစ်ပတ်လည်ညစာစားပွဲ ကျင်းပနေတဲ့ ဝါရှင်တန်ဟီလ်တန်ဟိုတယ်မှာ တည်းခိုနေတဲ့ ဧည့်သည်တဦးဖြစ်မယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယူဆထားကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဘာကြောင့် အခုလိုပစ်ခတ်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ကိုးလ်နဲ့ ပတ်သက်တဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်တွေအရ သူဟာ တက္ကသိုလ်ဝင်ခွင့်ဖြေဆိုမယ့် ကျောင်းသားတွေကို သင်ကြားပေးတဲ့ C2 Education ရဲ့ တောရင့်စ်ရုံးခွဲမှာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလရဲ့ အကောင်းဆုံးဆရာအဖြစ် ရွေးချယ်ခံခဲ့ရတာကို တွေ့ရပါတယ်။
သံသယရှိသူရဲ့ အမည်နဲ့ ဖွင့်ထားတဲ့ LinkedIn ပရိုဖိုင်မှာတော့ သူ့ကိုယ်သူ စက်မှုအင်ဂျင်နီယာနဲ့ ကွန်ပျူတာသိပ္ပံ၊ လွတ်လပ်တဲ့ ဂိမ်းရေးဆွဲသူ၊ မွေးရာပါ ဝါသနာအရ ဆရာတယောက်လို့ ဖော်ပြထားပါတယ်။
အဆိုပါ အချက်အလက်တွေအရ သူဟာ ၂၀၁၇ ခုနှစ်မှာ Caltech တက္ကသိုလ်ကနေ စက်မှုအင်ဂျင်နီယာ ဘွဲ့ရခဲ့ပြီး ၂၀၂၅ ခုနှစ်မှာတော့ Dominguez Hills မှာရှိတဲ့ ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်ကနေ ကွန်ပျူတာသိပ္ပံ မဟာဘွဲ့ ရရှိခဲ့တာပါ။ Caltech တက္ကသိုလ်ဘက်ကလည်း အဆိုပါ အမည်နဲ့လူဟာ ၂၀၁၇ ခုနှစ်မှာ ကျောင်းဆင်းခဲ့တာ မှန်ကန်ကြောင်း ထုတ်ပြန်ချက်မှာအတည်ပြုထားပါတယ်။
အလုပ်အကိုင် အတွေ့အကြုံတွေအနေနဲ့ သူဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း C2 Education မှာ အချိန်ပိုင်းဆရာအဖြစ်လုပ်ကိုင်ခဲ့သလို ကိုယ်ပိုင်ဂိမ်းရေးဆွဲသူအဖြစ်လည်း လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီမတိုင်ခင်ကတော့ South Pasadena မှာရှိတဲ့ IJK Controls ကုမ္ပဏီမှာ စက်မှုအင်ဂျင်နီယာအဖြစ် တနှစ်ကြာ လုပ်ခဲ့ဖူးသလို Caltech တက္ကသိုလ်မှာလည်း ဆရာ့လက်ထောက်အဖြစ် လုပ်ခဲ့ပါသေးတယ်။
ပရိုဖိုင်မှာပဲ ၂၀၁၆ ခုနှစ်က Caltech မှာ ကျင်းပခဲ့တဲ့ ရိုဘော့ပြိုင်ပွဲမှာ သူ့ရဲ့အဖွဲ့ အနိုင်ရရှိခဲ့တဲ့အကြောင်း ဒေသတွင်းသတင်းစာတစောင်မှာ ဖော်ပြခံရတဲ့ သတင်းကိုလည်း ထည့်သွင်းထားပါတယ်။ သူစိတ်ဝင်စားတဲ့ ကဏ္ဍအောက်မှာတော့ သိပ္ပံနဲ့ နည်းပညာ တခုတည်းကိုပဲ စာရင်းပြထားပါတယ်။
သံသယရှိသူဟာ ပြောင်းချောသေနတ် တလက် ကိုင်ဆောင်ထားပြီး ဝါရှင်တန်ဟီလ်တန် ဟိုတယ်အတွင်းက လုံခြုံရေးအရာရှိတဦးကို စတင်ပစ်ခတ်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတာလို့ လုံခြုံရေးအဖွဲ့က ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာဟာ သမ္မတ ဒေါ်နယ်ထရမ့်၊ ဇနီးဖြစ်သူ မီလာနီယာ၊ ဒုသမ္မတ ဂျေဒီဗန့်စ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ တက်ရောက်နေတဲ့ ခန်းမကြီးရဲ့ အပြင်ဘက်နားမှာ ဖြစ်ပါတယ်။