
ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အရှေ့တောင်အာရှဟာ ဆိုင်ဘာလိမ်လည်မှုတွေရဲ့ ဗဟိုချက်ဖြစ်လာခဲ့ပါတယ်။
၂၇၊ ဧပြီ။
အမေရိကန်နိုင်ငံသားတွေဆီကနေ ဒေါ်လာ ၁၀ သန်းနီးပါး လိမ်လည်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အင်ဒိုနီးရှားနိုင်ငံသားတဦးကိုထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဧပြီလ ၂၆ ရက်၊ တနင်္ဂနွေနေ့မှာ ပြောပါတယ်။
သူ့ကို အမေရိကန်နိုင်ငံဆီ ပြန်လည်လွှဲပြောင်းပေးသွားမယ်လို့လည်း ဆိုပါတယ်။
အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (FBI) ရဲ့ သတင်းပေးချက်အရ အသက် ၃၃ နှစ်အရွယ် အဆိုပါ အင်ဒိုနီးရှားအမျိုးသားကို ဖူးခက်ကမ်းခြေမြို့က အဆင့်မြင့်အပန်းဖြေစခန်းတခုမှာ သောကြာနေ့က ဖမ်းဆီးခဲ့တာလို့ အမျိုးသားလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဆူရိယ ဖောင်ဆုံဘတ်က AFP သတင်းဌာနကို ပြောပါတယ်။
သံသယရှိသူဟာ ဒူဘိုင်းကနေ ထွက်ခွာလာပြီး ဗုဒ္ဓဟူးနေ့မှာ ထိုင်းနိုင်ငံဆီ ရောက်ရှိလာတယ်လို့ FBI က ထိုင်းအာဏာပိုင်တွေကိုအကြောင်းကြားထားခဲ့တာလို့ ဆူရိယက ဆိုပါတယ်။
သူ့ကို ဖမ်းဆီးပြီးနောက်မှာတော့ မြို့တော်ဘန်ကောက်က လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းကို ပို့ဆောင်ထားပြီး အမေရိကန်ဆီ လွှဲပြောင်းပေးဖို့ စောင့်ဆိုင်းနေတယ်လို့ သူကပြောပါတယ်။
“အမေရိကန်နိုင်ငံသားတွေဆီကနေ ဒေါ်လာ ၁၀ သန်းလောက် လိမ်လည်ခဲ့မှုနဲ့ သူ့ကို အလိုရှိနေတာလို့ FBI က ပြောတယ်” လို့လည်း သူက ထပ်လောင်းပြောကြားပါတယ်။ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး AFP ရဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကိုတော့ FBI ဘက်က တနင်္ဂနွေနေ့မှာ ချက်ချင်းတုံ့ပြန်တာမျိုး မရှိသေးပါဘူး။
သံသယရှိသူဟာ မော်ဒယ်တွေကို ငှားရမ်းပြီး Video call တွေ၊ Dating app တွေနဲ့ လူမှုကွန်ရက်တွေကတဆင့် ရင်းနှီးမြှုပ်နှံမှုအတုအယောင်တွေနဲ့ မျှားခေါ်ကာ လိမ်လည်ခဲ့တာလို့ အခြားလူဝင်မှုကြီးကြပ်ရေးအရာရှိတဦးက ဒေသတွင်းသတင်းဌာနတွေကိုပြောပါတယ်။ လိမ်လည်မှုတွေကို သူက အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကနေ စီမံခန့်ခွဲနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အရှေ့တောင်အာရှဟာ ဆိုင်ဘာလိမ်လည်မှုတွေရဲ့ ဗဟိုချက်ဖြစ်လာခဲ့ပါတယ်။
ရာဇဝတ်ဂိုဏ်းတွေဟာ ဒေသထဲက ကာစီနိုတွေ၊ ဟိုတယ်တွေနဲ့ အခိုင်အမာကာရံထားတဲ့ ဝင်းတွေကို အခြေစိုက်စခန်းအဖြစ် အသုံးပြုပြီး နည်းပညာမြင့် အွန်လိုင်းလိမ်လည်မှုတွေကို လုပ်ဆောင်နေကြတာပါ။
ဆိုင်ဘာလိမ်လည်သူတွေဟာ များသောအားဖြင့် ခရစ်ပတိုငွေကြေး အတုအယောင် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အွန်လိုင်းကတဆင့်အချစ်ဇာတ်လမ်းဆင် လိမ်လည်မှုတွေကနေတဆင့် ကမ္ဘာတဝန်းက လူတွေဆီကနေ နှစ်စဉ် ဒေါ်လာဘီလီယံပေါင်းများစွာကိုလိမ်ယူနေကြတာ ဖြစ်ပါတယ်။ လိမ်လည်သူတွေနဲ့ သူတို့ရဲ့ အပေါင်းအပါတွေဟာ အခုဆိုရင် ဒေသရဲ့ ပြင်ပအထိပါ ခြေဆန့်လာကြပြီလို့ ယူဆရပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ UAE က နိုင်ငံခြားသားအလုပ်သမားတွေဟာ အရှေ့တောင်အာရှက လိမ်လည်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ ဖြားယောင်းခံနေရတယ်လို့ သိရပါတယ်။ ဒူဘိုင်းဟာ ဆိုင်ဘာလိမ်လည်မှုလုပ်ငန်းတွေအတွက် လူစုဆောင်းတဲ့နဲ့ လူကုန်ကူးတဲ့ ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက်တခု ဖြစ်လာနေတယ်ဆိုတာကို ပြသနေတာပါ။
ဒါ့အပြင် UAE ဟာ တရားမဝင် အွန်လိုင်းလုပ်ငန်းတွေကနေ ရရှိလာတဲ့ ငွေကြေးတွေကို ခဝါချချင်သူတွေအတွက် အခြေစိုက်စခန်းတခုလို ဖြစ်နေပြီး အဲဒီလူအများစုဟာ ဒူဘိုင်းမှာ အိမ်ခြံမြေတွေ ဝယ်ယူထားကြတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Ref – AFP