အစောဆုံး မေလမှာ အယ်လ်နီညိုဖြစ်နိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ ခန့်မှန်း

တောင်အမေရိက တောင်ပိုင်း၊ အမေရိကန် တောင်ပိုင်း၊ အာဖရိက ဦးချိုဒေသ တချို့နဲ့ အာရှအလယ်ပိုင်းမှာ မိုးပိုရွာနိုင်ပြီး ဩစတြေးလျ၊ အင်ဒိုနီးရှားနဲ့အာရှတောင်ပိုင်း ဒေသတချို့မှာတော့ မိုးခေါင်တာမျိုး ဖြစ်စေနိုင်ပါတယ်။

၂၅၊ ဧပြီ။

အခုနှစ် မေလလောက်ကစပြီး အယ်လ်နီညို ရာသီဥတုအခြေအနေတွေ ပြန်ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီး(WMO) က ပြောပါတယ်။ ဒါဟာ တကမ္ဘာလုံးရဲ့ အပူချိန်နဲ့ မိုးရွာသွန်းမှု ပုံစံတွေအပေါ် သက်ရောက်မှုရှိလာနိုင်တယ်လို့ ဆိုပါတယ်။

အယ်လ်နီညိုဆိုတာကတော့ ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာရှိတဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်တွေဟာ ပုံမှန်ထက်ပိုပြီး ပူနွေးလာတာကို ခေါ်တာပါ။ ဒါဟာ များသောအားဖြင့် ကိုးလကနေ ၁၂ လအထိ ကြာတတ်တယ်လို့ WMO ရဲ့ အဆိုအရ သိရပါတယ်။

အီကွေတာအနီး ပစိဖိတ်ဒေသမှာ ပင်လယ်ရေမျက်နှာပြင် အပူချိန်တွေဟာ သိသိသာသာ မြန်မြန်ဆန်ဆန် မြင့်တက်လာနေတာကိုတွေ့ရပါတယ်။

ဒါကြောင့် ဒီနှစ် မေလနဲ့ ဇူလိုင်လကြားမှာ အယ်လ်နီညို ဖြစ်လာဖို့ အခွင့်အလမ်း တော်တော်လေး များနေတယ်လို့ဆိုရပါမယ်။

“ဒီနှစ်အစပိုင်းမှာ ရာသီဥတုက ပုံမှန်ပဲ ရှိနေခဲ့ပေမဲ့ အခုတော့ ရာသီဥတု ခန့်မှန်းချက်ပုံစံတွေက တသံတည်း ထွက်လာပါပြီ။ အယ်လ်နီညို စတင်ဖြစ်ပေါ်လာတော့မယ်ဆိုတာ တော်တော်လေး သေချာနေသလို နောက်ပိုင်းလတွေမှာ ပိုပြီးတော့တောင် ပြင်းထန်လာနိုင်ပါတယ်” လို့ WMO ရဲ့ ရာသီဥတု ခန့်မှန်းရေးဌာန အကြီးအကဲ ဝီလ်ဖရန် မူဖူးမား အိုကီးယားက ထုတ်ပြန်ချက်မှာပြောထားပါတယ်။

အခုနှစ်မှာ အယ်လ်နီညို တော်တော်လေး ပြင်းထန်နိုင်တယ်လို့ ခန့်မှန်းချက်တွေက ပြနေပေမဲ့ နွေဦးကာလမှာလုပ်တဲ့ ခန့်မှန်းချက်တွေက ပုံမှန်အားဖြင့်တော့ သိပ်ပြီး မသေချာတတ်ဘူးလို့ WMO က ဆိုပါတယ်။ ဒါကြောင့် ဧပြီလကုန်သွားပြီးမှသာ ပိုပြီးတိတိကျကျ ပြောနိုင်မှာ ဖြစ်ပါတယ်။

 

အဆိုပါ ရာသီဥတု ဖြစ်စဉ်ကြောင့် ဒေသအလိုက် ရာသီဥတုတွေ ကမောက်ကမ ဖြစ်ကုန်တတ်ပါတယ်။

တောင်အမေရိက တောင်ပိုင်း၊ အမေရိကန် တောင်ပိုင်း၊ အာဖရိက ဦးချိုဒေသ တချို့နဲ့ အာရှအလယ်ပိုင်းမှာ မိုးပိုရွာနိုင်ပြီး ဩစတြေးလျ၊ အင်ဒိုနီးရှားနဲ့အာရှတောင်ပိုင်း ဒေသတချို့မှာတော့ မိုးခေါင်တာမျိုး ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် တကမ္ဘာလုံးရဲ့ ရာသီဥတုကိုလည်း ပိုပြီး ပူလာစေနိုင်တယ်လို့ WMO က ပြောပါတယ်။

Ref – Reuters