
ဓနုဖြူမြို့မ ဈေးအတွင်းမှာ ဈေးရုံ(၂၀)ရုံရှိပြီး ဆိုင်ခန်းပေါင်း (၄၁၀)ရှိကြောင်းနဲ့ မီးလောင်မှုကြောင့် ဈေးရုံ(၁၃)ရုံ၊ ဆိုင်ခန်း ပေါင်း(၂၇၁)ခန်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
၂၇၊ ဧပြီလ။
မနေ့က ဧပြီ ၂၆ ရက်နံနက်မှာ မီးလောင်မှုဖြစ်ခဲ့တဲ့ ဓနုဖြူမြို့မဈေးကို စစ်အစိုးရရဲ့ တိုင်းဝန်ကြီးချုပ် ဦးအေးကျော် နဲ့အဖွဲ့က နေ့ချင်းလာရောက် ကြည့်ရှု့ခဲ့ပြီး ဈေးရုံအသစ်ပြန်လည် တည်ဆောက်ပေးမယ်လို့ ကတိပေးသွားပါတယ်။
“ဆုံးရှုံးမှုတွေအတွက် တတ်နိုင်တာတွေ လုပ်ပေးသွားမယ်ဆိုတာမျိုး ပြောသွားတယ်။ လောလောဆယ် ဒီနားမှာပဲ (မီးလောင်သွားတဲ့ ဈေးအနား ) ယာယီရောင်းချကြဖို့ပေါ့ နောက်ယာယီ ဆိုင်ခန်းတွေ ဆောက်ပြီးရင်တော့ အဲ့ကို ပြောင်းကြပေါ့ ပြောတယ်။ နေ့ချင်း ချက်ချင်းလာကြည့်ကြတာကတော့ ကောင်းပါတယ် ပြောသွားသလိုမျိုး မြန်မြန် အကောင်အထည် ဖော်ပေးရင်တော့ ပိုကောင်းတာပေါ့ ” လို့ မီးလောင်မှုမှာ အထည်ဆိုင်ခန်း ဆုံးရှုံးခဲ့တဲ့ ဒေါ်ရီချို (အမည်လွှဲ) ကပြောပါတယ်။
ဆိုင်ခန်းဆုံးရှုံးသွားတဲ့ သူတွေအတွက် မြို့တော်ခန်းမဆောက်ဖို့ စီစဉ်ထားတဲ့ နေရာလွတ်မှာ ယာယီနေရာ ချထားပေးသွားဖို့ ရှိတယ်လို့လည်း ပြောခဲ့ပေမယ့် ဘယ်အချိန်မှာ ဘယ်လို တည်ဆောက်မယ်ဆိုတာနဲ့ ဘယ်လိုပုံစံမျိုးနဲ့ဆိုင်ခန်းတွေကို ပြန်လည်ရရှိမှာလည်း ဆိုတာကိုတော့ အသေးစိတ် မသိရသေးဘူးလို့ ဆိုကြပါတယ်။
ဓနုဖြူမြို့မ ဈေးအတွင်းမှာ ဈေးရုံ(၂၀)ရုံရှိပြီး ဆိုင်ခန်းပေါင်း (၄၁၀)ရှိကြောင်းနဲ့ မီးလောင်မှုကြောင့် ဈေးရုံ(၁၃)ရုံ၊ ဆိုင်ခန်း ပေါင်း(၂၇၁)ခန်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီမီးလောင်မှုကြောင့် ကာလပေါက်ဈေး သိန်း ၅၀၀ ဝန်းကျင်ဆုံးရှုံးသွားခဲ့သူ တဦးကတော့ “ ကျွန်တော်တို့ကတော့ ဆိုင်ခန်းပြန်ရရင်တောင် ပြန်ဖွင့်ဖို့က ခက်နိုင်တယ်။ အဲ့ဒါကို ဘယ်လိုကူညီနိုင်မလဲ ဆိုတာ သိချင်တယ်။ ဘဏ်ချေးငွေရမလား ကြိုးစားကြည့်ရမှာပဲ။ အခုက ပွဲရာသီဆိုတော့ ပစ္စည်းတွေ ပြန်ဖြည့်ထားတာ မနည်းဘူး ” လို့ DNA ကိုပြောပါတယ်။
ဒီမီးလောင်မှုနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လျှပ်စစ်မီး အသုံးပြုခွင့်မရှိတဲ့ ဈေးရုံကြီးထဲကို လျှပ်စစ်မီးတွေ ခိုးသွယ်ထားပြီး အဲ့ဒီကနေ ရှော့ခ်ဖြစ်လောင်ကျွမ်းတာ ဖြစ်နိုင်သလို ဆေးလိပ်မီးလိုမျိုး မီးအတိုအစတွေကနေ လောင်ကျွမ်းတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒီဈေးရုံကြီးထဲကို မီးသွယ်ထားတဲ့ မီးကြိုးတွေဟာလည်း ခိုင်ခံ့မှုမရှိတော့သလို မီးလာချိန် မမှန်တာတွေ၊ မီးအားမမှန်တာတွေ ဆက်တိုက်ဖြစ်နေတာကြောင့် မီးလာချိန်မှာ ရှော့ခ်ဖြစ်လောင်ကျွမ်းတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဒေသခံ တချို့က မှတ်ချက်ပြုကြပါတယ်။
ဒီမီးလောင်မှုမှာ ဈေးရုံပိတ်ရက်မို့ လူအသေအပျောက်မရှိဘူးလို့ ခန့်မှန်းထားကြပြီး မီးလောင်ပြင်ရှင်းလင်းရေးနဲ့ ဆုံးရှုံးမှု တန်ဖိုးတွေကိုလည်း ယခုချိန်ထိ တွက်ချက်နေကြတုန်း ဖြစ်ပါတယ်။