စက်သုံးဆီအခက်အခဲကြောင့် လယ်သမားတွေ မိုးစပါးအတွက် အခက်ကြုံ

“ဒီဇယ်တလီတာကို တသောင်းခွဲနဲ့ ထွန်ရင် ဘယ်လိုမှ မကိုက်ဘူး။ အလုပ်သမားစရိတ်၊ ဓါတ်မြေဩဇာစရိတ် ရှိသေးတယ်”

၂၇၊ ဧပြီ။

စက်သုံးဆီတလီတာကို ကျပ်တသောင်းကျော်ထိ စျေးရှိနေပြီး ဝယ်ရခက်နေတာကြောင့် လယ်ယာလုပ်ငန်း အဓိက လုပ်ကိုင်ကြတဲ့ ဧရာ၀တီတိုင်း အတွင်းက လယ်သမားတွေဟာ စက်သုံးဆီ မရကြသေးဘူးလို့ ပြောကြပါတယ်။

“အခုထိ မဝယ်ရသေးဘူး။ ဒီဇယ်ဆီ တဂါလံကို လေးသောင်းကျော်၊ ငါးသောင်း၊ ဆီဆိုင်နဲ့ ရင်းနှီးတဲ့သူတွေပဲ ဝယ်လို့ရတယ်။ ထောက်ခံစာနဲ့ ထုတ်ရင်လည်း ထောက်ခံစာ စားရိတ်၊ လမ်းစားရိတ်နဲ့ မကိုက်ဘူး။ ဘယ်လိုလုပ်ရတော့မလဲတောင် မသိတော့ပါဘူးဗျာ။ အခုထိ ဆီမရသေးဘူး” လို့ မြန်အောင်မြို့နယ် မကျည်းကုန်းကျေးရွာအုပ်စုမှ လယ်သမားတဦးဖြစ်တဲ့ ဦးအောင်ကျော်က ပြောပါတယ်။

ဦးအောင်ကျော်ဟာ လယ်ဧက နှစ်ဆယ်ကျော်လုပ်ကိုင်ပြီး ပြီးခဲ့တဲ့နှစ်ကစကာ သွင်းအားစုစျေးကြီးတာ၊ စပါးစျေး ကောင်းမရတာတို့ကြောင့် လယ်ဧက တဆယ်လောက်ကိုပဲ လုပ်ကိုင်လာခဲ့ပြီး ကျန်လယ်တွေကို ကွက်လပ်ချန် ထားခဲ့တာပါ။

“ဒီနှစ် လယ်မလုပ်တော့ဘူးလားလို့ တွေးနေတယ်” လို့ ဦးအောင်ကျော်က ပြောပါတယ်။

အရှေ့အလယ်ပိုင်း ပဋိပက္ခတွေနဲ့ ပြည်တွင်း စက်သုံးဆီ ရောင်းချသူတွေရဲ့ မှောင်ခိုထုတ် ရောင်းချမှုကြောင့် ဧရာ၀တီတိုင်း အတွင်းမှာ စက်သုံးဆီ တလီတာကို ကျပ်တသောင်းကနေ တသောင်းခွဲလောက်ထိ စျေးရှိနေတာပါ။

စက်သုံးဆီ ဆိုင်ကြီးတွေမှာ ဓါတ်ဆီတလီတာကို ကျပ် ၅၀၀၀ ဝန်းကျင် ဒီဇယ်ဆီတလီတာကို ကျပ် ၆၀၀၀ နီးပါး သာပေးရပေမယ့် အဲဒီဆိုင်တွေမှာ အကန့်အသတ်နဲ့သာ ဝယ်ရပြီး ပြင်ပမှောင်ခို ရောင်းချသူတွေမှာတော့ တလီတာကို ကျပ်တသောင်းကျော်ထိ စျေးရှိနေတာပါ။

လို့ မော်မြိုင်ကျွန်းမြို့နယ်မှ လယ်သမားတဦးက ပြောပါတယ်။

ထွန်စက်နဲ့ ရေတင်စက်တွေ အသုံးပြုကြရတဲ့ တောင်သူတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီရဲ့ ထောက်ခံချက်တွေပါမှပဲ ဆီထုတ်ပေးနေတာဖြစ်ပြီး အဲဒီထောက်ခံစာ တစောင်အတွက် အနည်းဆုံး ကျပ်ငါးထောင် ပေးနေကြရကာ ဆီသွားထုတ်တဲ့ အခါမှာလည်း လိုသလောက်မရဘဲ တဂါလံကနေ သုံးဂါလံဝန်းကျင်သာ ဝယ်လို့ရကြတယ်လို့ ဆိုပါတယ်။

တောင်သူတွေဟာ စက်သုံးဆီ ထုတ်ဖို့အတွက် အမည်၊ ကျေးရွာအမည်၊ စိုက်ပျိုးဧက၊ တရက် ထွန်ယက်နိုင်မယ့်နှုန်း၊ လိုအပ်မယ့် ဆီပမာဏ စတဲ့အချက်အလက်တွေနဲ့ တင်ပြ၊ ထောက်ခံစာတောင်းကာ ဆီထုတ်ကြရတာ ဖြစ်ပါ တယ်။

အခုအခါ ဧရာ၀တီတိုင်းအတွင်း ငရုတ်၊ ပြောင်းစတဲ့ ဆောင်းသီးနှံစိုက် တောင်သူတွေမှာ ရေတင်ဖို့အတွက် စက်သုံးဆီ လိုအပ်ချက်တွေ ရှိနေပြီး တချို့စိုက်ခင်းတွေဆိုရင် ဓါတ်ဆီဝယ်မရတာကြောင့် ရေမတင်နိုင်ဘဲ ပျက်စီးသွားခဲ့ရတာတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် မိုးစပါးအတွက် စက်သုံးဆီအခက်အခဲပါ ထပ်ကြုံနေကြရတာပါ။ ဒါ့ကြောင့် လယ်သမားတွေအတွက် စက်သုံးဆီ အလုံအလောက်ရရှိဖို့ သင့်တင့်တဲ့ စျေးနှုန်းတခုနဲ့ အလွယ်တကူ ဝယ်နိုင်အောင် စီစဉ်ပေးဖို့ လိုအပ်တယ်လို့ လယ်သမားတွေက ပြောကြပါတယ်။

“ဆီရအောင် တခုခု မစီစဉ်ပေးရင် မလွယ်ဘူး။ မနှစ်ကတောင် လယ်ထွန်တဲ့သူတွေ တော်တော်နည်းသွားတယ် ဧရာ၀တီတိုင်းထဲမှာ။ ဒီနှစ်ဆိုရင် ပိုတောင် လျော့သွားနိုင်သေးတယ်” လို့ ဟင်္သာတမြို့နယ်မှ လယ်သမားအရေး ဆောင်ရွက်သူတဦးက ထောက်ပြပါတယ်။

စက်သုံးဆီ ဝယ်ရခက်ပြီး ဈေးနှုန်းကြီးမြင့်နေမှုဟာ ဧရာဝတီတိုင်း ကမ်းရိုးတန်းဒေသက ရေလုပ်သား မိသားစုတွေနဲ့ လယ်ယာလုပ်သူတွေရဲ့ စားဝတ်နေရေးကို တိုက်ရိုက် ခြိမ်းခြောက်နေပြီး ဒေသခံတွေ သွားလာရေးအတွက် အ ခက်ကြုံလာနေပါတယ်။

ဒါ့အပြင် ဧရာ၀တီတိုင်းအတွင်း မြို့ချင်းဆက်လမ်းတွေကို ပြေးဆွဲနေတဲ့ ကားခတွေ၊ ဧရာ၀တီ – ရန်ကုန်ကားခတွေ ဟာလည်း နှစ်ဆကနေ သုံးဆထိ စျေးတက်နေပြီး သင်္ကြန်ကာလ အလုပ်ပိတ်ရက် အိမ်ပြန်မယ့် သူတွေနဲ့ ခရီးသွား တွေ အခက်အခဲ ကြုံနေကြရပါတယ်။