ဧရာဝတီတိုင်းရဲ့ ရက်တရာ စီမံချက်မှာ အဂတိလိုက်စားမှုတွေ ရှိနေ

ဧရာ၀တီတိုင်းရဲ့ အခုဝန်ကြီးချုပ်ဖြစ်နေသူ ဦးအေးကျော်ဟာ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တိုင်းအထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး(တိုင်းမင်းကြီး)ဖြစ်ခဲ့ပြီး အဲဒီတုန်းက ပုသိမ်အပါအဝင် နေရာတော်တော် များမှာရှိတဲ့ မြေယာတွေကို အဓမ္မသိမ်းယူခဲ့တယ်ဆိုတဲ့ နာမည်ဆိုးထွက်ခဲ့သူ ဖြစ်ပါတယ်။

၂၃၊ ဧပြီ

ဧရာဝတီတိုင်းမှာ အစိုးရသစ် ရက်တရာစီမံချက်နဲ့ မြေယာအမျိုးအစားတွေ ပြောင်းလဲပေးနေပြီး ဒီကာလအတွင်းမှာ အဂတိလိုက်စားမှုတွေ ရှိနေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

လယ်မြေကနေ ဥယျာဉ်ခြံမြေပြောင်းတာ၊ ဥယျာဉ်ခြံမြေကနေ အဆောက်အဦးဆောက်ဖို့ မြေပြောင်းတာ စတဲ့ မြေယာအမျိုးအစား ပြောင်းလဲတာတွေကို ရက်တရာ စီမံကိန်းချက်အနေနဲ့ ဧပြီလ ၂၀ ရက်နေ့ကစပြီး  ဧရာဝတီတိုင်းအတွင်းက မြို့နယ်တိုင်းမှာ လုပ်ပေးနေတာပါ။

“ထွေအုပ်နဲ့ မြေစာရင်းကို ပေးရတာ။ ကြားမှာ ပွဲစားတွေကလည်း ရှိသေးတယ်။ ပွဲစားကလည်း မြေစာရင်းက ကောင်တွေပဲ။ သိန်းဆယ်ချီ၊ ရာချီတောင်ကုန်တယ် တချို့။ မြေအမျိုးအစားအလိုက်တော့ ကွာတယ်။ အဆောက် အဦး ဆောက်ဖို့အတွက် မြေပြောင်းတာဆိုရင် ရာချီကုန်ကြတယ်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အဆင့်တိုင်းမှာ ပိုက်ဆံပေးရတယ်” လို့  မြေစာရင်းရုံးနဲ့ နီးစပ်တဲ့ ပုသိမ်မြို့မှ  ဒေသခံတဦးက ပြောပါတယ်။

ဥပဒေအတိုင်းဆိုရင် မြေယာအမျိုးအစားပြောင်းလဲတာဟာ ငွေကျပ်သိန်းဂဏန်းသာ ကုန်ကျပြီး အခုအခါ ပွဲစားတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက အဆင့်ဆင့် ငွေတောင်းပြီး လုပ်ပေးနေကြတာလို့ ပြောကြပါတယ်။ မြေယာအမျိုး အစားပြောင်းဖို့ဆိုရင် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းအဆင့် လယ်ယာမြေစီမံ ခန့်ခွဲရေးဦးစီးဌာနကို ထောက်ခံချက်တွေနဲ့အတူ တင်ပြရပြီး စိစစ်ခွင့်ပြုပေးရတာ ဖြစ်ပါတယ်။

“သူ့အဆင့်ဆင့် ပြောင်းမယ်ဆိုရင်တော့ ဘယ်လောက်မှလည်း မပေးရဘူး။ ပေးသင့်ပေးထိုက်တဲ့ မြေအမျိုးအစားပေ့ါ၊ ဥပမာ မြို့နားနီးမယ်၊ လယ်ယာအတွက် အသုံးပြုဖို့အတွက်တော့ အခက်အခဲရှိမယ်၊ အဲလို သေချာ စိစစ်ပြီးပေး မယ်ဆိုရင်တော့ မကြာဘူး။ ပုံမှန်တိုင်းအဆိုရင်တော့ သိန်းဂဏန်းလောက်ပဲ ကုန်မှာ” လို့ ဟင်္သာတမြို့နယ်မှ လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ တဦးက ပြောပါတယ်။

အရင်တုန်းကလည်း အဒီလို မြေယာအမျိုးအစားပြောင်းတာမှာ အဂတိလိုက်စားမှုတွေ ရှိခဲ့ပေမယ့် ရက်တရာ စီမံချက်အတွင်း လုပ်တဲ့အခါမှာ အဂတိလိုက်စားမှုတွေ ရှိနေတယ် ဆိုတာတော့ အတော်ရုပ်ဆိုးတဲ့ လုပ်ရပ်ဖြစ်တယ်လို့ လယ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက ထောက်ပြကြပါတယ်။

“ဘယ်လောက် ပေးရတယ်ဆိုတာက သူတို့ ပြောင်းချင်တဲ့ သူတွေရဲ့ လောဘလည်း ပါတာပေါ့။ တိတိကျကျတော့ မသိရဘူး။ ဒါပေမယ့် အရင်တုန်းကလည်း အဲဒီလိုပြောင်းတာမှာ ဌာနဆိုင်ရာကို ပိုက်ဆံပေးရတာ ရှိတယ်။ အရင်တုန်းက အဂတိတရား မကင်းရှင်းတဲ့အတွက် ကြန့်ကြာမှုတွေ ရှိတာပေါ့။ တကယ်လို့ သူဝန်ကြီးချုပ်က ရက်တရာ စီမံချက်အတွင်းမှာ ထိထိရောက်ရောက် လုပ်မယ်ဆိုရင်တော့ ဝမ်းသာရမှာပေ့ါ” လို့ ဟင်္သာတမြို့နယ်မှ လယ်သမား အရေးကူညီပေးနေသူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အဂတိတရားဟာ မိရိုးဖလာတခုလို ဖြစ်နေပြီး အဂတိတရား ကင်းကင်းရှင်းရှင်းနဲ့ လုပ်ပေးနိုင်ဖို့ လိုအပ်တယ်လို့  သူကဆိုပါတယ်။

ဧရာ၀တီတိုင်းရဲ့ အခုဝန်ကြီးချုပ်ဖြစ်နေသူ ဦးအေးကျော်ဟာ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တိုင်းအထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး(တိုင်းမင်းကြီး)ဖြစ်ခဲ့ပြီး အဲဒီတုန်းက ပုသိမ်အပါအဝင် နေရာတော်တော် များမှာရှိတဲ့ မြေယာတွေကို အဓမ္မသိမ်းယူခဲ့တယ်ဆိုတဲ့ နာမည်ဆိုးထွက်ခဲ့သူ ဖြစ်ပါတယ်။

အခုလို ဝန်ကြီးချုပ် ဖြစ်လာချိန်မှာလည်း မြေယာအမျိုးအစား ပြောင်းလဲတဲ့အခါ အောက်ခြေမှာ အဂတိလိုက်စားမှု၊ လာဘစားမှုတွေ ရှိနေတာကို စစ်ဆေး၊ အရေးယူမှုတွေ မတွေ့ရဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

“အခုလိုလုပ်နေတာတွေကို အပေါ်ကသိနိုင်တယ်။ သိပေမယ့် အရေးမယူတာကတော့ အကြံတူတွေ၊ ဝေစားမျှစား တွေဖြစ်လို့ပဲနေမှာ” လို့ ပြီးခဲ့တဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ ဧရာ၀တီတိုင်းအတွင်း ဝင်ပြိုင်ခဲ့တဲ့ အမည်မဖော်လိုသူ လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးက ပြောပါတယ်။

အခုလို အဂတိလိုက်စားမှုတွေ ရှိနေသမျှ နိုင်ငံတိုးတက်မှု ရှိမှာမဟုတ်တာကြောင့် ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ပြည်သူ့ပါတီရဲ့ ဧရာ၀တီတိုင်း အတွင်းရေးမှူး ဦးစိန်သောင်းက မှတ်ချက်ပြုပါတယ်။

“အဂတိတရား ရှိနေသရွေ့ ကာလပတ်လုံး ဒီနိုင်ငံက ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး။ ဥပမာပြောရရင် တရုတ်နိုင်ငံပေ့ါ သူတို့ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ အဂတိတိုက်ဖျက်ရေးကိုပဲ ဦးစားပေးလုပ်တယ်၊ ထိထိ ရောက်ရောက်လုပ်တဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် အာဏာရှင်တော့ အာဏာရှင်ပဲ၊ နေ့ချင်းညချင်း တိုးတက်သွားတဲ့ ပုံစံပဲရှိတယ်” လို့ သူက ပြောပါတယ်။