
အခု ချေးငွေတိုးမြှင့်ပေးမယ်တဲ့ တိုးတဲ့ဟာကိုလည်း ကြည့်လိုက်ဦး ၃ သိန်းတဲ့ လယ်သမားတွေကို ဘယ်လိုမှ စေတနာမရှိဘူးဆိုတာ မြင်သာတယ် ”
၂၄၊ ဧပြီလ။
စစ်ကောင်စီရဲ့ အစိုးရသစ် ရက် ၁၀၀ စီမံချက်တွေထဲက တောင်သူလယ်သမားတွေအတွက် တိုးမြှင့်ချေးငွေဆိုတဲ့ အချက်ဟာ တောင်သူလယ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မဖြေရှင်းပေးနိုင်ဘူးလို့ တောင်သူလယ်သမားအရေးနဲ့ စိုက်ပျိုးရေး ကျွမ်းကျင်သူတွေက မှတ်ချက်ပြုကြပါတယ်။
တောင်သူလယ်သမားအရေးနဲ့ စိုက်ပျိုးရေးကျွမ်းကျင်သူ မအူပင် ဦးစိန်ဝင်းက စိုက်ပျိုးစားရိတ်တွေ တက်လာတာကို အရင်ဆုံး ပြုပြင်သင့်တယ်လို့ မှတ်ချက်ပေးပါတယ်။ စပါးတွေ သီးနှံတွေ ပေါ်ချိန်မှာလည်း သင့်တင့်လျှောက်ပတ်တဲ့ ဈေးနှုန်းရဖို့လည်း လိုတယ်လို့ သူကပြောပါတယ်။
“ချေးငွေတိုးပေးလည်း သူက ပြန်ဆပ်ရမှာပဲဖြစ်သလို သွင်းအားစုတွေ ဈေးမကျရင် ထွက်ကုန်တွေ ဈေးမရရင် မယောင်ရာ ဆီလူးတာပဲ။ သက်ကယ်ချောင်းနဲ့ ခေါင်းလောင်းထိုးတာပဲ ” လို့ ဦးစိန်ဝင်းက ပြောပါတယ်။
ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ပြုလုပ်မယ့် အချက်တွေအောက်မှာ တောင်သူလယ်သမားတွေအတွက် တိုးမြှင့်ချေးငွေများဆိုပြီး သီးနှံအလိုက် တိုးမြှင့်ချေးငွေများနဲ့ လယ်ယာသုံး စက်ကိရိယာချေးငွေဆိုတဲ့ အချက်တွေပါဝင်ပါတယ်။
“တကယ်က ဒီနှစ်စိုက်ပျိုးရေး အခြေအနေတွေအရ စိုက်ပျိုးစရိတ်ချေးငွေတွေ လျော်ပေးလိုက်တယ်ဆိုတာမျိုး ဖြစ်သင့်တယ်။ ဒါမှမဟုတ်လည်း ဆီအလွယ်တကူ ဝယ်လို့ရဖို့ လုပ်ပေးတာမျိုးပေါ့။ အခု ချေးငွေတိုးမြှင့်ပေးမယ်တဲ့ တိုးတဲ့ဟာကိုလည်း ကြည့်လိုက်ဦး ၃ သိန်းတဲ့ လယ်သမားတွေကို ဘယ်လိုမှ စေတနာမရှိဘူးဆိုတာ မြင်သာတယ် ” လို့ ဟင်္သာတမြို့နယ်မှာ နေထိုင်တဲ့ ကိုယ်တိုင်လည်း လယ်ယာလုပ်ကိုင်ပြီး တောင်သူလယ်သမား အရေးကိုလည်း ကူညီဆောင်ရွက်ပေးနေ သူတဦးက ဆိုပါတယ်။
စစ်အစိုးရရဲ့ ရက်တရာ စီမံချက်အရ စပါး၊ ဂျုံ၊ ချည်မျှင်ရှည်ဝါတွေအတွက် စိုက်ပျိုးစရိတ်ချေးငွေကို ငွေကျပ် ၃ သိန်းထိ တိုးမြှင့်ပေးမယ်လို့ ဖော်ပြထားပေမယ့် ဒီချေးငွေရရှိဖို့က အရင်က ချေးငွေတွေကို အကြေဆပ်ထားနိုင်ဖို့လည်း လိုပါတယ်။
ဒါပေမယ့် ရာသီဥတု ဖောက်ပြန်မှုတွေ၊ စိုက်ပျိုးစရိတ် မြင့်တက်လာမှုတွေ၊ သီးနှံဈေး ကျဆင်းမှုတွေနဲ့ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာမှုတွေကြောင့် တောင်သူလယ်သမားတွေဟာ အရှုံးတွေ ဆက်နေကြတာမို့ စိုက်ပျိုးစရိတ်ချေးငွေတွေ အကြေဆပ်နိုင်ဖို့ ခက်ခဲနေကြသလို လက်ရှိချေးပေးတဲ့ တဧက ၃ သိန်း ပမာဏဟာလည်း နည်းလွန်းတယ်လို့ မှတ်ချက်ပေးကြပါတယ်။
“ အခုဆီဈေးနဲ့ ၃ သိန်းက တဧက ထယ်ထိုးခပဲရှိမယ်။ ဘာမှမလုပ်ရသေးဘူးနော်။ ခုဆီဈေးနဲ့မပြောနဲ့ ပြီးခဲ့တဲ့ နှစ်ကထိ မိုးစပါးစိုက်ဖို့တောင် တဧက ၁၀ သိန်းနီးပါး ပျှမ်းမျှကုန်တယ်။ ဆင့်ပါးစပ်နှမ်းပက် သလိုပဲ။ သူတို့တကယ်လုပ်သင့်တာက အခုကျန်တဲ့နွေစပါးတွေ သိမ်းနိုင်ဖို့၊ စပါးဈေးတွေကို ပြန်ဆွဲတင်ဖို့ ဒါတွေကိုလုပ်ရမှာ ” လို့ ကျုံပျော်မြို့နယ်ထဲက ကျေးရွာတခုမှာ နေထိုင်တဲ့ လယ်သမား ဦးအေးကိုက ဆိုပါတယ်။
လယ်ယာသုံး စက်ကိရိယာချေးငွေအတွက် သိန်း ၃ ထောင်အောက်နဲ့ သိန်း ၃ ထောင်အထက် ချေးငွေတွေလည်း ထုတ်ပေးမယ်ဆိုတဲ့ အချက်ပါဝင်တာကြောင့် ဒီစီမံချက်ဟာ ငွေကြေးတတ်နိုင်တဲ့ လယ်ယာလုပ်ငန်းရှင်တွေ အတွက်ကိုသာ အဆင်ပြေနိုင်မယ့် စီမံချက်ဖြစ်တယ်လို့ DNA ရဲ့ သတင်းရင်းမြစ်တွေက သုံးသပ်ထားကြပါတယ်။