
အမေရိကန်အစိုးရရဲ့ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်အတွင်းမှာတင် အရှေ့တောင်အာရှအခြေစိုက် ငွေလိမ်ဂိုဏ်းတွေကြောင့် အမေရိကန်နိုင်ငံသားတွေဟာ ဒေါ်လာ ၇.၂ ဘီလီယံကျော် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
၂၄၊ ဧပြီ။
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်းမှာ အခြေစိုက်ပြီး နိုင်ငံတကာအဆင့် အွန်လိုင်းငွေလိမ်လည်မှုတွေ လုပ်နေတဲ့ တိုင်ချန်းလုပ်ငန်းစုရဲ့ ငွေကြေးစီးဆင်းမှုတွေကို ဖြတ်တောက်နိုင်မယ့် သတင်းအချက်အလက်ပေးနိုင်ရင် အမေရိကန်ဒေါ်လာ၁၀ သန်းအထိ ဆုကြေးပေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အဆိုပါ ကမ်းလှမ်းချက်ဟာ အမေရိကန် တရားမျှတရေးဝန်ကြီးဌာနရဲ့ ငွေလိမ်စင်တာများ နှိမ်နင်းရေးအဖွဲ့ကို ပံ့ပိုးပေးဖို့ဖြစ်ပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ ငွေခဝါချမှုတွေကို ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်တာပါ။
အမေရိကန်အစိုးရရဲ့ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်အတွင်းမှာတင် အရှေ့တောင်အာရှအခြေစိုက် ငွေလိမ်ဂိုဏ်းတွေကြောင့် အမေရိကန်နိုင်ငံသားတွေဟာ ဒေါ်လာ ၇.၂ ဘီလီယံကျော် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရက အထူးပစ်မှတ်ထားတဲ့ တိုင်ချန်းအမည်ခံ ငွေလိမ်ဂိုဏ်းတွေဟာ ကရင်ပြည်နယ်ထဲမှာအဆောက်အအုံ သုံးခုနဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး အဆိုပါနေရာတွေကိုလည်း အတိအကျ ထုတ်ပြန်ထားပါတယ်။
အဆိုပါဂိုဏ်းတွေဟာ ခရစ်ပတိုရင်းနှီးမြှုပ်နှံမှု အယောင်ပြပြီး လိမ်လည်တာတွေကို အဓိကလုပ်ဆောင်နေကြတာပါ။
လက်ရှိမှာ ရာဇဝတ်ကောင်တွေဟာ သူတို့ရရှိတဲ့ မတရားငွေတွေကို ဒစ်ဂျစ်တယ်ငွေကြေးတွေအဖြစ် ပြောင်းလဲသိမ်းဆည်းလာတဲ့အတွက် အဆိုပါ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရေးဟာ ရာဇဝတ်မှုကွန်ရက်ကို ဖြိုခွဲဖို့ အထိရောက်ဆုံးနည်းလမ်း ဖြစ်လာတယ်လို့ FBI က ဆိုပါတယ်။
ကြေညာချက်နဲ့အတူ အမေရိကန်အစိုးရဟာ မြန်မာနဲ့ ကမ္ဘောဒီးယားမှာ ငွေလိမ်ဂိုဏ်းထောင်ဖို့ ကြိုးစားနေတဲ့ တရုတ်နိုင်ငံသားနှစ်ဦးကို အမှုဖွင့်လိုက်သလို လူကုန်ကူးမှုမှာ သုံးနေတဲ့ Telegram channel နဲ့ ငွေလိမ်ဝဘ်ဆိုဒ်ပေါင်း ၅၀၀ကျော်ကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။
ဒါ့အပြင် ငွေလိမ်စင်တာတွေကို ထိန်းချုပ်ထားတဲ့ ကမ္ဘောဒီးယား အထက်လွှတ်တော်အမတ် ကုအန်နဲ့ သူ့ရဲ့ကွန်ရက်ကိုလည်း ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့ သတင်းအချက်အလက်ရှိသူတွေအနေနဲ့ FBI ရဲ့ အီးမေးလ်လိပ်စာဖြစ်တဲ့TaiChangTIPS@fbi.gov ကိုဖြစ်စေ၊ အနီးဆုံး အမေရိကန်သံရုံးကိုဖြစ်စေ ဆက်သွယ်အကြောင်းကြားနိုင်တယ်လို့ သိရပါတယ်။ သတင်းပေးသူရဲ့ အချက်အလက်ကိုလည်း လျှို့ဝှက်ထားပေးမှာဖြစ်ပြီး ငွေကြေးဖြတ်တောက်နိုင်မှု အခြေအနေပေါ်မူတည်ပြီး ဆုကြေးငွေကို ချီးမြှင့်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။