
အိမ်ဖြူတော်က သမ္မတရဲ့ ရုံးခန်းထဲမှာ သတင်းထောက်တွေကို ပြောကြားရာမှာတော့ အီရန်နဲ့ သဘောတူညီချက်တခု ရယူဖို့ကိစ္စမှာ “ကျနော့်ကိုယ်ကျနော် အလောတကြီး မဖြစ်စေချင်ဘူး”လို့ ထရမ့်က ပြောပါတယ်။
၂၄၊ ဧပြီ။
အိမ်ဖြူတော်မှာ ဆွေးနွေးပွဲတွေ လုပ်ပြီးတဲ့နောက် အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်ရပ်စဲရေးကို နောက်ထပ် သုံးပတ်သက်တမ်းတိုးလိုက်ပြီလို့ သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။
ဒါပေမဲ့ ရေရှည်ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ဆိုတာကတော့ ရည်မှန်းချက်ကြီးလွန်းနေပြီး ဟစ်ဇဘိုလာအဖွဲ့ကိုလက်နက်ဖြုတ်သိမ်းဖို့အတွက် ဝါရှင်တန်ဘက်က အများကြီး ပံ့ပိုးကူညီပေးဖို့ လိုအပ်လိမ့်မယ်လို့ ယူဆနေကြပါတယ်။
အီရန်အပေါ် ခြိမ်းခြောက်ပြောဆိုတာတွေနဲ့ ပတ်သက်ပြီး ဘီဘီစီက ထရမ့်ကို မေးမြန်းတဲ့အခါ “ကျွန်တော် ဘာပဲလုပ်လုပ်အားလုံးက အဆင်ပြေပြေ ဖြစ်နေပုံရပါတယ်”လို့ သူက ဖြေကြားပါတယ်။
အဲ့ဒီနောက် အိမ်ဖြူတော်က သမ္မတရဲ့ ရုံးခန်းထဲမှာ သတင်းထောက်တွေကို ပြောကြားရာမှာတော့ အီရန်နဲ့ သဘောတူညီချက်တခု ရယူဖို့ကိစ္စမှာ “ကျနော့်ကိုယ်ကျနော် အလောတကြီး မဖြစ်စေချင်ဘူး”လို့ ထရမ့်က ပြောပါတယ်။
တဘက်မှာလည်း အိန္ဒိယသမုဒ္ဒရာထဲမှာ အီရန်ရေနံတွေ တင်ဆောင်လာတဲ့ သင်္ဘောတစင်းပေါ်ကို အမေရိကန်တပ်ဖွဲ့တွေတက်ရောက်စီးနင်းခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ ထရမ့်ကတော့ ဟော်မုဇ် ရေလက်ကြားကို အမေရိကန်က အပြည့်အဝ ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။
အီရန်နိုင်ငံ ခေါင်းဆောင်ပိုင်းတွေကြားမှာ အချင်းချင်း အားပြိုင်နေကြတယ်လို့ ထရမ့်က ပြောဆိုပြီးတဲ့နောက်မှာတော့ အီရန်ဘက်က ထိပ်တန်းပုဂ္ဂိုလ်တွေက သူတို့ဆီမှာ သံမဏိလို ခိုင်မာတဲ့ ညီညွတ်မှုရှိတယ်လို့ ပြန်လည် တုံ့ပြန်ပြောဆိုထားပါတယ်။
တဘက်မှာလည်း အမေရိကန်ဘက်ကသာ ခွင့်ပြုချက်ပေးမယ်ဆိုရင် အီရန်နဲ့ စစ်ပွဲကို ပြန်စဖို့ အသင့်ပဲလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးကလည်း ပြောပါတယ်။
ဒါ့အပြင် အီရန်ကို အမှောင်ခေတ်နဲ့ ကျောက်ခေတ်ဆီ ပြန်ရောက်သွားအောင် လုပ်ပစ်မယ်လို့လည်း ခြိမ်းခြောက်လိုက်ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) နဲ့ ဆက်နွှယ်နေတဲ့ Fars သတင်းဌာနရဲ့ ဖော်ပြချက်အရ ဟော်မုဇ် ရေလက်ကြားမှာ သင်္ဘောတွေဆီကနေ အီရန်က ကောက်ခံထားတဲ့ ဖြတ်သန်းခတွေကို လက်ခံရရှိပြီလို့ အီရန်ဗဟိုဘဏ်က ပြောပါတယ်။
ဒါဟာ ပထမဆုံးရရှိတဲ့ ဖြတ်သန်းခ ဝင်ငွေတွေကို ဗဟိုဘဏ်ထဲ အပ်နှံပြီးပြီလို့ အီရန် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဟာမစ်ရီဇာ ဟာဂျီ ဘာဘာယီက အစောပိုင်းမှာ ပြောကြားခဲ့ပြီးတဲ့နောက် ထွက်ပေါ်လာတဲ့ သတင်းဖြစ်ပါတယ်။
အဆိုပါငွေတွေကို ငွေသားနဲ့ အပ်နှံခဲ့တာလို့ ဗဟိုဘဏ်ကို ကိုးကားပြီး Fars သတင်းဌာနက ဖော်ပြပါတယ်။ ဒါပေမဲ့ ဘယ်သူက ဖြတ်သန်းခ ပေးဆောင်ခဲ့တာလဲ၊ ဘယ်လောက်အထိ ပေးခဲ့တာလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အဆိုပါရေလက်ကြားကို အသုံးပြုတဲ့အတွက် အီရန်ကို ဖြတ်သန်းခပေးတဲ့ဘယ်သင်္ဘောကိုမဆို ပစ်မှတ်ထား တိုက်ခိုက်မယ်လို့ အရင်က ခြိမ်းခြောက်ထားဖူးပါတယ်။
Ref – BBC