မြန်အောင် နဲ့ ဟင်္သာတ ခရိုင်ဘက်မှာ မိုးရွာနိုင်ခြေရှိနေ

အပူချိန်က ၃၈ – ၄၀ ကြားမှာဖြစ်နေတော့ မိုးဖွဲကျနိုင်တယ်ဆိုတဲ့ အခြေအနေကနေ မိုးသီးကြွေတာ၊ လေပြင်းတိုက်တာတွေ ဖြစ်လာနိုင်တယ်။ ဒါကို ဂရုစိုက်စေချင်တာပါ ”

၂၃၊ ဧပြီလ။

ဧရာဝတီတိုင်း မြောက်ပိုင်းဒေသဖြစ်တဲ့ မြန်အောင်ခရိုင်နဲ့ ဟင်္သာတခရိုင် တွေဘက်မှာ  မိုးတိမ်ဖြစ်ထွန်းမှုတွေရှိနေပြီး ယခု ၃ ရက်အတွင်းမှာ မိုးဖွဲကျနိုင်ချေရှိနေသလို အပူချိန်တွေလည်း မြင့်တက်နေတာကြောင့် မိုးတိမ်တောင်တွေနဲ့ မိုးရွာနိုင်ချေကို ဂရုစိုက်ဖို့ မိုးဇလပညာရှင်တွေက သတိပေးထားပါတယ်။

“ တခြားဒေသတွေလောက်တော့ စိုးရိမ်စရာမရှိပါဘူး။ မိုးရွာနိုင်တယ်ဆိုတာက မိုးဖွဲလေးတွေကျနိုင်တဲ့ ဒေသတွေရှိတယ်။ ဒါပေမယ့် အပူချိန်က ၃၈ – ၄၀ ကြားမှာဖြစ်နေတော့ မိုးဖွဲကျနိုင်တယ်ဆိုတဲ့ အခြေအနေကနေ မိုးသီးကြွေတာ၊ လေပြင်းတိုက်တာတွေ ဖြစ်လာနိုင်တယ်။ ဒါကို ဂရုစိုက်စေချင်တာပါ ” လို့ မြန်မာနိုင်ငံ မိုးဇလ ဌာနက ဝန်ထမ်းတဦးက ရှင်းပြပါတယ်။

အထူးသဖြင့် ဧရာဝတီတိုင်း မြောက်ဘက်ခြမ်းနဲ့ အနောက်မြောက်ဘက်ခြမ်းတွေမှာ အပူချိန်တွေ မြင့်တက်နေပြီး မိုးဖွဲကျနိုင်ချေရှိတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိအချိန်ဟာ မိုးကြိုကာလဖြစ်တာကြောင့် ပုံမှန်အားဖြင့် နွေနဲ့မိုး အကူးအပြောင်းမှာ ဖြစ်ပေါ်တတ်တဲ့ မိုးကြိုးပစ်တာ၊ လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေတာ၊ လျှပ်စီးလက်တာစတဲ့ ရာသီဥတုဖြစ်စဉ်တွေ ဖြစ်တတ်ပါတယ်။

“ မိုးလေဝသဖြစ်စဉ်ဆိုတာ ခန့်မှန်းလို့ပဲရတာပါ။ အတိအကျပြောလို့မရဘူး။ အဲ့တော့ ဒါတွေဖြစ်တတ်တယ် ဒီလိုမျိုးတွေဖြစ်လာရင် သတိထားဖို့လိုတယ်ပေါ့ ဒီလောက်ပဲ ပြောနိုင်ပါတယ် ” လို့ မိုးဇလ ဝန်ထမ်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာလည်း ဧရာဝတီတိုင်းအတွင်း မိုးသီးကြွေတာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်တချို့ ပျက်ဆီးခဲ့ရပါတယ်။