
ကီလိုမီတာ ၁,၂၀၀ ရှည်လျားပြီး အရှေ့ဘက်က ပင်လယ်ကွေ့နဲ့ အနောက်ဘက်က ပင်လယ်နီတို့ကို ဆက်သွယ်ထားတဲ့ ဆော်ဒီရဲ့Petroline ပိုက်လိုင်းကွန်ရက်ဟာ ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါသလို အခုစစ်ပွဲကာလမှာလည်း နိုင်ငံရဲ့ စီးပွားရေးအသက်သွေးကြော ဖြစ်နေပါတယ်။
၁၀၊ ဧပြီ။
ပြီးခဲ့တဲ့ အပတ်တွေအတွင်း ဆော်ဒီနိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အီရန်က တိုက်ခိုက်ခဲ့တာကြောင့် လူတဦး သေဆုံးခဲ့ရသလို ရေနံထုတ်လုပ်နိုင်စွမ်းကိုလည်း ထိခိုက်စေခဲ့တယ်လို့ ဆော်ဒီအာရေဗျက ဧပြီ ၉ ရက်၊ ကြာသပတေးနေ့မှာ ပြောပါတယ်။
“ဒီတိုက်ခိုက်မှုတွေဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှုနဲ့ သန့်စင်မှု လုပ်ငန်းတွေတင်မကဘဲ ရီယာဒ်မြို့၊အရှေ့ပိုင်းဒေသနဲ့ ယန်ဘူး စက်မှုမြို့တော်မှာရှိတဲ့ ရေနံဓာတုစက်ရုံတွေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကိုပါ ပစ်မှတ်ထားခဲ့တာပါ” လို့ စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတဦးက SPA သတင်းဌာနကို ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေကြောင့် ဆော်ဒီနိုင်ငံသားတဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့သလို အရေးကြီးတဲ့ စက်ရုံတွေမှာထုတ်လုပ်မှု လုပ်ငန်းစဉ်တွေ ရပ်တန့်သွားခဲ့တယ်လို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က အစ္စရေးနဲ့အမေရိကန်တို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ရာကနေ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဆော်ဒီနိုင်ငံထဲမှာ သေဆုံးသူအရေအတွက်ဟာ အခုဆိုရင် သုံးဦးအထိ ရှိလာခဲ့ပါပြီ။
တိုက်ခိုက်မှုဟာ အရှေ့အလယ်ပိုင်းနိုင်ငံတချို့ကိုလည်း ကူးစက်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေ အတွက် အခြေစိုက်စခန်းတွေအဖြစ် ခွင့်ပြုပေးထားတယ်လို့ အီရန်က စွပ်စွဲထားတဲ့ အစ္စရေးနဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို အီရန်ဘက်က ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာပါ။
အရှေ့နဲ့ အနောက်ကို ဆက်သွယ်ထားတဲ့ အဓိကရေနံပိုက်လိုင်းပေါ်က ရေနံစုပ်စက်ရုံတခု အတိုက်ခံခဲ့ရတာကြောင့် တရက်ကိုရေနံစည် ခုနစ်သိန်းလောက် စုပ်တင်နိုင်စွမ်း လျော့ကျသွားခဲ့တယ်လို့ ဆော်ဒီအာဏာပိုင်က အတည်ပြုပါတယ်။
ကီလိုမီတာ ၁,၂၀၀ ရှည်လျားပြီး အရှေ့ဘက်က ပင်လယ်ကွေ့နဲ့ အနောက်ဘက်က ပင်လယ်နီတို့ကို ဆက်သွယ်ထားတဲ့ ဆော်ဒီရဲ့Petroline ပိုက်လိုင်းကွန်ရက်ဟာ ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါသလို အခုစစ်ပွဲကာလမှာလည်း နိုင်ငံရဲ့ စီးပွားရေးအသက်သွေးကြော ဖြစ်နေပါတယ်။
အဆိုပါ ပိုက်လိုင်းဟာ တရက်ကို ရေနံစိမ်းစည်ပေါင်း ခုနစ်သန်းအထိ ပို့ဆောင်ပေးနိုင်ပါတယ်။ အရင်က ကမ္ဘာ့ရေနံစိမ်း ၂၀ရာခိုင်နှုန်းလောက် ဖြတ်သန်းသွားလာတဲ့ ဟော်မုဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့လိုက်ပြီးနောက်ပိုင်းမှာ နိုင်ငံတကာဈေးကွက်ကို ရေနံတင်ပို့နိုင်ဖို့အတွက် ဒီပိုက်လိုင်းက အတော်လေး အရေးပါလာခဲ့တာပါ။
ဒါ့အပြင် မာနီဖာနဲ့ ခူရိုက်စ် ထုတ်လုပ်ရေးစက်ရုံတွေလည်း ထိခိုက်ခဲ့လို့ တရက်ကို ရေနံစည် ခြောက်သိန်းလောက် ထုတ်လုပ်မှုလျော့ကျသွားခဲ့တယ်လို့ ဆော်ဒီအာဏာပိုင်က ပြောပါတယ်။ ကမ္ဘာ့အကြီးဆုံး ရေနံစိမ်းတင်ပို့သူဖြစ်တဲ့ ဆော်ဒီအာရေဗျဟာ ပုံမှန်အားဖြင့် တရက်ကို ရေနံစည် ၁၀ သန်းကျော် ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
တိုက်ခိုက်မှုတွေဟာ ဂျူဘေးလ်၊ ရတ်စ်တာနူရာ၊ ယန်ဘူးနဲ့ ရီယာဒ်မှာရှိတဲ့ ရေနံသန့်စင် စက်ရုံတွေကိုလည်း ပစ်မှတ်ထားခဲ့တာကြောင့် “ကမ္ဘာ့ဈေးကွက်ကို တင်ပို့နေတဲ့ ရေနံချော ထုတ်ကုန်တွေအပေါ် တိုက်ရိုက် သက်ရောက်မှု ရှိခဲ့ပါတယ်”လို့ တာဝန်ရှိသူက ဆိုပါတယ်။ ဒါ့အပြင် ဓာတ်ငွေ့ချက်လုပ်တဲ့ စက်ရုံတွေလည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
Ref – Reuters