
ဒီလိုပြင်ဆင်ဖို့ လုပ်နေတာက ဒီဂျစ်တယ် အခွင့်အရေး လှုပ်ရှားသူတွေနဲ့ လွတ်လပ်တဲ့ သတင်းဖန်တီးသူတွေကို စိုးရိမ်ထိတ်လန့်စေပါတယ်။
၁၀၊ ဧပြီ။
Facebook၊ Youtube နဲ့ X တို့လို ပလက်ဖောင်းတွေပေါ်က နာမည်ကျော်တွေ နဲ့ ပေါ့ဒ်ကတ်စ် ထုတ်လွှင့်သူတွေအပါအဝင် အွန်လိုင်းပေါ်က သတင်းတင်ဆက်သူ အများအပြားကိုပါ သူတို့ရဲ့ စည်းမျဉ်းဘောင်ထဲ ထည့်သွင်းဖို့ အိန္ဒိယအစိုးရကအပြောင်းအလဲတွေ လုပ်ဖို့ အဆိုပြုလိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ်က အိန္ဒိယ အီလက်ထရောနစ်နဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန (MeitY) က ဒီဂျစ်တယ်မီဒီယာတွေကို ထိန်းချုပ်တဲ့ IT စည်းမျဉ်းတွေကို ပြင်ဆင်ဖို့ အကြံပြုခဲ့ပါတယ်။ အဲဒီအထဲမှာ သတင်းဌာနအဖြစ် မှတ်ပုံတင်ထားသူတွေမဟုတ်ပေမဲ့ သတင်းနဲ့ လက်ရှိဖြစ်ရပ်တွေကို မျှဝေနေတဲ့ အသုံးပြုသူတွေကိုပါ လက်ရှိသတင်းမီဒီယာတွေ လိုက်နာရတဲ့ ကျင့်ဝတ်စည်းကမ်း ဘောင်ထဲ ထည့်သွင်းဖို့ ပါဝင်လာပါတယ်။
အဆိုပါ အချက်ဟာ လွတ်လပ်တဲ့ သတင်းထောက်တွေနဲ့ ပေါ့ဒ်ကတ်စ် လုပ်သူတွေအပါအဝင် သာမန်အသုံးပြုသူတွေ တင်တဲ့ သတင်းနဲ့ပတ်သက်တဲ့ ပို့စ်တွေအပေါ် အစိုးရက ပိုပြီး လုပ်ပိုင်ခွင့် အာဏာစက် သက်ရောက်လာစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။
ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေအနေနဲ့ အသုံးပြုသူတွေ တင်တဲ့ အကြောင်းအရာတွေအတွက် ဥပဒေကြောင်းအရ တာဝန်ယူရမှုကနေ ကင်းလွတ်ခွင့်ကို ဆက်ပြီး ရချင်တယ်ဆိုရင် အစိုးရရဲ့ အမိန့်နဲ့ လမ်းညွှန်ချက်တွေကို လိုက်နာရမယ်လို့ အစိုးရဘက်ကအဆိုပြုထားပါတယ်။
ဒီလိုပြင်ဆင်ဖို့ လုပ်နေတာက ဒီဂျစ်တယ် အခွင့်အရေး လှုပ်ရှားသူတွေနဲ့ လွတ်လပ်တဲ့ သတင်းဖန်တီးသူတွေကို စိုးရိမ်ထိတ်လန့်စေပါတယ်။ ဒါဟာ ဆိုရှယ်မီဒီယာပေါ်မှာ အစိုးရရဲ့ ဆင်ဆာဖြတ်တောက်မှုကို အပြည့်အဝနီးပါး လိုက်နာခိုင်းသလို ဖြစ်သွားနိုင်တယ်လို့ သူတို့က ဆိုပါတယ်။ ဒါ့အပြင် ဒီစည်းမျဉ်းတွေဟာ အစိုးရကို ဝေဖန်သူတွေနဲ့ သဘောထားကွဲလွဲသူတွေကို နှိပ်ကွပ်ဖို့အလွဲသုံးစား လုပ်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
အစိုးရဘက်ကတော့ အဆိုပါ ပြင်ဆင်ချက်တွေဟာ လက်ရှိ IT စည်းမျဉ်းတွေကို ပိုခိုင်မာစေမှာဖြစ်သလို သတင်းတု၊ အမုန်းစကားနဲ့ နည်းပညာသုံး ဗီဒီယိုအတုတွေကို တားဆီးပေးမှာပါလို့ ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ သဘောထားကိုဧပြီလ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ဖို့လည်း ဖိတ်ခေါ်ထားပါတယ်။ ဒါပေမဲ့ ဝေဖန်သူတွေကတော့ အစိုးရရဲ့ရည်ရွယ်ချက်အပေါ် သံသယရှိနေကြတုန်းပါပဲ။
Followers ခြောက်သန်းကျော်ရှိတဲ့ The Deshbhakt ယူကျုချန်နယ်ကို ထောင်ထားတဲ့ အာကတ်ရှ် ဘန်နာဂျီကတော့ ဒီစည်းမျဉ်းတွေဟာ ကြောက်ရွံ့မှုတွေကို ဖြစ်ပေါ်စေပြီး အကြောင်းအရာ ဖန်တီးသူတွေကို ကိုယ့်ဘာသာကိုယ် ဆင်ဆာပြန်ဖြတ်ရတဲ့အခြေအနေမျိုး ရောက်အောင် တွန်းပို့နေတယ်လို့ ဆိုပါတယ်။
“စိတ်ဝင်စားဖို့ကောင်းတာက အွန်လိုင်းအကြောင်းအရာတွေကို ထိန်းချုပ်တဲ့ ဥပဒေတွေ အများကြီးရှိနေပေမဲ့ နိုင်ငံထဲမှာ အမုန်းစကားတွေနဲ့ သတင်းတုတွေက လျော့မသွားဘူး။ တပြိုင်နက်တည်းမှာပဲ အစိုးရကို ဝေဖန်တဲ့ ပို့စ်တွေကျတော့ သရော်တာမျိုးပဲဖြစ်ဖြစ်၊ ပိုပြီး အပိတ်ခံရတာ၊ အဖယ်ရှားခံရတာတွေ ဖြစ်လာတယ်” လို့ သူက ပြောပါတယ်။ အာဏာပိုင်တွေကတော့ အဆိုပါ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့လက အိန္ဒိယ IT အက်ဥပဒေ ပုဒ်မ ၆၉-က အရ ထုတ်ပြန်တဲ့ အမိန့်အရ X ပလက်ဖောင်းဟာ အစိုးရကို သရော်စာတွေ ရေးလေ့ရှိတဲ့ အကောင့် ၁၂ ခုလောက်ကို ပိတ်ပစ်ခဲ့ပါတယ်။ Followers နှစ်သိန်းလေးသောင်းကျော်ရှိတဲ့ @Nehr_who? အကောင့်ပိုင်ရှင် ကူမာနာယန်ကတော့ သူ့အကောင့် အပိတ်ခံရတာနဲ့ ပတ်သက်ပြီး ကြိုတင်အကြောင်းကြားတာ ဒါမှမဟုတ် ရှင်းပြတာမျိုး ဘာမှမရခဲ့ဘူးလို့ BBC ကို ပြောပါတယ်။
အခုသီတင်းပတ်မှာ တရားရုံးအမိန့်နဲ့ သူ့အကောင့် ပြန်ပွင့်လာပေမဲ့ ပို့စ် ၁၀ ခုကတော့ အစိုးရခန့်အပ်ထားတဲ့ ကော်မတီက စစ်ဆေးဖို့ကျန်နေသေးလို့ အိန္ဒိယမှာ ပိတ်ထားတုန်းပဲလို့ သူကက ဆိုပါတယ်။ အဆိုပါ ပို့စ်တွေဟာ ဝန်ကြီးချုပ် မိုဒီကို လှောင်ပြောင်တာ ဒါမှမဟုတ် BJP အစိုးရကို ဝေဖန်တာတွေပဲ ဖြစ်တယ်လို့ BBC က တွေ့ရှိခဲ့ပါတယ်။
တပြိုင်နက်တည်းမှာပဲ မကြာသေးခင်က ထွက်ပေါ်လာတဲ့ အမေရိကန်အစိုးရရဲ့ အစီရင်ခံစာတခုမှာ ၂၀၂၁ ခုနှစ်ကတည်းက အမေရိကန် ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိပုံရတဲ့ အကြောင်းအရာတွေနဲ့ အကောင့်တွေကို ဖြုတ်ချပေးဖို့ တောင်းဆိုချက်တွေကို ပိုပြီး လက်ခံလာနေရတယ်လို့ ဖော်ပြထားပါတယ်။
Ref – BBC