
ထရမ့်အနေနဲ့ ဘယ်မီဒီယာ ဒါမှမဟုတ် ဘယ်သတင်းထောက်ကို ရည်ညွှန်းနေတာလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
၇၊ ဧပြီ။
အီရန်မှာ လေသူရဲတဦးကို ကယ်တင်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကို ပထမဆုံးဖော်ပြခဲ့တဲ့ သတင်းထောက်အနေနဲ့ အဆိုပါ သတင်းအချက်အလက်ကို ဘယ်လိုရခဲ့သလဲဆိုတာ ထုတ်ဖော်ပြောဖို့ တောင်းဆိုသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတနင်္လာနေ့မှာ ပြောလိုက်ပါတယ်။
တကယ်လို့ ငြင်းဆန်မယ်ဆိုရင်လည်း အဆိုပါ သတင်းထောက်ကို ထောင်ချမယ်လို့ ခြိမ်းခြောက်လိုက်ပါသေးတယ်။ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့ ထရမ့်ရဲ့ မှတ်ချက်တွေဟာ အစိုးရအဖွဲ့က သတင်းမီဒီယာတွေအပေါ် တိုက်ခိုက်မှု ပိုမိုပြင်းထန်လာတာကို ပြသနေတာပါ။
အမေရိကန်-အစ္စရေးနဲ့ အီရန်စစ်ပွဲအပေါ် မီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေဟာ သိပ်ကို အဆိုးမြင်လွန်းနေတယ်လို့ ပြီးခဲ့တဲ့အပတ်တွေအတွင်းမှာ သမ္မတက သူ့ရဲ့ လက်ထောက်တွေကို သီးသန့် ပြောဆိုခဲ့တာတွေ ရှိခဲ့သလို ထရမ့်နဲ့ သူ့ရဲ့မဟာမိတ်တွေကလည်း တချို့သတင်းဌာနတွေရဲ့ ရေးသားချက်တွေကို လူသိရှင်ကြား ဝေဖန်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က အီရန်နိုင်ငံထဲမှာ အမေရိကန် တိုက်လေယာဉ်တစင်း ပစ်ချခံခဲ့ရပြီးနောက်မှာတော့ လေယာဉ်ပေါ်ပါလာတဲ့ လေသူရဲနှစ်ဦးထဲက တဦးကို အမေရိကန် ကယ်ဆယ်ရေးတပ်ဖွဲ့တွေက အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပြီလို့ မီဒီယာတော်တော်များများက သတင်းဖော်ပြခဲ့ကြပါတယ်။
အဲဒီလို သတင်းထုတ်ပြန်လိုက်တာဟာ ဒုတိယမြောက် လေသူရဲကို ကယ်ဆယ်ဖို့ လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးရဲ့ လုံခြုံရေးကိုခြိမ်းခြောက်ရာ ရောက်တယ်လို့ ထရမ့်က ပြောပါတယ်။
ဒါပေမဲ့ နောက်ဆုံးမှာတော့ အဆိုပါ လေသူရဲကိုလည်း အောင်မြင်စွာကယ်တင်နိုင်ခဲ့ပါတယ်။
“ပထမလေသူရဲအကြောင်းကို ကျွန်တော်တို့ တနာရီလောက် ဘာမှမပြောဘဲ နေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တယောက်ယောက်က သတင်းပေါက်ကြားအောင် လုပ်ခဲ့တယ်၊ အဲဒီလို သတင်းပေးခဲ့တဲ့သူကို ကျွန်တော်တို့ ရှာတွေ့ဖို့ မျှော်လင့်ပါတယ်။သူက ဘယ်သူလဲဆိုတာကိုလည်း အပြင်းအထန် ရှာဖွေနေပါတယ်”လို့ ထရမ့်က ပြောပါတယ်။
“အဲဒီသတင်းကို ထုတ်ပြန်ခဲ့တဲ့ မီဒီယာကုမ္ပဏီဆီကို ကျွန်တော်တို့သွားပြီး ဒါဟာ နိုင်ငံတော်လုံခြုံရေးနဲ့ ဆိုင်တယ်၊ သတင်းရင်းမြစ်ကို ထုတ်ပြောမလား ဒါမှမဟုတ် ထောင်ကျခံမလားလို့ ပြောမှာပါ” လို့ သူက ဆိုပါတယ်။
ထရမ့်အနေနဲ့ ဘယ်မီဒီယာ ဒါမှမဟုတ် ဘယ်သတင်းထောက်ကို ရည်ညွှန်းနေတာလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ပထမလေသူရဲကို ကယ်တင်နိုင်တဲ့အကြောင်းကို New York Times၊ CBS News နဲ့ Axios အပါအဝင် မီဒီယာအတော်များများက အချိန်တိုအတွင်းမှာပဲ အပြိုင်အဆိုင် သတင်းဖော်ပြခဲ့ကြတာပါ။
ဘယ်သတင်းထောက်ကို ထရမ့်က ခြိမ်းခြောက်နေတာလဲလို့ မေးမြန်းတဲ့အခါမှာတော့ အိမ်ဖြူတော်ဘက်က ချက်ချင်း တုံ့ပြန်ဖြေကြားတာမျိုး မရှိသေးပါဘူး။
ဖက်ဒရယ် ဆက်သွယ်ရေး ကော်မရှင် (FCC) ဥက္ကဋ္ဌ ဘရန်ဒန်ကားရ်ကလည်း သတင်းမှားတွေကို ထုတ်လွှင့်တဲ့ ရုပ်သံဌာနတွေအနေနဲ့ လိုင်စင်သက်တမ်းတိုးရမယ့်အချိန် မရောက်ခင်မှာ လမ်းကြောင်းမှန်ပေါ် ပြန်တက်ဖို့ အခွင့်အရေးရှိတယ်လို့ ပြီးခဲ့တဲ့လက X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အဆိုပါ ရေးသားချက်နဲ့အတူ “သိက္ခာမရှိတဲ့ သတင်းစာတွေနဲ့ မီဒီယာတွေဟာ တကယ်တော့ ကျွန်တော်တို့ကို စစ်ရှုံးစေချင်နေတာ”လို့ ထရမ့်က Truth Social မှာ အစောပိုင်းက ရေးသားခဲ့တဲ့ ပို့စ်ရဲ့ စခရင်ရှော့ကိုလည်း ပူးတွဲဖော်ပြခဲ့ပါတယ်။
Ref – Reuters