
“သူဝန်ကြီးချုပ်ဖြစ်လာရင် မလွယ်ဘူး။ ဒီကောင်က လာဘ်စားတာ နာမည်ကြီးတယ်။ နာမည်ဆိုးတော်တော်ရှိ တယ်။ ပုသိမ်မှာဆို သူသိမ်းထားခဲ့တဲ့ မြေတွေ အများကြီးပဲ” လို့ အဲဒီအကြောင်းတွေ သိထားတဲ့ ပုသိမ်မြို့မှ ဒေသခံ တဦးက ပြောပါတယ်။
၆၊ ဧပြီ။
ဧရာ၀တီတိုင်းမှာ ထွေအုပ်တိုင်းမင်းကြီးလုပ်ခဲ့တဲ့ ဗိုလ်လောင်းသင်တန်းကျောင်းဆင်း ဦးအေးကျော်ကို တိုင်းဝန်ကြီး ချုပ်အဖြစ် စစ်ခေါင်းဆောင်က အမည်စာရင်းတင်သွင်းပြီး ဒီနေ့ကျင်းပတဲ့ ဧရာ၀တီတိုင်းလွှတ်တော်ကနေ အတည် ပြုခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
“ဥက္ကဌက အမည်စာရင်းတင်တယ်၊ အဲဒါကို လွှတ်တော်က အတည်ပြုလိုက်တယ်ပေါ့။ ကန့်ကွက်တာတွေတော့ မရှိဘူး” လို့ စစ်ကော်မရှင်ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ ဧရာ၀တီတိုင်းလွှတ်တော်မှာ တက်ရောက်နေတဲ့ လွှတ် တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။
ကနဦးမှာ လက်ရှိတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းကပဲ ဆက်ပြီး ဝန်ကြီးချုပ်ဖြစ်လာနိုင်တယ်လို့ မှန်းဆမှုတွေ ရှိခဲ့ပေမယ့်လည်း သူကိုယ်တိုင်စိတ်ကြိုက်စီစဉ်ထားတဲ့ ရွေးကောက်ပွဲရလဒ်၊ လွှတ်တော်အခင်းအကျင်းကနေ သမ္မတ ဖြစ်လာသူ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဦးအေးကျော်ကို တိုင်းဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်လာခဲ့ တာပါ။
“အခု ဦအေးကျော်လည်း နာမည်တော့ ထွက်ခဲ့တယ်။ ဒါပေမယ့် ဦးတင်မောင်ဝင်းဖြစ်မယ်လို့ပဲ ထင်နေခဲ့ကြတာ။ ကြားရတာတော့ ဦးတင်မောင်ဝင်းက ဝန်ကြီးချုပ်တဆက် လုပ်ပြီးပြီဆိုတော့ မယုံတော့လို့ ဦးအေးကျော်ကို ခန့်တာ ထင်တယ်။ ဝန်ကြီးချုပ်လုပ်ရဖို့ နှစ်ယောက် အပြိုင်အဆိုင် သွားကပ်ကြတာ၊ သွားဖားကြတာလည်း ကြားလိုက်ရသေးတယ်” လို့ ဧရာ၀တီတိုင်းအတွင်းက ရွေးကောက်ပွဲမှာ ဝင်ပြိုင်ပြီး အနိုင်မရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်းတဦးက ပြောပါတယ်။
ဦးအေးကျော်ဟာ ဆယ်တန်းအောင်ပြီးစ ၁၉၈၀ မှာ ဗိုလ်လောင်းသင်တန်း စတက်ခဲ့ပြီး စစ်တပ်ထဲမှာ တာဝန်ထမ်းခဲ့ကာ နောက်ပိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဆီ ပြောင်းလာပြီး ဧရာ၀တီတိုင်း ထွေအုပ် တိုင်းအုပ်ချုပ်ရေးမှူး (ဒုတိယ ညွန်ကြားရေးမှူးချုပ်)တာဝန်ကို ခြောက်နှစ်ကျော်ကြာ ယူခဲ့တယ်လို့ သိရပါတယ်။
သူဟာ တိုင်းအုပ်ချုပ်ရေးမှူး(တိုင်းမင်းကြီး)တာဝန်ယူခဲ့စဉ်က ပုသိမ်မြို့နယ်အပါအဝင် ဧရာ၀တီတိုင်းအတွင်း မြေ ယာကိစ္စ အရှုပ်အထွေးတွေ၊ လာဘ်စားတာတွေကြောင့် နာမည်ဆိုးထွက်ခဲ့ပြီး အမျိုးဘာသာ၊ သာသနာစောင့် ရှောက်ရေးဆိုတဲ့ မဘသ အမာခံတဦးလည်းဖြစ်တယ်လို့ သူ့အကြောင်း သိထားသူတွေက ပြောကြပါတယ်။
“သူဝန်ကြီးချုပ်ဖြစ်လာရင် မလွယ်ဘူး။ ဒီကောင်က လာဘ်စားတာ နာမည်ကြီးတယ်။ နာမည်ဆိုးတော်တော်ရှိ တယ်။ ပုသိမ်မှာဆို သူသိမ်းထားခဲ့တဲ့ မြေတွေ အများကြီးပဲ” လို့ အဲဒီအကြောင်းတွေ သိထားတဲ့ ပုသိမ်မြို့မှ ဒေသခံ တဦးက ပြောပါတယ်။
ကြံ့ခိုင်ရေးပါတီအစိုးရ၊ ဦးသိန်းစိန်လက်ထက်မှာ ဧရာ၀တီတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးတာဝန်ယူနေခဲ့တဲ့ ဦး အေးကျော်ဟာ ဦးသိန်းစိန်ရဲ့ နိုင်ငံတော်သမ္မတ ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်ခြင်းလည်း ခံခဲ့ရပါတယ်။ ပုသိမ်ဇာတိဖြစ်တဲ့သူဟာ အာဏာသိမ်းစစ်တပ်က ပြုလုပ်တဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ ပုသိမ်ဆန္ဒနယ်ကနေ ကြံ့ ခိုင်ရေးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တာပါ။
တိုင်းအစိုးရအဖွဲ့ဝန်ကြီးတွေကိုတော့ အခု ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ ဦးအေးကျော်က နိုင်ငံတော်သမ္မတဆီ ကနေတဆင့် တိုင်းလွှတ်တော်မှာ အမည်စာရင်းတင်သွင်းမှာဖြစ်ပြီး လွှတ်တော်က အတည်ပြုပေးရမှာဖြစ်ကာ သင်္ကြန်မတိုင်ခင် အပြီးခန့်အပ်လာနိုင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောထားကြပါတယ်။
တိုင်းအစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ကိုးခု၊ ဝန်ကြီး ကိုးယောက် ခန့်အပ်သွားမယ်လို့လည်း ဒီနေ့ ဧရာ၀တီတိုင်းလွှတ်တော်က ကြေငြာခဲ့ပါတယ်။
လွှတ်တော်ကို အမည်စာရင်းတင်သွင်းလာတဲ့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို အရည်အချင်း မပြည့် မီကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်၊ ပယ်ချနိုင်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်း ထားပေမယ့် စစ်အုပ်စု လွှမ်းမိုးထားတဲ့ အခုလွှတ်တော်မှာတော့ အဲဒါတွေ ဖြစ်လာမှာမဟုတ်ဘူးလို့ ဆိုကြပါတယ်။
“သဘောကျတာပဲဖြစ်ဖြစ်၊ သဘောမကျတာပဲဖြစ်ဖြစ် လက်ခံရမယ့် အနေအထားပဲ၊ ကြံ့ခိုင်ရေးနဲ့ စစ်တပ်သဘော တိုင်းပဲဖြစ်မှာ အကုန်လုံးက” လို့ အမည်မဖော်လို့သူ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောထားပါတယ်။
ထိုင်ခုံ ၇၂ နေရာရှိတဲ့ ဧရာ၀တီတိုင်းလွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၁၈ ဦး၊ ကြံ့ခိုင်ရေးပါတီမှ ၃၇ ဦး၊ တိုင်းရင်းသားစည်းလံးညီညွတ်ရေးပါတီမှ ၇ ဦး၊ ပြည်သူ့ပါတီမှ ၃ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ၃ ဦး၊ က ရင်ပြည်သူ့ပါတီမှ ၃ ဦး(ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတဦးပါဝင်)နဲ့ မြန်မာနိုင်ငံရေးတောင်သူလယ်သမားဖွံ့ ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦးတို့ အသီးသီး ထိုင်ခုံရကြမှာပါ။
ဒ့ါကြောင့် ဧရာ၀တီတိုင်းလွှတ်တော်ထဲက ထိုင်ခုံတွေကို ရေတွက်ကြည့်ရင် စစ်တပ်က ၂၅ ရာခိုင်နှုန်း၊ စစ်တပ် ကျောထောက်နောက်ခံ ပါတီတွေဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ တစညပါတီ (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) တို့ က ၆၁ ဒသမ ၃ ရာခိုင်နှုန်း၊ဖြစ်တဲ့အတွက် စုစုပေါင်း ၈၆ ဒသမ ၃ ရာခိုင်နှုန်းကို အသာစီးယူထားပြီး ကျန်ပါတီတွေ က ၁၃ ဒသမ ၇ ရာခိုင်နှုန်းစီ ထိုင်ခုံရကြမှာပါ။
ဧရာ၀တီတိုင်းထဲမှာ ဝင်ပြိုင်ခဲ့တဲ့ ရှမ်းနဲ့ တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ)၊ မြန်မာနိုင်ငံတောင်သူ လယ်သမားအလုပ်သမားပြည်သူ့ပါ တီတို့ကတော့ တိုင်းလွှတ်တော်ထဲ ထိုင်ခုံနေရာ တခုမှ မရကြပါဘူး။
ဒါ့ကြောင့် ဧရာ၀တီတိုင်းလွှတ်တော်ထဲမှာ စစ်တပ်နဲ့ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေး၊ တစညပါတီသုံးခုပေါင်း ထိုင်ခုံ ၆၂ (၈၆ ရာခိုင်နှုန်းကျော်) ခုံရမှာဖြစ်ပြီး တခြားပါတီတွေအားလုံးကတော့ ၁၃ ရာခိုင်နှုန်းကျော်ပဲ ရကြမှာပါ။ အာဏာသိမ်းစစ်ကော်မရှင်တပ်က စိတ်ကြိုက်စီစဉ်ကျင်းပခဲ့တာမို့ အဲဒီလို စစ်တပ်ပါတီ ကြံ့ခိုင်ရေးက နေရာအား လုံးနီးပါအနိုင်ရခဲ့တာဖြစ်ပြီး လွှတ်တော်ထဲမှာလည်း ပြည်သူ့အသံတွေကို ထပ်ဟင်စေဖို့ ခက်ခဲနိုင်တယ်လို့ ဒေသခံ ၊ နိုင်ငံရေးပါတီတွေနဲ့ လေ့လာသူတွေက ဝေဖန်ထားကြပါတယ်။