
အီရန်နိုင်ငံအပြင် အီရတ်၊ ဂျော်ဒန်၊ လက်ဘနွန်နဲ့ ဆီးရီးယားနိုင်ငံတွေမှာလည်း ပဋိပက္ခကြောင့် ထိခိုက်နေတဲ့ကျန်းမာရေးစနစ်တွေအတွက် အရေးပေါ်အကူအညီပေးဖို့ WHO က တောင်းဆိုနေတယ်လို့ တက်ဒရို့စ်က ဆိုပါတယ်။
၄၊ ဧပြီ။
တီဟီရန်မြို့က ဌာနတခု လေကြောင်းကနေ တိုက်ခိုက်ခံရပြီးတဲ့နောက် အီရန်နိုင်ငံမှာ ကျန်းမာရေးကဏ္ဍအပေါ်အကြိမ်ကြိမ် တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဧပြီ ၃ ရက်၊ သောကြာနေ့ မှာသတိပေးလိုက်ပါတယ်။
ဒါ့အပြင် ပိုမိုကျယ်ပြန့်လာတဲ့ ဒေသတွင်းပဋိပက္ခကြောင့် ထိခိုက်နေတဲ့ ကျန်းမာရေးစနစ်တွေကို ကူညီပေးဖို့အတွက်လည်း အရေးပေါ် ထုတ်ပြန်လိုက်ပါတယ်။
“အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတာနဲ့အမျှ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အီရန်မြို့တော် တီဟီရန်မှာ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ရှိခဲ့တယ်လို့ သတင်းရရှိထားပါတယ်”လို့ WHO အကြီးအကဲ တက်ဒရို့စ်က X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
မြို့တော်မှာရှိတဲ့ ပြည်သူ့ကျန်းမာရေးနဲ့ သုတေသနဗဟိုဌာနတခုဖြစ်တဲ့ Pasteur Institute ဟာ “ကြီးကြီးမားမားပျက်စီးသွားပြီး ကျန်းမာရေးဝန်ဆောင်မှုတွေ ဆက်မပေးနိုင်တော့ဘူး” လို့ သူက ပြောပါတယ်။ အဆိုပါ ဌာနဟာ WHO က အတည်ပြုထားတဲ့ တိုက်ခိုက်ခံရတဲ့ နေရာ ၂၀ ထဲက တခုလည်း ဖြစ်ပါတယ်။
အီရန်ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟိုစိန် ကာမန်ပါက အဆောက်အဦတခု အပြင်းအထန်ပျက်စီးနေပြီး အပိုင်းအစတချို့ အပျက်အစီးပုံ ဖြစ်နေတဲ့ ဓာတ်ပုံတွေကို ကြာသပတေးနေ့က X ပေါ်မှာ တင်ခဲ့ပါတယ်။
အီရန်နိုင်ငံရဲ့ ISNA သတင်းဌာနကတော့ အဆိုပါ တိုက်ခိုက်မှုတွေကြောင့် အီရန် Pasteur Institute ရဲ့ဝန်ဆောင်မှုတွေ ရပ်တန့်မသွားဘူးလို့ ဖော်ပြခဲ့ပြီး ကာကွယ်ဆေးနဲ့ သွေးရည်ကြည် ထုတ်လုပ်မှုတွေ ဆက်ရှိနေဦးမယ်လို့ ဆိုပါတယ်။
ပါရီမှာရှိတဲ့ မူရင်း Pasteur Institute နဲ့ တရားဝင် ဆက်နွှယ်မှုမရှိတဲ့ အီရန် Pasteur Institute ဟာ ၁၉၂၀ ပြည့်နှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အီရန်ရဲ့ သက်တမ်းအရှည်ဆုံး ဌာနတွေထဲက တခုဖြစ်ပါတယ်။
အဆိုပါ ဗဟိုဌာနဟာ “အရေးပေါ်အခြေအနေတွေ အပါအဝင် ပြည်သူ့ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ မြှင့်တင်ဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ” လို့ တက်ဒရို့စ်က ပြောပါတယ်။
အီရန်နိုင်ငံအပြင် အီရတ်၊ ဂျော်ဒန်၊ လက်ဘနွန်နဲ့ ဆီးရီးယားနိုင်ငံတွေမှာလည်း ပဋိပက္ခကြောင့် ထိခိုက်နေတဲ့ကျန်းမာရေးစနစ်တွေအတွက် အရေးပေါ်အကူအညီပေးဖို့ WHO က တောင်းဆိုနေတယ်လို့ တက်ဒရို့စ်က ဆိုပါတယ်။
စစ်ပွဲကြောင့် လူပေါင်း လေးသန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး လူပေါင်း ၃,၀၀၀ ကျော် သေဆုံးကာ ၃၀,၀၀၀ ကျော် ဒဏ်ရာရထားတယ်လို့လည်း သူက မှတ်ချက်ပြုပါတယ်။
မတ်လကနေ သြဂုတ်လအထိ ကာလအတွက် လိုအပ်တဲ့ အမေရိကန်ဒေါ်လာ ၃၀.၃ သန်း ရရှိဖို့ ပန်ကြားချက်ဟာ အခြေခံကျန်းမာရေးဝန်ဆောင်မှုတွေ၊ ဒဏ်ရာရသူတွေကို ကုသပေးတာတွေအပြင် ရောဂါစောင့်ကြည့်ရေး၊ ကြိုတင်သတိပေးစနစ်တွေ၊ လူအမြောက်အမြား ထိခိုက်မှုစီမံခန့်ခွဲတာတွေနဲ့ ဓာတု၊ ဇီဝ၊ရေဒီယိုသတ္တိကြွမှုနဲ့ နျူကလီးယား အရေးပေါ်အခြေအနေတွေကို ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်မှုတွေအတွက်အထောက်အကူဖြစ်စေမယ်လို့ တက်ဒရို့စ်က အသိပေးပါတယ်။
သက်ဆိုင်ရာနိုင်ငံတွေမှာ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှု ၁၁၆ ကြိမ်ရှိခဲ့တယ်လို့ WHO က အတည်ပြုထားပြီး အကျပ်အတည်းတွေ ပြင်းထန်လာတာကြောင့် ကူးစက်ရောဂါတွေ ပြန့်ပွားမယ့်အန္တရာယ်က သိသိသာသာ မြင့်တက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရေနံသိုလှောင်ကန်တွေ မီးလောင်တာ၊ အဖြူရောင်ဖော့စဖရပ် ဗုံးတွေနဲ့ တခြားလက်နက်တွေကြောင့်ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်တွေဟာ မိုးရွာသွန်းမှုနဲ့ ပေါင်းစပ်ပြီး ဓာတုလောင်ကျွမ်းတာနဲ့ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ထိခိုက်မှုတွေလိုမျိုး ရုတ်တရက် အန္တရာယ်တွေကို ဖြစ်စေနိုင်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
Ref – AFP