အီရန်စစ်ပွဲမှာ မပါဝင်နိုင်ကြောင်း ဂျာမနီ ပြတ်ပြတ်သားသား အသိပေး

ဥရောပခေါင်းဆောင်တွေဟာ သူတို့ကိုယ်တိုင်လည်း သေချာနားမလည်သလို၊ ပြည်သူတွေကလည်း သဘောမတူတဲ့ ခန့်မှန်းရခက်တဲ့ အဆိုပါ ပဋိပက္ခထဲကို မပါချင်တာကြောင့် အမေရိကန်-အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုမှာ တိုက်ရိုက်ပါဝင်ဖို့ ငြင်းဆန်ထားကြတာပါ။

၁၉၊ မတ်။

အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးကို အလေးထားတယ်လို့ ပြောလေ့ရှိတဲ့ ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ်အနေနဲ့ အခုသုံးနှုန်းလိုက်တဲ့ စကားလုံးတွေက ထူးထူးခြားခြားပြတ်သားလွန်းနေပါတယ်။

ကမ္ဘာ့စီးပွားရေးကို အကျပ်ရိုက်စေခဲ့တဲ့ ဟော်မုဇ် ရေလက်ကြား ပြန်ပွင့်လာစေဖို့ သင်္ဘောတွေစေလွှတ်ပြီး အီရန်ကို ဆန့်ကျင်တိုက်ခိုက်မယ့် ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှုမှာ ပါဝင်ဖို့ သမ္မတ ဒေါ်နယ်ထရမ့်က တောင်းဆိုတဲ့အခါ အမေရိကန်ရဲ့ အနီးကပ်ဆုံး မဟာမိတ်တချို့က ငြင်းပယ်လိုက်ကြပါတယ်။

အီရန်အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် ခြိမ်းခြောက်မှု မဖြစ်စေသင့်ဘူးဆိုတာကို သဘောတူပေမဲ့ အမေရိကန်-အစ္စရေး စစ်ပွဲနောက်ကွယ်က အကြောင်းပြချက်တွေကိုတော့ သံသယရှိတယ်လို့ ဝန်ကြီးချုပ် မာ့ဇ်က ဗုဒ္ဓဟူးနေ့မှာ ဂျာမန်လွှတ်တော်အမတ်တွေကို ပြောပါတယ်။

“ဒီနေ့အထိတော့ ဒီစစ်ဆင်ရေး ဘယ်လိုအောင်မြင်မလဲဆိုတာနဲ့ ပတ်သက်ပြီး ဆွဲဆောင်မှုရှိတဲ့ အစီအစဉ်မျိုးမရှိသေးပါဘူး။ ဝါရှင်တန်က ကျွန်တော်တို့နဲ့လည်း မတိုင်ပင်ခဲ့သလို ဥရောပရဲ့ အကူအညီ လိုအပ်တယ်လို့လည်း မပြောခဲ့ပါဘူး” လို့ သူက လွှတ်တော်အမတ်တွေကို ပြောခဲ့ပါတယ်။

“အခုလုပ်နေသလိုမျိုး လုပ်ဆောင်တာကိုတော့ ကျွန်တော်တို့က ကန့်ကွက်မှာပါ။ ဒါကြောင့် ဒီစစ်ပွဲဖြစ်နေသရွေ့တော့ ဟော်မုဇ်ရေလက်ကြားမှာ လွတ်လပ်စွာ သွားလာခွင့်ရဖို့အတွက် စစ်ရေးနည်းလမ်းနဲ့ ပါဝင်ဆောင်ရွက်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ကြေညာထားပါတယ်”လို့ ဆိုပါတယ်။

ဥရောပခေါင်းဆောင်တွေဟာ သူတို့ကိုယ်တိုင်လည်း သေချာနားမလည်သလို၊ ပြည်သူတွေကလည်း သဘောမတူတဲ့ ခန့်မှန်းရခက်တဲ့ အဆိုပါ ပဋိပက္ခထဲကို မပါချင်တာကြောင့် အမေရိကန်-အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုမှာ တိုက်ရိုက်ပါဝင်ဖို့ ငြင်းဆန်ထားကြတာပါ။

ယူကရိန်းစစ်ပွဲကနေ အခွန်အခဆိုင်ရာ အငြင်းပွားမှုတွေအထိ တင်းမာနေတဲ့ အတ္တလန္တိတ်ဖြတ်ကျော်ဆက်ဆံရေးမှာ ဘေးကနေ ကြည့်နေတာကပဲ အန္တရာယ်တွေကို လျှော့ချနိုင်လိမ့်မယ်လို့ သူတို့က တွက်ဆထားကြပါတယ်။

ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ်ကလည်း တနင်္လာနေ့မှာ သူ့အထက်လူကြီးအတိုင်းပဲပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။

“ဒါဟာ တို့တွေရဲ့ စစ်ပွဲမဟုတ်ဘူး၊ တို့တွေစတင်ခဲ့တာလည်း မဟုတ်ဘူး” လို့ ပြောပါတယ်။ ဂျာမနီရဲ့ရပ်တည်ချက်ကို ထပ်ဆင့်ပြီး ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကလည်း “ကျွန်တော်တို့ဟာ ဒီပဋိပက္ခမှာပါဝင်ပတ်သက်သူတွေ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

နေတိုးမဟာမိတ်တွေကို အပြစ်ပေးဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ အရိပ်အယောင် မပြပေမဲ့လည်း အီရန်စစ်ဆင်ရေးမှာ အမေရိကန်နဲ့ မပူးပေါင်းတာဟာ အရမ်းမိုက်မဲတဲ့ အမှားကို လုပ်မိတာပဲလို့ ထရမ့်က ပြောခဲ့ပါတယ်။

ဒါ့အပြင် ထရမ့်ဟာ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာကိုတော့ အထူးတလည် ပြစ်တင်ရှုံ့ချခဲ့ပြီး သူဟာ ဒုတိယကမ္ဘာစစ်တုန်းက ဗြိတိန်ခေါင်းဆောင် ဝင်စတန် ချာချီ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။

ဒါပေမဲ့ စတာမာနဲ့ တခြားခေါင်းဆောင်တွေဘက်မှာတော့ ပြည်သူ့သဘောထားရှိ နေပါတယ်။ လူထုစစ်တမ်းကောက်ယူရေးအဖွဲ့ YouGov ရဲ့ စစ်တမ်းအရ ဗြိတိန်နိုင်ငံသား ၄၉ ရာခိုင်နှုန်းက အဆိုပါ တိုက်ခိုက်မှုတွေကိုကန့်ကွက်ကြပြီး ၂၈ ရာခိုင်နှုန်းကပဲ ထောက်ခံကြပါတယ်။

Ref – Reuters