ထိုင်းမှာ PTT ကုမ္ပဏီက ဓာတ်ဆီဈေးကို ၁၅ရက်ကြာ ထိန်းထားပေးမယ်လို့ ထုတ်ပြန်

အခု လုပ်ဆောင်ချက်ဟာ အစိုးရရဲ့ မူဝါဒလမ်းစဉ်နဲ့အညီ အိမ်ထောင်စုတွေရဲ့ စွမ်းအင်အသုံးစရိတ်ကို လျှော့ချပေးဖို့ ရည်ရွယ်တာပါ။

၄၊ မတ်။

ထိုင်းအခြေစိုက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီလီမိတက်နဲ့  PTT  စက်သုံးဆီနဲ့ လက်လီလုပ်ငန်း (OR) တို့ဟာ တနိုင်ငံလုံးမှာရှိတဲ့ PTT ဆီဆိုင်တွေအားလုံးရှိ ဒီဇယ်နဲ့ ဓာတ်ဆီဈေးနှုန်းတွေကို မတ်လ ၄ ရက်နေ့ကစပြီး ၁၅ ရက်ကြာ ပုံသေ သတ်မှတ်ထားဖို့ သဘောတူလိုက်ပါတယ်။

ဒါ့အပြင် ယာဉ်မောင်းတွေအနေနဲ့ ဆီတွေကို ဂါလန်ပုံးတွေ ဒါမှမဟုတ် တခြားသယ်ဆောင်ရလွယ်တဲ့ ပုံးတွေထဲကို ဖြည့်တင်းတာမျိုး မလုပ်ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်က ဒီဇယ်ဈေးကို တလီတာ ၂၉.၉၄ ဘတ်မှာပဲ ကန့်သတ်ထားဖို့ အဓိကထားတာ ဖြစ်ပေမဲ့ PTT ရဲ့ထုတ်ပြန်ချက်မှာတော့ ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းစဉ်ကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားအောင် ဂတ်ဆိုဟောကိုပါ ၁၅ရက်ကြာ ဈေးမတက်အောင် ထိန်းချုပ်ပေးဖို့ ထည့်သွင်းထားပါတယ်။

အခု လုပ်ဆောင်ချက်ဟာ အစိုးရရဲ့ မူဝါဒလမ်းစဉ်နဲ့အညီ အိမ်ထောင်စုတွေရဲ့ စွမ်းအင်အသုံးစရိတ်ကို လျှော့ချပေးဖို့ ရည်ရွယ်တာပါ။ တဘက်မှာလည်း ကမ္ဘာ့လောင်စာဆီ ထောက်ပံ့မှု အခက်အခဲတွေ ရှိနေတဲ့ကြားက ဆီလုံလုံလောက်လောက် ရှိနေဖို့နဲ့ မျှမျှတတ ဖြန့်ဖြူးပေးနိုင်ဖို့အတွက်လည်း ဖြစ်ပါတယ်။

ကားတွေ၊ ကုန်တင်ကားတွေနဲ့ လုပ်ငန်းသုံးယာဉ်တွေအတွက် ဆီဖြည့်တဲ့ ဝန်ဆောင်မှုတွေကိုတော့ ပုံမှန်အတိုင်း ဆက်လုပ်ပေးသွားမှာဖြစ်သလို ပရိုမိုးရှင်းတွေနဲ့ ဝယ်ယူသူတွေရရှိမယ့် အကျိုးခံစားခွင့်တွေအားလုံးလည်း ဆက်ရှိနေမှာပါ။

အခုလို ဈေးနှုန်းထိန်းချုပ်တာဟာ OR နဲ့ ပူးပေါင်းပြီး လုပ်ဆောင်တဲ့ ရေတိုစီမံချက်ဖြစ်ပြီး ကုန်ကျစရိတ်တွေ လျှော့ချဖို့ အစိုးရရဲ့ ကြိုးပမ်းမှုကို ဝိုင်းဝန်းကူညီပေးတာလို့ PTT က ပြောပါတယ်။

ကုမ္ပဏီရဲ့ စီးပွားရေး အခြေခံအုတ်မြစ်ဟာ ခိုင်ခိုင်မာမာရှိနေသလို ရေရှည်တည်တံ့ရေး မဟာဗျူဟာရဲ့ တစိတ်တပိုင်းအနေနဲ့စီးပွားရေးအကျိုးအမြတ်နဲ့ လူမှုရေးဆိုင်ရာ တာဝန်ယူမှုတို့ကြားမှာ မျှတအောင် ဆက်ပြီး လုပ်ဆောင်သွားမယ်လို့လည်းထပ်လောင်း ပြောကြားထားပါတယ်။

Ref – Khaosod English