
အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ မြန်မာနဲ့ ဆူဒန်နိုင်ငံသားတွေအတွက် ကျောင်းသားဗီဇာတွေကို ရပ်ဆိုင်းလိုက်သလို အာဖဂန်နိုင်ငံသားတွေအတွက် အလုပ်ဗီဇာတွေကိုလည်း ပိတ်ပင်လိုက်ပါတယ်။
၄၊ မတ်။
ဗြိတိန်အစိုးရဟာ နိုင်ငံလေးနိုင်ငံက နိုင်ငံသားတွေအတွက် ပေးအပ်နေတဲ့ ကျောင်းသားဗီဇာတွေကို အရေးပေါ် ရပ်တန့်လိုက်ပါတယ်။
အဆိုပါ နိုင်ငံသားတွေဟာ ဗြိတိန်ရဲ့ ရက်ရောမှုကို အခွင့်ကောင်းယူပြီး ခိုလှုံခွင့်တောင်းဖို့ ကြိုးစားနေကြတယ်လို့ ပြည်ထဲရေးဝန်ကြီး ရှာဘာနာ မာမွတ်က စွပ်စွဲခဲ့ပြီးနောက် အစိုးရအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံလေးနိုင်ငံက နိုင်ငံသားတွေအတွက်ဗီဇာတွေကို အရေးပေါ် ရပ်တန့်လိုက်တာ ဖြစ်ပါတယ်။
အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ မြန်မာနဲ့ ဆူဒန်နိုင်ငံသားတွေအတွက် ကျောင်းသားဗီဇာတွေကို ရပ်ဆိုင်းလိုက်သလို အာဖဂန်နိုင်ငံသားတွေအတွက် အလုပ်ဗီဇာတွေကိုလည်း ပိတ်ပင်လိုက်ပါတယ်။
အဆိုပါ နိုင်ငံတွေက လာတဲ့သူတွေဟာ ဗြိတိန်မှာ ခိုလှုံခွင့်တောင်းဖို့အတွက် တရားဝင် ဝင်ရောက်တဲ့ လမ်းကြောင်းတွေကိုနောက်ဖေးပေါက်လိုမျိုး အသုံးချနေကြတာ ပိုများလာတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
မာမွတ်က အင်္ဂါနေ့မှာ “ဗြိတိန်ဟာ စစ်ပွဲနဲ့ ဖိနှိပ်မှုတွေကနေ ထွက်ပြေးလာသူတွေကို အမြဲတမ်း ခိုလှုံခွင့် ပေးသွားမှာပါ။ ဒါပေမဲ့ကျွန်မတို့ရဲ့ ဗီဇာစနစ်ကိုတော့ အလွဲသုံးစား အလုပ်မခံနိုင်ပါဘူး” လို့ ပြောပါတယ်။
“ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ ရက်ရောမှုကို အခွင့်ကောင်းယူချင်တဲ့သူတွေကို ဗီဇာငြင်းပယ်ဖို့ မကြုံစဖူး ဆုံးဖြတ်ချက်ကို ချမှတ်ရတာပါ။ ကျွန်မတို့ရဲ့ နယ်စပ်တွေမှာ စနစ်တကျ ရှိစေဖို့နဲ့ ထိန်းချုပ်နိုင်ဖို့ ပြန်လုပ်သွားမှာပါ” လို့ သူက ဆိုပါတယ်။
ပြည်ထဲရေးဌာနရဲ့ ကိန်းဂဏန်းတွေအရ ၂၀၂၅ ခုနှစ်မှာ ခိုလှုံခွင့်တောင်းတဲ့ လူတသိန်းထဲက ၃၉ ရာခိုင်နှုန်းဟာ ကျောင်းသားဗီဇာလိုမျိုး တရားဝင်လမ်းကြောင်းကနေ ဗြိတိန်ကို ရောက်ရှိလာပြီးမှ ခိုလှုံခွင့်တောင်းခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း ခိုလှုံခွင့်တောင်းခံမှုတွေ မြင့်တက်လာတဲ့အထဲမှာ အာဖဂန်၊ ကင်မရွန်း၊မြန်မာနဲ့ ဆူဒန်က ကျောင်းသားတွေရဲ့ လျှောက်ထားမှုတွေဟာ အများဆုံးဖြစ်တယ်လို့ ပြည်ထဲရေးဌာနက ပြောပါတယ်။
အခု ဗီဇာပိတ်ပင်မှုကို လာမယ့် ကြာသပတေးနေ့မှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေစည်းမျဉ်းတွေ ပြောင်းလဲပြီး တရားဝင် စတင်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း အန်ဂိုလာ၊ နမီးဘီးယားနဲ့ ကွန်ဂိုနိုင်ငံတွေက သူတို့နိုင်ငံသားတွေကို ဗြိတိန်ကနေ ပြန်လည်လက်ခံဖို့ သဘောမတူရင် ဗီဇာတွေ အားလုံးကို အလားတူ ပိတ်ပစ်မယ်လို့ မာမွတ်က ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
ဒီလိုလုပ်ခဲ့တာကြောင့် အဲဒီသုံးနိုင်ငံလုံးနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ ရခဲ့ပြီး လူတွေကို လေယာဉ်နဲ့ပြည်နှင်ဒဏ်ပေး ပြန်ပို့နိုင်ခဲ့ပါတယ်။
အခု အပတ်ကစပြီး ဒုက္ခသည်တိုင်းကို သူတို့ရဲ့ အဆင့်အတန်းဟာ ယာယီသာဖြစ်ပြီး ၃၀ လပဲ သက်တမ်းရှိမယ်လို့ ကြေညာထားပြီးဖြစ်သလို ကြာသပတေးနေ့ မိန့်ခွန်းမှာလည်း ဗြိတိန်ရဲ့ ခိုလှုံခွင့်စနစ်ကို ပိုမိုတင်းကျပ်မယ့် အစီအစဉ်တွေကို မာမွတ်က တင်ပြသွားဖို့ ရှိပါတယ်။
ဗြိတိန်အစိုးရက ဘေးကင်းတယ်လို့ သတ်မှတ်ထားတဲ့ နိုင်ငံတွေကနေ လာရောက်လျှောက်ထားသူတွေကိုတော့ အခုကစပြီးနေရပ်ပြန်ကြဖို့ မျှော်လင့်ထားရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က ဂေါ်တန်နဲ့ ဒန်တန် မဲဆန္ဒနယ်မြေက ကြားဖြတ်ရွေးကောက်ပွဲမှာ လေဘာပါတီက တတိယနေရာပဲ ရခဲ့ပြီးနောက် ကီးယား စတာမာရဲ့ အစိုးရအနေနဲ့ ပိုပြီး တိုးတက်တဲ့ မူဝါဒတွေဘက် ပြောင်းလဲဖို့ လေဘာအမတ်တချို့နဲ့ သမဂ္ဂတွေက တောင်းဆိုနေကြတဲ့ ကြားကပဲ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။