အီရန်က မိန်းကလေး စာသင်ကျောင်း တိုက်ခိုက်ခံရမှုအပေါ် စုံစမ်းစစ်ဆေးဖို့ ကုလတောင်းဆို

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကတော့ အမေရိကန်တပ်ဖွဲ့တွေဟာ “စာသင်ကျောင်းကို တမင်သက်သက်ပစ်မှတ်ထားမှာ မဟုတ်ဘူး” လို့ တနင်္လာနေ့မှာ ပြောထားပါတယ်။

၄၊ မတ်။

အီရန်နိုင်ငံမှာရှိတဲ့ မိန်းကလေးကျောင်းတကျောင်းကို တိုက်ခိုက်လို့ သေကျေပျက်စီးမှုတွေ ရှိခဲ့တာနဲ့ ပတ်သက်ပြီး အဆိုပါ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့နဲ့ အချက်အလက်တွေကို မျှဝေပေးဖို့ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက အင်္ဂါနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ဒါပေမဲ့ အဆိုပါ တိုက်ခိုက်မှုအတွက် ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာကိုတော့ ကုလသမဂ္ဂဘက်က ထည့်သွင်းပြောကြားခြင်း မရှိပါဘူး။

“ဒီတိုက်ခိုက်မှုရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မြန်ဆန်ဆန်၊ ဘက်လိုက်မှုမရှိဘဲ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး (ဗော်လ်ကာတာ့ခ်) က တောင်းဆိုထားပါတယ်။ ဒါကို စုံစမ်းစစ်ဆေးဖို့ တာဝန်ကတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ အဖွဲ့အစည်းတွေမှာပဲ ရှိပါတယ်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောရေးဆိုခွင့်ရှိသူရာဗီနာ ရှမ်ဒါဆာနီက ဂျီနီဗာ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

“ဒါဟာ တကယ်ကို ကြောက်စရာကောင်းတဲ့ လုပ်ရပ်ပါပဲ” လို့ ရှမ်ဒါဆာနီက ဆိုပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ပုံရိပ်တွေဟာ “ဒီပဋိပက္ခရဲ့ ဖျက်ဆီးမှု၊ မျှော်လင့်ချက်ကင်းမဲ့မှု၊ အဓိပ္ပာယ်မဲ့မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို” ဖော်ပြနေတယ်လို့လည်း သူက ထပ်လောင်းပြောပါတယ်။

မဟာမင်းကြီး တာ့ခ်အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့နဲ့ ဆွေးနွေးပွဲစားပွဲဝိုင်းဆီ ပြန်လာကြဖို့ကိုလည်း တိုက်တွန်းထားတယ်လို့ သူက ဆိုပါတယ်။

အီရန်တောင်ပိုင်းက အဆိုပါကျောင်းဟာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်နိုင်ငံကို စတင်တိုက်ခိုက်တဲ့ စနေနေ့မှာတင် ထိမှန်ခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကတော့ အမေရိကန်တပ်ဖွဲ့တွေဟာ “စာသင်ကျောင်းကို တမင်သက်သက်ပစ်မှတ်ထားမှာ မဟုတ်ဘူး” လို့ တနင်္လာနေ့မှာ ပြောထားပါတယ်။

အစ္စရေးဘက်ကလည်း အဆိုပါ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီး အလီဘာရီနီကတော့ တိုက်ခိုက်မှုဟာ “ဆင်ခြေပေးလို့မရတဲ့ရာဇဝတ်မှု” ဖြစ်တယ်လို့ မတ်လ ၁ ရက်နေ့ ရက်စွဲနဲ့ ပေးပို့တဲ့စာမှာ ဖော်ပြပြီး မဟာမင်းကြီး တာ့ခ်ဆီကို အရင်ကတည်းကတင်ပြထားခဲ့ပါတယ်။

တိုက်ခိုက်မှုကြောင့် ကျောင်းသား ၁၅၀ သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု မြောက်၊ မမြောက် ဆုံးဖြတ်နိုင်ဖို့အတွက် မဟာမင်းကြီးရုံးမှာ လုံလောက်တဲ့အချက်အလက်တွေ မရှိသေးဘူးလို့ ရှမ်ဒါဆာနီက ပြောကြားထားပါတယ်။

Ref : Reuters